CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇

ရွေးကောက်ပွဲ ကျင်းပပြီး လွှတ်တော်ထဲ၌ ရှိရမည့် ကိုယ်စားလှယ်ဦးရေ မပြည့်မီ၍ ဒုတိယအကြိမ် လွှတ်တော် ခေါ်မည်ဆိုပါက လက်ရှိတွင် နိုင်ငံကိုအုပ်ချုပ်နေသူအတွက် ဂုဏ်သိက္ခာ ကျဆင်းနိုင်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် လာမည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းဦးရေ ပြည့်မီအောင် လက်ရှိ နိုင်ငံကို အုပ်ချုပ်နေသူ များအနေဖြင့် ကြိုးစားကြမည့် အနေအထားရှိကြောင်း ၎င်းက ပြောသည်။

စိုင်းဋ္ဌေးအောင်က “အခုနိုင်ငံရေး အခြေအနေအရတော့ ရွေးကောက်ပွဲက ကိုယ်စားလှယ်လောင်းတော့ ပြည့် အောင် သူတို့ ကြိုးစားသွားမှာပါ။ ကျနော့် အမြင်ကို ပြောတာလေ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်စားလှယ် ပြည့်မှပဲ လွှတ်တော် ခေါ်နိုင်မှာဆိုတဲ့ အခါကြတော့ ဒုတိယအကြိမ် လွှတ်တော်ခေါ်ရရင် သူ့ရဲ့ဂုဏ်သိက္ခာလည်း သိပ်မရှိနိုင် ဘူးလေ။ သူ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းတဲ့အနေနဲ့ ကိုယ်စားလှယ်လောင်း ပြည့်အောင်တော့ သူလုပ်သွားလိမ့်မယ်လို့ တော့ ကျနော့် အနေနဲ့ မြင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံအရ ကိုယ်စားလှယ်လောင်းက ၂၅ ရာခိုင်နှုန်း က တပ်မတော် ရှိထားပြီလေ။ ထက်ဝက်ကျော် တက်ပြီဆိုရင်တော့ အထမြောက်ပြီလို့ ပြောထားတဲ့ အခါကြတော့ ထက်ဝက်ကျော်ကျော်လောက်ပဲ ရွေးကောက်ပွဲ လုပ်ရမှာပေါ့။ အဲဒီလောက်ကတော့ လုပ်နိုင်ပါတယ်။ ကြေညာ ထားတာကလည်း ၂၆၇ မြို့နယ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတဲ့ အတွက်ကြောင့်မို့လို့  တစ်ဝက် မကဘူးလေ အဲဒါ” ဟု ပြောသည်။
ရွေးကောက်ပွဲ ကျင်းပပြီးနောက် ပထမဆုံးအကြိမ် ပြည်ထောင်စုလွှတ်တော် ခေါ်ယူရာတွင် လွှတ်တော် ကိုယ်စားလှယ်ဦးရေ ၆၆၄ ဦး ရှိရမည်ဖြစ်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ထက်ဝက်ကျော် ဦးရေ တက်ရောက်ပါက အစည်းအဝေး အထမြောက်သည်။

လွှတ်တော် ကိုယ်စားလှယ်လောင်း အရေအတွက်ကို ပြသထားစဉ်

ထိုသို့ ပထမဆုံး လွှတ်တော်အစည်းအဝေး အထမြောက်ရန် ကိုယ်စားလှယ်ဦးရေ ၅၀ ရာခိုင်နှုန်း လိုအပ်ပြီး  တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိထားပြီးဖြစ်၍ ကျန် ၂၅ ရာခိုင်နှုန်းသော လွှတ်တော် ကိုယ်စားလှယ် ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထမြောက်အောင် ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်။

လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ကျင်းပမည့် ရွေးကောက်ပွဲသည် အမည်ခံသာဖြစ်ကြောင်း၊ လွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေသောကြောင့် မည်သည့် နည်းလမ်းဖြင့်မဆို လွှတ်တော် အထမြောက်နိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ရစဉ်

၎င်းက “ရွေးကောက်ပွဲကတော့ အမည်ခံလုပ်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်မှာ ပထမအကြိမ် အစည်းအဝေး ခေါ်တဲ့အချိန်မှာ တစ်ဝက်ကျော်ရမယ်။ တစ်ဝက်မကျော်ရင် ဒုတိယအကြိမ်ခေါ်မယ်၊ ဒုတိယ အကြိမ်မှာ ၃ ပုံ ၁ ပုံ ရှိလို့ရှိရင် အထမြောက်တယ်ဆိုတဲ့ အခါကြတော့ အခုလောလောဆယ်မှာ ၂၅ ရာခိုင်နှုန်းက စစ်တပ်က ဖြစ်နေပြီဆိုတဲ့ အခါကြတော့ တပ်ကမဟုတ်တဲ့ ပုဂ္ဂိုလ်တွေရွေးဖို့က ၈ ရာခိုင်နှုန်း ကျော်ကျော်ပဲ ရှိ တယ်။ ဒါဟာ ဘယ်နည်းနဲ့မဆို လုပ်နိုင်မယ်လို့ မြင်ကြပါတယ်။ နောက်တစ်ခုကလည်း ဥပမာ ပြည်နယ်တွေ၊ တိုင်းတွေကို ကြည့်မယ်ဆိုရင်လည်း တပ်မတော် ဘက်ကနေပြီးတော့မှ ၃ ပုံ ၁ ပုံ ပါဝင်ပြီးသား ဖြစ်တဲ့အတွက် ကြောင့်မို့လို့ ယုတ်စွအဆုံး ရွေးကောက်ပွဲ မဖြစ်တာတောင်မှ သူက အလိုလို အထမြောက်ပြီးသား ဖြစ်တယ်လို့ ဝေဖန်တာရှိပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  အစိုးရမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်မှ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေကြေညာခဲ့သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်များ ကျင်းပနိုင်ခြင်းမရှိဘဲ ရပ်နားထားသည်မှာ ယနေ့အထိပင် ဖြစ်သည်။