CNI International News

ပြုံယမ်း၊ မေလ ၂၃

မြောက်ကိုရီးယားတွင် မေလ ၂၁ ရက်က ဖျက်သင်္ဘောအသစ်တစ်စင်းကို ရေချသည့် အခမ်းအနားအတွင်း မတော်တဆဖြစ်ပြီး သင်္ဘောပြုတ်ကျခဲ့သဖြင့် ထိုမတော်တဆမှုသည် သည်းမခံနိုင်သည့် ရာဇဝတ်မှု လုပ်ရပ် ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ကြောင့် တန် ၅၀၀၀ အလေးချိန်ရှိ ထိုဖျက်သင်္ဘောကို ရေချပွဲ အခမ်းအနားသည် အောင်မြင်ခြင်းမရှိခဲ့ပေ။

ထိုမတော်တဆ ဖြစ်ရပ်သည် နိုင်ငံ့ဂုဏ်သိက္ခာကို အမည်းစက် ထင်စေသည့် ပေါ့လျော့မှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကင်မ်က ပြောကြားခဲ့သည်။

ထို့ပြင် ကင်မ်သည် ဇွန်လတွင် ပြုလုပ်မည့် အာဏာရအလုပ်သမားပါတီ အစည်းအဝေးမတိုင်မီ ထိုသင်္ဘောကို အပြီးသတ် ပြန်လည်ပြုပြင်ရန် အမိန့်ပေးခဲ့သည်ဟုလည်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက မေလ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုဖျက်သင်္ဘောကို ကမ်းပေါ်မှ ရေထဲသို့ ချရန်ပြင်ဆင်ချိန်တွင် သင်္ဘောသည် ဟန်ချက်မညီဘဲ သင်္ဘောဝမ်းဗိုက်က လျောကျသွားခဲ့ခြင်းဖြစ်ကာ သင်္ဘောဝမ်းဗိုက်၏နေရာအချို့ ပေါက်သွားခဲ့ကြောင်း KCNA က ထုတ်ပြန်ခဲ့သည်။

ဖျက်သင်္ဘောရေချဖို့ပြင်ဆင်နေစဉ်

သို့သော် ချောင်ဂျင် (Chongjin) ဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့သည့် ထိုမတော်တဆမှု၌ သင်္ဘော၏ ထိခိုက်ပျက်စီးမှု အတိုင်းအတာနှင့် ဒဏ်ရာရရှိသူ ရှိ၊မရှိကို အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

မြောက်ကိုရီးယားသည် အရွယ်အစား အလွန်ကြီးမားသည့် သင်္ဘောများနှင့် အကျွမ်းတဝင်မရှိဘဲ နည်းပညာနှင့် ငွေကြေးပိုင်းတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဖွယ်ရှိကြောင်း စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။

မြောက်ကိုရီးယားသည် စစ်ရေးနှင့်ဆက်နွှယ်သော အောင်မြင်မှုမရှိသည့် ဖြစ်ရပ်များကို ဝန်ခံလေ့မရှိကြောင်း၊ ယခု အခါတွင် သင်္ဘောရေချမှု အောင်မြင်ခြင်းမရှိသည့် အကြောင်းအရာကို ထုတ်ဖော်ကြေညာခြင်းသည် ရေတပ်၏ ခေတ်မီ စီမံကိန်းများကို ကင်မ်က အလေးထား လုပ်ဆောင်နေသည့် အချက်ကို ပြသရန် ရည်ရွယ်ခြင်းဖြစ်နိုင် ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ယခု ရေချခဲ့သည့် ဖျက်သင်္ဘောသည် မေလ ၂၅ ရက်က ထုတ်ဖော်ပြသခဲ့သော မြောက်ကိုရီးယား၏ ပထမဆုံး ဖျက်သင်္ဘောနှင့် အမျိုးအစား အတူတူဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဧပြီ ၂၅ ရက်က ထုတ်ဖော်ပြသခဲ့သည့် Choe Hyon အမည်ရှိ ဖျက်သင်္ဘောသည် မြောက်ကိုရီးယား၏ အကြီး မားဆုံးနှင့် ခေတ်အမီဆုံး ဖျက်သင်္ဘောဖြစ်သလို ထိုသင်္ဘောကို ရုရှား၏ အကူအညီဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့သည်။

Source: ရိုက်တာ