CNI International News

ဖနွမ်ပင်၊ ဇူလိုင် ၁၇

ကမ္ဘောဒီးယားအာဏာပိုင်များသည် နိုင်ငံအတွင်း ကျားဖြန့်စင်တာများကို ဝင်ရောက်စီးနင်းခဲ့ရာ ဗီယက်နမ် နိုင်ငံသား ၂၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။

အရှေ့တောင်အာရှသည် ကျားဖြန့်စင်တာများ၏ ဗဟိုချက် တစ်ခုဖြစ်လာကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ သည်။

ထိုကျားဖြန့် လုပ်ငန်းများသည် တစ်နှစ်လျှင် ဒေါ်လာ ၄၀ ဘီလျံကို လိမ်ညာရရှိနေကြကြောင်း ခန့်မှန်းထုတ်ပြန် ခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet) သည် ဇူလိုင် ၁၅ ရက်က ညွှန်ကြားချက်တစ်ခု ထုတ်ပြန်ခဲ့ ပြီး ကျားဖြန့်များကို ဖမ်းဆီးနှိမ်နင်းရန် တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် စစ်တပ်အား အမိန့်ပေးခဲ့သည်။

ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းနိုင်ခြင်း မရှိပါက ရာထူးမှ ထုတ်ပယ်မည်ဟုလည်း ရဲအရာရှိများနှင့် စစ်တပ် အရာရှိများကို ဟွန်မာနက်က သတိပေးခဲ့သည်။

 

 ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကို တွေ့ရစဉ်

ရဲတပ်ဖွဲ့သည် ဇူလိုင် ၁၄ ရက်နှင့် ၁၅ ရက်များတွင် ဖနွမ်ပင် (Phnom Penh) မြို့တော်ရှိ အဆောက်အအုံ ၂ လုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး ဗီယက်နမ်နိုင်ငံသား ၁၄၉ ဦး၊ တရုတ်နိုင်ငံသား ၃ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၈၅ ဦးကို ဖမ်းဆီးခဲ့သည်။

ထို့ပြင် ဇူလိုင် ၁၅ ရက်က သီဟနွတ်ဗေးလ် (Sihanoukville) မြို့တွင်လည်း နေရာ ၄ ခုကို ဝင်ရောက်စီးနင်းရာ တွင် ဗီယက်နမ်နိုင်ငံသား ၆၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ကျားဖြန့်စင်တာပေါင်း ၅၃ ခုထက်မနည်းရှိပြီး လူမှောင်ခိုကူးခြင်း၊ အဓမ္မအလုပ်စေခိုင်း ခြင်း၊ ကလေး လုပ်သားများ ထားရှိခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ကျွန်ပြုခြင်းတို့ လုပ်ဆောင်နေသည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြခဲ့သည်။

မတ်လ အတွင်းကလည်း ကမ္ဘောဒီးယားသည် ပွိုင်ပက် (Poipet) မြို့ရှိ ကျားဖြန့်စင်တာများကို ဝင်ရောက်စီးနင်းခဲ့ ချိန်တွင် ပြည်ပနိုင်ငံသား ၂၃၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အနက် ထိုင်းနိုင်ငံသား ၁၁၉ ဦးကို ထိုင်းနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံရှိ ကျားဖြန့်စင်တာများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ဆိုးဆိုးရွားရွား ဖြစ်ပွားနေ ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြီးခဲ့သည့် လအတွင်းက ထုတ်ပြန်ခဲ့သည်။

Source: CAN