CNI International News

ဘေဂျင်း၊ မေလ ၃၀

တရုတ်၏ Type 055 ပဲ့ထိန်းဒုံးကျည်တပ် ကိုယ်ပျောက် ဖျက်သင်္ဘောသည် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ၏ လေကြောင်း ကြိုတင်သတိပေးချက် စနစ်နှင့်ချိတ်ဆက်ပြီး သင်္ဘောရေဒါ၏ ပြင်ပတွင် ရှိသည့် ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက အတည်ပြုခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ထို့ကြောင့် Lhasa ဟု အမည်ပေးထားသည့် ထိုဖျက်သင်္ဘောသည် မျက်စိဖြင့် မမြင်ရသည့် ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိသော တာဝေးပစ် ဝေဟင်နှင့်ရေပြင် တိုက်ခိုက်ရေး သင်္ဘောတစ်စင်း ဖြစ်လာခဲ့သည်။

ထိုဖျက်သင်္ဘောတွင် မကြာသေးမီက အိန္ဒိယနှင့် လေကြောင်းတိုက်ပွဲ ဖြစ်ပွားခဲ့သည့် ပါကစ္စတန်လေတပ်က အသုံးပြုခဲ့သည့် လေကြောင်းကြိုတင် သတိပေးသည့် စနစ်နှင့်လည်း ချိတ်ဆက်ပြီး ဒေတာများကို အသုံးပြု နိုင်သည်ဟု ဆိုသည်။

Lhasa ဖျက်သင်္ဘောသည် စစ်ဆင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် အလွန်ခေတ်မီသည့် နည်းပညာကို ပြသရာရောက်ကြောင်း PLA စစ်ရေးနည်းပြဟောင်းဖြစ်သော စစ်ဘက်ဆိုင်ရာကျွမ်းကျသူ ဆောင်ကျွံပင်း (Song Zhongping) က ပြောကြားခဲ့သည်။

 တရုတ်ရဲ့စစ်သင်္ဘောကို တွေ့ရစဉ်

“စစ်မြေပြင် အချက်အလက်တွေနဲ့ ပူးပေါင်းပြီး အခြေအနေကို ချိတ်ဆက်နိုင်မှုဟာ ပူးတွဲစစ်ဆင်ရေး စွမ်းဆောင် ရည်နဲ့ သတင်း အချက်အလက် ပေါင်းစပ်မှုရဲ့ ပြီးပြည့်စုံတဲ့ အနေအထား ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြား ခဲ့သည်။

CCTV မှတ်တမ်းများတွင် Lhasa ဖျက်သင်္ဘောသည် PLA ၏ မြောက်ပိုင်းစစ်ဌာနချုပ်၏ ကျည်အစစ်များဖြင့် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှု၌ ပါဝင်ခဲ့ပြီး လေ့ကျင့်ရေး ပစ်မှတ်များကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။

“ကျနော်တို့က လေကြောင်း သတိပေးချက်စနစ်နဲ့ အချိန်နဲ့တစ်ပြေးညီ တိုက်ပွဲ သတင်းအချက်အလက်တွေကို အသုံးပြုနိုင်ခဲ့ပြီး တိုက်ခိုက်မှု အကွာအဝေးကို တိုးချဲ့နိုင်ခဲ့ပါတယ်”ဟု Lhasa စစ်သင်္ဘော၏တပ်ကြပ် ဝမ်မင်ဝေ (Wang Mingwei) က ပြောကြားခဲ့သည်။

ပါကစ္စတန်သည်လည်း ကက်ရှ်မီးယားဒေသတွင် အိန္ဒိယတိုက်လေယာဉ်များကို ပစ်ချရန် တရုတ်၏ နည်းပညာကို အသုံးပြုခဲ့ကြောင်း ဆောင်က ပြောကြားခဲ့သည်။

ပါကစ္စတန်သည် မြေပြင်အခြေစိုက် HQ-9B လေကြောင်း ကာကွယ်ရေးစနစ်၏ အချက်အလက်များကို အသုံးပြု ထားသည့် DK-3 လေကြောင်း သတိပေးလေယာဉ်၏ ပစ်မှတ်လမ်းညွှန်မှုဖြင့် J10CE တိုက်လေယာဉ်များကို အသုံးပြုကာ PL-15E တာဝေးပစ် ပဲ့ထိန်းဒုံးကျည်များကို ပစ်ခတ်ခဲ့ကြောင်း တရုတ်က ပြောကြားခဲ့သည်။

Source: South China Morning Post