CNI International News

မီခီလီ၊ မေလ ၁၉

အီသီယိုပီးယား၏ အဓိကအတိုက်အခံ ပါတီဖြစ်သည့် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး(TPLF)က ၎င်းတို့ ပါတီ၏ လှုပ်ရှားမှုများကို ပိတ်ပင်မှုအား ဝေဖန်ရှုတ်ချခဲ့ကြောင်း ဘီဘီစီမှ ဖော်ပြခဲ့သည်။

ပါတီလှုပ်ရှားမှုများကို ပိတ်ပင်ခြင်းသည် တီဂရေးဒေသတွင် ၂ နှစ်ကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခအား အဆုံးသတ်စေ ခဲ့သော ၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ကြီးမားသည့် ခြိမ်းခြောက်မှုဖြစ်ကြောင်း TPLF က ပြောသည်။

အီသီယိုပီးယား ရွေးကောက်ပွဲကော်မရှင်က TPLF ပါတီ၏ တရားဝင် ရပ်တည်မှုကို ရုပ်သိမ်းခဲ့ပြီးနောက် အာဖရိက သမဂ္ဂ (AU) အနေဖြင့် ထိုကိစ္စကို အီသီယိုပီးယား ဗဟိုအစိုးရနှင့်အတူ ကြားဝင်ဖြေရှင်းပေးရန် TPLF ပါတီက တောင်းဆိုခဲ့သည်။

တီဂရေးဒေသကို အုပ်ချုပ်ထားသည့် TPLF ပါတီသည် အီသီယိုပီးယားနိုင်ငံ တစ်ခုလုံးကို နှစ်ပေါင်းများစွာကြာ လွှမ်းမိုးခဲ့ပြီး အထွေထွေညီလာခံ ခေါ်ယူရန် ပျက်ကွက်ခဲ့သဖြင့် မေလ ၁၄ ရက်က ပိတ်ပင်ခံခဲ့ရခြင်းဖြစ်သည်။

လာမည့်နှစ် ဇွန်လတွင် ပြုလုပ်မည့် ရွေးကောက်ပွဲများ မတိုင်မီ တီဂရေးဒေသ၌ နိုင်ငံရေး တင်းမာမှုများ လနှင့်ချီ ဖြစ်ပွားခဲ့ပြီးနောက် TPLF ပါတီကို ပိတ်ပင်ရန် ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် အဘီ အာမက်ကို တွေ့ရစဉ်

TPLF ပါတီသည် ၁၉၉၁ ခုနှစ်က အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် ညွန့်ပေါင်းအစိုးရဖွဲ့ကာ အီသီယိုပီးယားနိုင်ငံကို ၂၀၁၉ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ဝန်ကြီးချုပ် အဘီ အာမက် (Abiy Ahmed) အာဏာရလာခဲ့ပြီးနောက် TPLF ဦးဆောင်သည့် ညွှန့်ပေါင်းအစိုးရကို ဖျက်သိမ်းကာ အမျိုးသားရေးပါတီသစ် တစ်ခုအား ဖွဲ့စည်းထူထောင်ခဲ့ပြီး ထိုပါတီသစ် ထူထောင်မှုကို TPLF ပါတီက ငြင်းပယ်ခဲ့သည်။

ထို့နောက် ဗဟိုအစိုးရနှင့် TPLF ကြား တင်းမာမှုများ မြင့်တက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ မတိုင်မီအထိ တီဂရေးဒေသတွင် စစ်ပွဲဖြစ်ပွားခဲ့ကာ လူပေါင်း သိန်းချီသေဆုံး၍ လူပေါင်းသန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။

အလားတူ TPLF နှင့် ဗဟိုအစိုးရကြား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့ကာ TPLF သည် ၂၀၂၃ ခုနှစ်တွင် တီဂရေးဒေသ၌ ယာယီအစိုးရအဖွဲ့ကို ဖွဲ့စည်းထူထောင်ပြီး တီဂရေးဒေသကို အုပ်ချုပ်ခဲ့သည်။

Source: ဘီဘီစီ