CNI International News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃

လွန်ခဲ့သည့် ၂ နှစ်ခန့်က ဩစတြေးလျနိုင်ငံ၏ DroneShield(ဒရုန်းရှီးရော်)ကုမ္ပဏီသည် ဒရုန်းများကို ထောက်လှမ်းပြီး ဖျက်ချနိုင်သည့်စနစ်ကို တီထွင်ရန် ဝန်ထမ်း ၉၀ ခန့်ဖြင့် စတင်ခဲ့သော်လည်း လက်ရှိတွင် ဝန်ထမ်းအရေအတွက်သည် ၂၇၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

၂၀၁၄ ခုနှစ်က စတင် တည်ထောက်ခဲ့သည့် DroneShield(ဒရုန်းရှီးရော်) ကုမ္ပဏီသည် လက်ရှိတွင် စျေးကွက် တန်ဖိုး  ဒေါ်လာ ၈၄၈ သန်းနှင့်အတူ ဩစတြေးလျ စတော့အိတ်ချိန်း၌ ပါဝင်လာပြီး ဒရုန်များကို တန်ပြန်သည့် စနစ်များ တီထွင်မှုအား အရှိန်မြှင့် လုပ်ဆောင်နေသည်။

ဒရုန်းများသည် ခေတ်သစ် စစ်ပွဲများတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လာမှုနှင့်အတူ ထိုဒရုန်းများကို တန်ပြန်သည့် စနစ်များအား ဝယ်လိုအားလည်း မြင့်တက်လာခဲ့သည်။

ဒရုန်းများ၏ ရေဒီယိုကြိမ်နှုန်းကို ထောက်လှမ်းပြီး ကြိမ်နှုန်းအား တန်ပြန်လွှင့်၍ဖျက်သည့် ထိုစနစ်များကို လက်ရှိတွင် ယူကရိန်းစစ်ပွဲ အပါအဝင် နိုင်ငံပေါင်း ၇၀ ကျော်တွင် အသုံးပြုလာခဲ့သည်။

ဒရုန်းကာကွယ်ရေး သေနတ်ကိုတွေ့ရစဉ်

ထို့ပြင် DroneShield(ဒရုန်းရှီးရော်) ကုမ္ပဏီသည် ၂၀၂၄ ခုနှစ် အာရှကာကွယ်ရေးပစ္စည်းများ ပြပွဲတွင်လည်း သယ်ဆောင်ရလွယ်ကူသည့် DroneGun(ဒရုန်းဂန်) MK 4 အမည်ရှိ ဒရုန်းဖျက် လက်နက်ကို ပြသခဲ့သည်။

EOS (Electro Optic Systems) ဖြင့် ၃၀ မမ သေနတ်ပြောင်းကို ရေဒါနှင့်တွဲပြီး ဒရုန်းများအား စွမ်းအင်အသုံးပြု၍ ပစ်ချရသည့် လက်နက်ဖြစ်သော Slinger(စလင်းဂါး)ကဲ့သို့ စနစ်များသည် တစ်ကြိမ်အသုံးပြုလျှင် ဒေါ်လာ ၁၅၅ ဒေါ်လာမှ ၁၅၅၀ ကြားသာ ကုန်ကျသဖြင့် ဒေါ်လာသောင်းချီ ကုန်ကျသော ဒုံးကျည်စနစ်များ ထက်ပိုပြီး ကုန်ကျ စရိတ် သက်သာသည်။

ထို့ပြင် ဩစတြေးလျ၏ AIM Defence ကုမ္ပဏီက ထုတ်လုပ်သည့် လေဆာလက်နက်များဖြစ်သည့် Dazlr၊ Disruptr နှင့် Fractl တို့သည်လည်း ၁ ကီလိုမီတာ (မိုင်ဝက်ကျော်) အကွာအဝေးအတွင်းက ဒရုန်းများကို ဖျက်ချနိုင်စွမ်းရှိသည်။

EOS စနစ်သည် ဩစတြေးလျ၏ နိုင်ငံတော် ဒရုန်းတန်ပြန်ရေး အစီအစဉ်ဖြစ်သည့် Project Land 156 စီမံကိန်း၏ ပြိုင်ဘက်လည်း ဖြစ်လာခဲ့သည်။

မျက်မှောက်ခေတ် စစ်ပွဲများကို ဒရုန်းများနှင့် ဒရုန်းဖျက် လက်နက်များက ပိုမိုကြီးစိုးလာမှုနှင့်အတူ ဩစတြေးလျ ကလည်း ဒရုန်းဖျက် လက်နက်များ ထုတ်လုပ်မှုတွင် ပြိုင်ဆိုင်မှုများ မြင့်တက်လာသည့် ကမ္ဘာလုံးဆိုင်ရာ စျေးကွက်၌ ဒရုန်းဖျက်လက်နက်များ ထုတ်လုပ်မှုကို ပိုမိုအရှိန်မြှင့်တင်လာခဲ့ခြင်းဖြစ်သည်။

Source: Nikkei Asia