CNI International News

ဝါရှင်တန်၊ ဇူလိုင် ၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၏ အတွင်းစည်းမှ လူများအသုံးပြုသည့် အီးမေးလ်များကို ပိုမိုခိုးယူပြီး လူသိရှင်ကြား ထုတ်ပြန်မည်ဟု အီရန်နှင့် ဆက်နွှယ်သော ဟက်ကာများက ခြိမ်းခြောက်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ထရမ့်၏ လက်ထောက်များ၏ အီးမေးလ်များကို မီဒီယာများထံ ဖြန့်ဝေခဲ့ ပြီးနောက် ထိုကဲ့သို့ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၂၈ ရက်နှင့် ၃၀ ရက်များတွင် ရိုက်တာသတင်းဌာနနှင့် အွန်လိုင်းမှ ဆက်သွယ်ခဲ့သည့် Robert အမည်ရှိ ဟက်ကာအုပ်စုက ၎င်းတို့တွင် အိမ်ဖြူတော်ဝန်ထမ်းချုပ် ဆူစီ ဝိုင်းလ်စ် (Susie Wiles) ၊ ထရမ့်၏ ရှေ့နေ လင်ဆေး ဟော်လီဂန် (Lindsey Halligan) ၊ ထရမ့်၏ အကြံပေးပုဂ္ဂိုလ် ရော်ဂျာ စတုန်း (Roger Stone) နှင့် ထရမ့်၏ ရန်ဘက် လိင်ဖျော်ဖြေရေး သရုပ်ဆောင် စတော်မီ ဒန်နီယယ် (Stormy Daniels) တို့၏ အီးမေးလ် အကောင့်များမှ အီးမေးလ်ပေါင်း ၁၀၀ gigabyte ခန့် ရရှိထားကြောင်း ပြောကြားခဲ့သည်။

 အီရန်ဟက်ကာ ပုံဖော်ထားစဉ်

Robert အဖွဲ့က ထိုအီးမေးလ်များကို ရောင်းချဖွယ်ရှိပြီး ၎င်းတို့၏ အစီအစဉ် အသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ထို့ပြင် ထိုအီးမေးလ်များသည် မည်သည့် အကြောင်းအရာများ ဖြစ်သည်ဆိုခြင်းကိုလည်း ထုတ်ဖော် ပြောဆိုခဲ့ ခြင်းမရှိပေ။

အမေရိကန် အစိုးရရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) က ထိုတိုက်ခိုက်မှုသည် ကြီးမာသည့် ဆိုက်ဘာတိုက်ခိုက် မှုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

“အမျိုးသားလုံခြုံရေးကို ချိုးဖောက်တဲ့ ဘယ်သူ့ကိုမဆို အပြည့်အဝ စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး တရားဥပဒေအရ စီရင်သွားမှာဖြစ်ပါတယ်”ဟု အိမ်ဖြူတော်နှင့် FBI တို့က FBI ညွှန်ကြားရေးမှူး ကက်ရှ် ပက်တယ် (Kash Patel) ၏ ထုတ်ပြန်ချက်ကို ဖော်ပြခဲ့သည်။

ထိုဆိုက်ဘာ တိုက်ခိုက်မှုသည် ဒစ်ဂျစ်တယ် ဝါဒဖြန့်မှုထက် မပိုဘဲ ပစ်မှတ်များသည်လည်း တိုက်ဆိုင်မှု မဟုတ် ကြောင်း၊ သမ္မတ ဒေါ်နယ်ထရမ့်ကို ထိခိုက်နစ်နာစေရန်နှင့် မိမိတို့နိုင်ငံအတွက် တာဝန်ထမ်းဆောင်ပေးနေသည့် ပြည်သူ့ဝန်ထမ်းများကို သိက္ခာချရန် စနစ်တကျ လုပ်ဆောင်သည့် ဆိုက်ဘာတိုက်ခိုက်မှုဖြစ်ကြောင်း ဆိုက်ဘာ ကာကွယ်ရေးအေဂျင်စီ CISA က X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

ဟက်ကာတစ်ဦးကိုတွေ့ရစဉ်

ဟော်လီဂန်၊ စတုန်းနှင့် ဒယ်နီယယ်၏ ကိုယ်စားလှယ်တို့ကမူ ရိုက်တာ သတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို တုံ့ပြန်ခဲ့ခြင်းမရှိပေ။

ကုလသမဂ္ဂဆိုင်ရာ အီရန်အထူးတာဝန်အဖွဲ့ကလည်း မှတ်ချက်တောင်းခံသည့် မက်ဆေ့ချ်ကို တုံ့ပြန်ခြင်း မရှိခဲ့ပေ။ 

အတိတ်ကာလကမူ အီရန်သည် ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။

Robert အဖွဲ့သည် ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်စည်းရုံးရေး ကာလ၏ နောက်ဆုံးလများတွင် ပေါ်ပေါက်လာသည့် ဟက်ကာအဖွဲ့ဖြစ်ပြီး ထရမ့်၏ မဟာမိတ်များ၏ အီးမေးလ် အကောင့်များကို ဟက်ခဲ့ကြောင်း ကြေညာခဲ့သည်။

Source: ရိုက်တာ