CNI Interview

၂၀၂၆ ခုနှစ်၊ ဧပြီ ၃

မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့်နေခြင်းနှင့်အတူ တရားဥပဒေ စိုးမိုးမှု အားနည်းနေသလို လုံခြုံရေး အာမခံချက်များလည်း အားနည်းလျက်ရှိနေသည်။

ထို့နောက် ပြည်သူလူထုသည် လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်း စသဖြင့် ခရီးသွားလာသည့်အခါမှာ လုံခြုံ ရေးအရ မှတ်ပုံတင်များ ထုတ်ပြ၍ စစ်ဆေး ကြပ်မတ်မှုများ ခံကြရသည်။

သို့သော် တချို့သော အာဏာပိုင် အဖွဲ့အစည်းများသည် မှတ်ပုံတင်တွင် အသက်(၁၈-၃၀-၄၅)နှစ်ပြည့်လျှင် လဲလှယ်ရမည်ဟု ရေးသားထားကို အကြောင်းပြ၍ မိမိအသက်နှင့် နှိုင်းယှဉ်ကာ မှတ်ပုံတင် အသစ် လဲလှယ်မထား ဘူးဟု အကြောင်းပြပြီး ငွေ‌ကြေးတောင်းခံခြင်းနှင့် ခရီးကြန့်ကြာအောင် လုပ်ဆောင်ခြင်းများ ရှိနေသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

မေး ။        ။ မှတ်ပုံတင်တွေကို မဖြစ်မနေ ပြန်လည် လဲလှယ်ရမယ်လို့ လဝက, ကနေ တရားဝင် ထုတ်ပြန် ကြေညာထားခြင်း ရှိ/မရှိ သိလိုပါတယ်။

ဖြေ ။        ။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပ‌ဒေအရ အသက်(၁၀)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား၊ အသက် (၁၈) နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ထုတ်ပေးလျက်ရှိပါတယ်။

အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ကိုင်ဆောင်တဲ့သူသည် အသက်(၁၈)နှစ်ပြည့်လျှင်ဖြစ်စေ၊ အသက်(၃၀)နှစ်ပြည့်လျှင်ဖြစ်စေ၊ အသက်(၄၅)နှစ်ပြည့်လျှင်ဖြစ်စေ လဲလှယ်ကိုင်ဆောင်ရမယ်လို့ မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာ ပါရှိပါတယ်။ 

ပြည်သူတွေအနေနဲ့ အသက်(၁၈)နှစ်ပြည့်၊ အသက်(၃၀)နှစ်ပြည့်၊ အသက်(၄၅)နှစ်ပြည့် လဲလှယ်ပေးဖို့ လျှောက် ထားလာရင် လဲလှယ်ပေးပါတယ်။ မဖြစ်မနေ လဲရမယ်လို့ ပြဋ္ဌာန်းချက် မရှိသလို စိစစ်ပြီး လဲလှယ်ဖို့ ပြောကြားရန် လုံခြုံရေးစိစစ်တဲ့ အဖွဲ့တွေကို ညွှန်ကြားထားခြင်း မရှိကြောင်း ရှင်းပြလိုပါတယ်။

ဝန်ကြီးဌာန ဖြေကြားချက်ကိုတွေ့ရစဉ် 

မေး ။       ။ မှတ်ပုံတင် အသက်(၃၀)ပြည့်ပါက အသစ်လဲလှယ်ရမယ်လို့ ဖော်ပြထားပါတယ်။ သို့သော် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေ အရပ်ရပ်ကြောင့် လဝကရုံးတွေ မဖွင့်နိုင်တာရှိသလို မိမိ နေရပ်က နယ်မြေလုံခြုံရေး အရ ပြန်မရတာတွေလည်းရှိပါတယ်။ 

ဒါ့အပြင် မိမိ နေရပ်ကို ပြန်ဖို့ အချိန်မပေးနိုင်တာတွေလည်း ရှိပါတယ်။ ဒီလိုလူတွေအတွက် မှတ်ပုံတင် လဲလှယ် ချင်သော်လည်း လဲလှယ်ဖို့ အခွင့်အလမ်း မရှိဖြစ်နေတာကို ဘယ်လို စီစဉ်ပေးသွားဖို့ရှိပါသလဲ (ဥပမာ- လက်ရှိ မိမိ ရောက်ရှိနေတဲ့ အရပ်‌ဒေသမှာရှိတဲ့ လဝက ရုံးမှာ အလွယ်တကူ မှတ်ပုံတင် သွားရောက် လဲလှယ်လို့ရအောင် စီစဉ်/ ခွင့်ပြု ပေးဖို့ ရှိ/မရှိ သိလိုပါတယ်)။

ဖြေ  ။        ။ မိမိနေရပ်ကို မပြန်နိုင်တဲ့ သူတွေအနေနဲ့ ယခုလက်ရှိ မိမိနေထိုင်ရာ ဒေသမှာရှိတဲ့ လဝကရုံးကို သွားရောက် ဆက်သွယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အိမ်ထောင်စု လူဦးရေစာရင်းနဲ့ နိုင်ငံသားဆိုင်ရာ လုပ်ငန်း တွေ ဆောင်ရွက်တဲ့အခါ ပါရှိရမယ့် အထောက်အထား လိုအပ်ချက်တွေကို အများပြည်သူသိရှိအောင် လက်ကမ်း စာစောင်တွေ ဖြန့်ဝေထားသလို လဝကရုံးတွေမှာလည်း Vinyl ဆိုင်းဘုတ်တွေ ချိတ်ဆွဲပေးထားပါတယ်။
အဲဒီ အထောက်အထားတွေနဲ့အတူ ကာယကံရှင် ကိုယ်တိုင် သွားရောက်လျှောက်ထားရင် လဝကရုံးက အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးပြီး နိုင်ငံသားဆိုင်ရာ လုပ်ငန်းတွေကိုပါ ဆက်လက် ဆောင်ရွက်ပေး ပါလိမ့်မယ်။

မေး ။        ။ မှတ်ပုံတင်ကို အသစ် လဲလှယ်ဖို့ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဖြစ်နေသူ အနေနဲ့ နိုင်ငံတော်က ထုတ်ပေးထားတဲ့ စမတ်ကဒ်နဲ့ လေကြောင်းခရီးစဉ်တွေ သွားရောက်လို့ ရ/မရနဲ့ လေယာဉ် လက်မှတ် ဖြတ်ခြင်းတွေကို လုပ်ဆောင်လို့ ရ/မရ သိလိုပါတယ်။ (ဥပမာ- မှတ်ပုံတင်အစား စမတ်ကဒ်ကို ပြဖို့ လေကြောင်းခရီးစဉ် သွားလို့ ရ/မရ သိလိုပါတယ်)။

ဝန်ကြီးဌာန ဖြေကြားချက်ကိုတွေ့ရစဉ် 

ဖြေ ။       ။ လေယာဉ်လက်မှတ်ဝယ်ရင် နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ ဝယ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ သက်ဆိုင်ရာဝန်ကြီးဌာန၊ သက်ဆိုင်ရာ လေကြောင်းလိုင်းရဲ့ သတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။ 

ကျနော်တို့ ဝန်ကြီးဌာနမှ UID ကို ထုတ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ လူမှုစီးပွားဆိုင်ရာကိစ္စရပ်များ ဆောင်ရွက် ရာ၌ ပိုမိုလွယ်ကူ လျင်မြန်လာစေရန်၊ Online စနစ်ဖြင့် ဝန်ဆောင်မှုပေးနေသည့် အစိုးရနှင့် အဖွဲ့အစည်းများ အတွက် မည်သူမည်ဝါ ဖြစ်ကြောင်း စစ်ဆေးနိုင်သည့် စနစ်တစ်ခု တည်ဆောက်ရန်၊ ကောက်ယူ မှတ်ပုံတင်ထား သည့် အချက်အလက်များကို မျှဝေ သုံးစွဲရန်ဖြစ်ပါတယ်။

မေး ။        ။ လေဆိပ်နဲ့ ကုန်းလမ်းတွေမှာ မှတ်ပုံတင် လဲလှယ်ထားခြင်း ရှိ/မရှိ စိစစ်ကြပ်မတ်ဖို့ ညွှန်ကြားထား ခြင်း ရှိပါသလား။

ဖြေ ။       ။ လေဆိပ်နဲ့ ကုန်းလမ်းခရီးတွေမှာ လုံခြုံရေးအရ မှတ်ပုံတင် စစ်ဆေးတာဖြစ်ပြီး မှတ်ပုံတင် လဲလှယ်ထားခြင်း ရှိ/မရှိ စိစစ်ကြပ်မတ်ဖို့ ညွှန်ကြားထားခြင်းမရှိပါ။ ဒါပေမယ့် ခရီးသွားလာတဲ့အခါ တာဝန်ရှိသူ က စစ်ဆေးရန် တောင်းခံရင်တော့ ပြသရမှာ ဖြစ်ပါတယ်။

မေး ။       ။ မှတ်ပုံတင် လဲလှယ်ထားခြင်း ရှိ/မရှိ ကြည့်ပြီးတော့ ငွေကြေးတောင်းခံ နေတာတွေ၊ ပုဂ္ဂလိက လုံခြုံရေးကို ချိုးဖောက်ပြီးတော့ ခရီးသွားလာလို့ မရအောင် လုပ်နေတာတွေကို ဘယ်လို ကြပ်မတ်သွားဖို့ ရှိမလဲ သိလိုပါတယ်။

ဖြေ ။       ။ ပူးပေါင်းဂိတ်များမှာ ခရီးသွားလာသူများကို စစ်ဆေးခြင်းသည် လုံခြုံရေးအတွက် လူပုဂ္ဂိုလ်မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်းသာဖြစ်ပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ လဲလှယ်မှုမရှိတာ၊ ဓာတ်ပုံပျက်စီး၊ မထင် မရှား ဖြစ်တာတွေကို အကြောင်းပြပြီး ငွေကြေးတောင်းခံလို့မရပါဘူး။

ဂိတ်တွေမှာ ခရီးသွားလာလို့ မရအောင် ငွေတောင်းတယ်ဆိုတာမျိုးရှိရင် အဲဒီဂိတ်တွေမှာ တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေ ချိတ်ဆွဲထားပါတယ်။ အဲဒီဖုန်း နံပါတ်တွေကို ဆက်သွယ်ပြီး တောင်းတဲ့သူ၊ တောင်းတဲ့ဂိတ်၊ တောင်းတဲ့နေ့နဲ့ အချိန်တွေကို မှတ်သားပြီး တိုင်ကြားနိုင်ပါတယ်။

ကျနော်တို့ ဝန်ကြီးဌာနရဲ့ ရုံးဖုန်းနံပါတ် 067-3431045 ကိုလည်း ဆက်သွယ် တိုင်ကြားနိုင်ပါတယ်။