CNI International News
ဘေဂျင်း၊ ဇူလိုင် ၁၆
ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ်နှင့် ပဋိပက္ခဖြစ်ပွားလာပါက အမေရိကန်သည် ဂျပန်နှင့် ဩစတြေးလျတို့ ထံမှ ကူညီပေးမည်ဆိုသည့် ကတိကဝတ်များကို ရရှိနိုင်ခြေမရှိကြောင်း တရုတ်နှင့်အမေရိကန်ရှိ ကျွမ်းကျင်သူများ က ပြောကြားခဲ့သည်ဟု South China Morning Post မှဖော်ပြခဲ့သည်။
တရုတ်၏ ခြိမ်းခြောက်မှုဆိုသည့် စကားလုံးကို အသုံးပြုပြီး အာရှ-ပစိဖိတ်ဒေသရှိ အဓိက မဟာမိတ်ဖြစ်သည့် ဂျပန်နှင့် ဩစတြေးလျတို့ကို ဖိအားပေးနေသော အမေရိကန်၏ အားထုတ်ကြိုးပမ်းမှုများသည် ဒေသတွင်း တင်းမာမှုများအား ဖြေရှင်းရာတွင် ယုံကြည်မှုများ လျော့ပါးစေကြောင်း ကျွမ်းကျင်သူများက ပြောသည်။
ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး အမေရိကန်နှင့် တရုတ် စစ်ပွဲဖြစ်ပွားခဲ့မည်ဆိုလျှင် ဂျပန်နှင့် ဩစတြေးလျတို့ အနေဖြင့် မည်သည့် အခန်းကဏ္ဍမှ ပါဝင်မည်ဆိုခြင်းကို ရှင်းရှင်းလင်းလင်း ပြောကြားရန် အမေရိကန်က ဖိအား ပေးနေသည်ဟုလည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ပြင်သစ်သတင်းစာ တစ်ခုက ဖော်ပြခဲ့သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒရေးရာ ဒုဝန်ကြီး အဲလ်ဘရစ်ချ် ကိုလ်ဘီ (Elbridge Colby) သည် ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဂျပန်၊ ဩစတြေးလျ အရာရှိများဖြင့် တွေ့ဆုံဆွေးနွေး နေသည်ဟုလည်း ပြင်သစ်သတင်းစာ တစ်ခုက အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကို ကိုးကားပြီး ဖော်ပြခဲ့သည်။
ဂျပန်နဲ့ ဩစတြေးလျ အလံကို တွေ့ရစဉ်
ပင်တဂွန်သည် မဟာမိတ်များကို ကာကွယ်ရေး အသုံးစရိတ်များ မြှင့်တင်စေရန် အပါအဝင် စုပေါင်းကာကွယ်ရေး နှင့် ဆက်နွှယ်သည့် အားထုတ်ကြိုးပမ်းမှုများကို အရှိန်မြှင့်တင်ရန် တိုက်တွန်းပြီး ငြိမ်းချမ်းရေးကို အင်အားသုံး၍ ရယူရန် အာရုံစိုက်ထားသည်ဟု ကိုလ်ဘီက ဇူလိုင် ၁၂ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင် ရေးသားခဲ့သည်။
ထိုပို့စ်တွင် ထိုင်ဝမ်၏ အမည်ကို ရည်ညွှန်းခဲ့ခြင်းမရှိပေ။
တရုတ်၏ ရှန်ဟိုင်းမြို့ရှိ ဖူဒန်တက္ကသိုလ် (Fudan University)၏ အမေရိကန်လေ့လာရေးစင်တာမှ ဒုညွှန်ကြားရေးမှူး ရှင်ချင်း (Xin Qiang) ကမူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အဆုံးစွန် ဖိအားပေး ချဉ်းကပ်မှုနှင့်အညီ အမေရိကန်သည် မဟာမိတ်များကို ဖိအားပေးနေခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ သည်။
“အမေရိကန်ရဲ့ ရည်ရွယ်ချက်ကတော့ တရုတ်ရဲ့ ခြိမ်းခြောက်မှုဆိုတဲ့ စကားလုံးကို အသုံးချပြီး ဂျပန်နဲ့ ဩစတြေးလျကို ကာကွယ်ရေး အသုံးစရိတ်တွေ မြှင့်တင်ဖို့၊ အမေရိကန်နဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ၊ အမေရိကန်လုပ် လက်နက်တွေ ဝယ်ယူဖို့ ဖိအားပေးနေတာ ဖြစ်ပါတယ်”ဟု ရှင်က ပြောကြားခဲ့သည်။
Source: South China Morning Post