CNI International News
ကွာလာလမ်ပူ၊ မေလ ၂၃
မလေးရှားနိုင်ငံတွင် ပြုလုပ်မည့် အာဆီယံ အစည်းအဝေးအတွင်း အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံ မှုနှင့် မြန်မာ့အရေးတို့ကို အဓိကဆွေးနွေးမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
မလေးရှားသည် မေလ ၂၆ ရက်၌ အာဆီယံ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။
ထိုအစည်းအဝေးတွင် ကုန်သွယ်ခွန်များ၊ ကုန်သွယ်ရေး အနှောင့်အယှက်များအပြင် မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခနှင့် မကြာသေးမီက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ အကြောင်း ကို ဆွေးနွေးသွားမည်ဖြစ်သည်။
“ကျနော်တို့ဟာ အမေရိကန်အပေါ် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ မီခိုနေရပါတယ်။ ဒါပေမယ့် သူတစ်ပါးရဲ့ သဘောထားကို ထည့်မတွက်ဘဲ တစ်ဖက်သတ် လုပ်ဆောင်တာကိုတော့ ကျနော် လက်မခံနိုင်ပါဘူး” ဟု အန်ဝါက ပြောကြားခဲ့သည်။
ထို့ပြင် အာဆီယံသည် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ဥရောပသမဂ္ဂကဲ့သို့ မိတ်ဖက် အသစ်များနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ရမည်ဟု ၎င်းက ပြောသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါကိုတွေ့ရစဉ်
မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူ (Kuala Lumpur) တွင် ပြုလုပ်မည့် အာဆီယံ အစည်းအဝေးကို တက်ရောက်ရန်အတွက် တရုတ်ဝန်ကြီးချုပ် လီချင် ( Li Qiang ) သည် မေလ ၂၅ ရက်တွင် မလေးရှားသို့ ရောက်ရှိမည်ဖြစ်သည်။
ထို့နောက် အာဆီယံနှင့် ပင်လယ်ကွေ့နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များဖြင့် သီးခြား အစည်းအဝေးများ ပြုလုပ်မည်ဖြစ်သည်။
အာဆီယံတွင် စားသုံးသူစျေးကွက် သန်း ၆၇၀ ရှိပြီး အာဆီယံ၏ စီးပွားရေးသည် ဒေါ်လာ ၃ ဒသမ ၈ ထရီလျံရှိကာ ကမ္ဘာ့ပဉ္စမမြောက် စီးပွားရေး အင်အားအကြီးဆုံး ဖြစ်နေသည့် အနေအထားဖြင့် အမေရိကန်၏ ကုန်သွယ်ခွန် ကောက်ခံမှုအပေါ် စည်းလုံးညီညွတ်စွာ ချဉ်းကပ် လုပ်ဆောင်လျက်ရှိသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် လူပေါင်းများစွာ သေဆုံးခဲ့သည့် ၄ နှစ်ကြာ ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ရန် လုပ်ငန်းစဉ်များကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အန်ဝါက ပြောသည်။
ပြီးခဲ့သည့်လက အန်ဝါသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကာလကို သက်တမ်းတိုးရန်နှင့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင် ကြောင့် ထိခိုက်ပျက်စီးခဲ့သော မြန်မာနိုင်ငံကို အကူအညီများ ပေးပို့ခွင့်ပြုရန် ဆွေးနွေးခဲ့ကြသည်။
“ကျနော်တို့ဟာ ထူးခြားတဲ့ တိုးတက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ နိဒါန်းဖြစ်ပါတယ်” ဟု အန်ဝါက မေလ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
Source: South China Morning Post