CNI International News
ပြုံယမ်း၊ မေလ ၁၉
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် လေတပ်၏ စစ်ရေးလေ့ကျင့်မှုများကို ကြီးကြပ်ကွပ်ကဲခဲ့ပြီး စစ်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
မေလ ၁၇ ရက်က နိုင်ငံပိုင် KCNA သတင်းအေဂျင်စီ၏ ဖော်ပြချက်တွင် ကင်မ်သည် မေလ ၁၅ ရက်က ပြုလုပ်ခဲ့ သည့် မြောက်ကိုရီးယား၏ အမှတ် ၁ လေတပ် တပ်ခွဲ၏ လေကြောင်းတိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှု စစ်ရေး လေ့ကျင့်မှုများကို လေ့လာကြည့်ရှုခဲ့သည်ဟု ဆိုသည်။
ထို့နောက် ကင်မ်သည် စစ်ပွဲအတွက် ပြင်ဆင်မှုတွင် ရန်သူ့ခံစစ်ကြောင်းကို ထိုးဖောက် ကျော်လွှားနိုင်အောင် လုပ်ဆောင်ကြရန် စစ်တပ်၏ တပ်ရင်း၊ တပ်ဖွဲ့အားလုံးကို တိုက်တွန်းခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်သံကထုတ်လွှင့်သည့် ဗွီဒီယိုမှတ်တမ်းများတွင် MiG-28 တိုက်လေယာဉ်သည် ဒုံးကျည်တစ်စင်းကို ပစ်လွှတ်နေပုံကို ဖော်ပြခဲ့သည်။
ထိုဒုံးကျည်သည် ရုရှားနိုင်ငံက ထုတ်လုပ်ခဲ့သည့် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်အမျိုးအစားကို မြောက်ကိုရီးယား က ပြန်လည်ထုတ်လုပ်ထားသော ဒုံးကျည်ဖြစ်နိုင်ကြောင်း တောင်ကိုရီးယားရှိ အမျိုးသားပြန်လည်ပေါင်းစည်းရေး ကိုရီးယားဌာနမှ မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ ဟောင်မင် (Hong Min) က ပြောကြားခဲ့သည်။
ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
ယခုလအတွင်း ကင်မ်သည် ဒုံးကျည် စမ်းသပ်မှုတစ်ခုကို ကြီးကြပ်ကွပ်ကဲခြင်း၊ တင့်ကားစက်ရုံနှင့် လက်နက် ခဲယမ်း စက်ရုံများကို သွားရောက် စစ်ဆေးခြင်းတို့ ပြုလုပ်ခဲ့သည်။
ထို့နောက် ပြုံယမ်း (Pyongyang) မြို့တော်ရှိ ရုရှားသံရုံးသို့ သွားရောက်ခဲ့ကာ ရုရှားနှင့် မဟာမိတ်ဆက်ဆံရေးကို ထပ်လောင်း အတည်ပြုခဲ့သည်။
ထို့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြောက်ကိုရီးယားကို အမေရိကန်၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အားထုတ် ကြိုးပမ်းမှုများနှင့် အပြည့်အဝ မပူးပေါင်းသည့် နိုင်ငံများစာရင်းတွင် ထည့်သွင်းထားဆဲဖြစ်သဖြင့် မြောက်ကိုရီးယားက အမေရိကန်ကို ဝေဖန်ခဲ့သည်။
မြောက်ကိုရီးယားသည် ၁၉၉၇ ခုနှစ်ကတည်းက နှစ်စဉ်နှစ်တိုင်း ထိုစာရင်းတွင် ထည့်သွင်းခံခဲ့ရသည်ဟု တောင်ကိုရီးယား၏ ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
“မြောက်ကိုရီးယားကို အမေရိကန်က မလိုအပ်ဘဲ ထိရောက်မှုမရှိတဲ့ ရန်စမှုတွေကို ပိုပြီးလုပ်လေလေ၊ မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား ရန်လိုမုန်းတီးမှုတွေဟာ ပိုပြီးမြင့်တက် လာလေလေပဲဖြစ်မှာပါ” ဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ