CNI International News

ဝါရှင်တန်၊ မေလ ၂၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ရုရှားသမ္မတ ပူတင် (Vladimir Putin) ကို မီးနှင့်ကစား နေသည်ဟု သတိပေးခဲ့ပြီး ရုရှားကလည်း ယူကရိန်းနယ်စပ်အနီးသို့ စစ်သား ၅၀,၀၀၀ စေလွှတ်ခဲ့ခြင်းကြောင့် အမေရိကန်နှင့်ရုရှားကြား လူသိရှင်ကြား သဘောထားကွဲလွဲမှု မြင့်တက်လာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် လူသေဆုံးမှု အများဆုံးဖြစ်သည့် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ငြိမ်းချမ်းရေး အလားအလာအတွက် ကမ္ဘာ့ခေါင်းဆာင်များက မျှော်လင့်နေကြချိန်တွင် ယူကရိန်းနှင့် ရုရှားသည် ဒရုန်းများအား အုပ်လိုက်လွှတ်တင်ပြီး တိုက်ခိုက်နေကြသည်။

ရုရှားက စစ်မြေပြင်၏ အဓိကနေရာများကို ချီတက် ဝင်ရောက်နေသည်။

ထရမ့်၏ သံတမန် ကိတ်ကဲလော့ဂ်ကို တွေ့ရစဉ်

ပူတင်သည် မီးနှင့်ကစားနေသူဖြစ်ပြီး ရုရှားအတွက် အမှန်တကယ် ဆိုးရွားသည့်အရာများ ဖြစ်လာလိမ့်မည်ဟု ထရမ့်က Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

“ပူတင် နားမလည်တာက ကျနော်က ဘာမှဖြစ်မှာ မဟုတ်ဘူးဆိုတာပါပဲ။ ရုရှားမှာ အမှန်တကယ် ဆိုးရွားတဲ့ အရာတွေ အများကြီး ဖြစ်လာပါလိမ့်မယ်။ သူက မီးနဲ့ကစားနေတာပါ”ဟု ထရမ့်က မေလ ၂၇ ရက်တွင် ရေးသားခဲ့သည်။

ရုရှားထိပ်သီး လုံခြုံရေးအရာရှိဖြစ်သည့် ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီးဒက်ဗ် (Dmitry Medvedev) ကမူ ထရမ့်၏ ဝေဖန်မှုများကို ငြင်းဆိုခဲ့သည်။

“ပူတင်ကို မီးနဲ့ ကစားနေတယ်ဆိုတဲ့ စကားနဲ့ ရုရှားမှာ အမှန်တကယ် ဆိုးတာတွေ ဖြစ်နေတယ်ဆိုတဲ့ ထရမ့်ရဲ့ စကားလုံးတွေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် အမှန်တကယ် ဆိုးရွားတဲ့အရာက တတိယကမ္ဘာစစ်ဆိုတာကိုပဲ ကျနော်သိပါတယ်။ ထရမ့် နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မက်ဗီးဒက်ဗ်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ယူကရိန်းစစ်သားကို တွေ့ရစဉ်

ထရမ့်၏ သံတမန် ကိတ် ကဲလော့ဂ် (Keith Kellogg) ကမူ မက်ဗီဒက်ဗ်၏ ပို့စ်သည် ဆင်ခြင်မှု ကင်းမဲ့ကြောင်း ပြောကြားခဲ့သည်။

“တတိယကမ္ဘာစစ်ရဲ့ အကြောက်တရားတွေကို ဆွပေးတာဟာ မထင်မှတ်ထားတဲ့ အဆင်အခြင်ကင်းမဲ့တဲ့ မှတ်ချက်စကားဖြစ်သလို အင်အားကြီးနိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မညီပါဘူး”ဟု ကဲလော့ဂ်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

မေလ ၁၉ ရက်က ထရမ့်နှင့် ပူတင်တို့သည် ဖုန်းဆက်ပြီး ၂ နာရီကျော်ကြား ဆွေးနွေးခဲ့သည်။

ထို့နောက် ပူတင်က သူသည် ယူကရိန်းနှင့် သဘောတူစာချုပ် မူကြမ်းအတွက် ယူကရိန်းနှင့်အတူ လုပ်ဆောင်ရန် သဘောတူကြောင်း ပြောကြားခဲ့သည်။

ကဲလော့ဂ်ကမူ အမေရိကန်သည် ငြိမ်းချမ်းရေး သဘောတူ စာချုပ်အတွက် ရုရှားဘက်က ရေးဆွဲထားသည့် မူကြမ်းကို စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ