CNI News
၂၀၂၅ ခုနှစ်၊ မေလ ၈
မြန်မာနိုင်ငံတွင် လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (သို့မဟုတ်) ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါ ကလည်း ငလျင်နှင့်နယ်မြေ မတည်ငြိမ်မှုများကြောင့် လွှတ်တော် ကျင်းပနိုင်ခြေ ရှိ/မရှိဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များအကြား သုံးသပ်ဆွေးနွေးလျက်ရှိသည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံနှင့် အစိုးရ ဌာနဆိုင်ရာ အဆောက်အအုံများ ပျက်စီးသွားခဲ့သည်။
ထို့ပြင် နယ်မြေမတည်ငြိမ်မှုများ ရှိနေသည့်တိုင် နစကဥက္ကဋ္ဌမှ နိုင်ငံတကာထံ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (သို့မဟုတ်) ဇန်နဝါရီလ အစောဆုံး ကျင်းပပေးမည်ဟု ကတိကဝတ် ပြုထားသောကြောင့် လွှတ်တော် ကျင်းပရေးမှာ မလွယ်ကူနိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အမျိုးသားလွှတ်တော်ဆိုတာက ပြည်နယ်တစ်ခု၊ တိုင်းဒေသကြီး တစ်ခုကနေပြီးတော့ ကိုယ်စားလှယ် အနေနဲ့ စေလွှတ်ရတဲ့ဟာမျိုး သူတို့သတ်မှတ်ထားတာပေါ့။ ဆိုတဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ အဲဒီလို ဒေသ တစ်ခုက ၁၂ ဦးစီနဲ့ သူတို့သတ်မှတ်ထားတယ်။ ဆိုတော့ အဲဒီမှာ ဥပမာ ရခိုင်ပြည် ဘယ်လိုလုပ်ပြီးတော့ ရွေးကောက်ပွဲ လုပ်မလဲ။ အဲဒီတော့ ဘယ်လိုလုပ်ပြီးတော့ အဲဒီအမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကို အချိုးချ ပေးရမလဲ၊ နောက်ပြည်နယ်တစ်ခုလုံး အနေနဲ့လည်း ပြည်သူ့လွှတ်တော်က ဘယ်ကလာမလဲ။ စောစောက ပြော သလို ပြည်နယ်လွှတ်တော် ဘယ်လိုကျင်းပမလဲ။ ကိုယ်စားလှယ်မပြောနဲ့ ရွေးကောက်ပွဲ နေရာကို မရှိတာ။ ဘယ်လိုမှ ရွေးကောက်ပွဲကျင်းပဖို့ တစ်ပြည်နယ်လုံးကိုမှ ဖြစ်နိုင်ခြေ အကြောင်းမရှိဘူး။ တိုင်းပြည်က မကွေးတိုင်း တို့၊ စစ်ကိုင်းတိုင်းတို့လိုဟာမျိုးမှာ ဘယ်လိုလုပ်ပြီးတော့ ရွေးကောက်ပွဲကို ကျင်းပနိုင်မလဲ။ ကိုယ်စားလှယ်တွေ ဘယ်လိုရပ်မလဲ။ အဲဒီဒေသတွေမှာ ကိုယ်တိုင်က လုံခြုံမှုမရှိတဲ့ အတောတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ရော ပါတီမဲဆွယ်စဉ် ကတည်းကကို ပြဿနာတွေ အများကြီး ဖြစ်လိမ့်မယ်လို့ ထင်တယ်” ဟု ပြောသည်။
ငလျင်ကြောင့် ထိခိုက်တဲ့ လွှတ်တော်အဆောက်အအုံကို နစကဥက္ကဋ္ဌ သွားလေ့လာစဉ်
ငလျင်ဘေးသင့်သွားသည့်အတွက် အစိုးရယန္တရားနှင့် အဆောက်အအုံများ ပြန်လည်တည်ဆောက် လည်ပတ် ရန်မှာ ကြာနိုင်သည့်အတွက် နစကအနေဖြင့် ကတိပေးထားသည့်အတိုင်း ရွေးကောက်ပွဲအား ကျင်းပနိုင်မှု ရှိ၊မရှိ ဝေဖန်သုံးသပ်မှု အမျိုးမျိုးရှိနေကြသည်။
လက်ရှိတွင် နေပြည်တော်၌ အခြေစိုက်ထားသည့် အစိုးရဌာနဆိုင်ရာ ယန္တရားအချို့ကို ရန်ကုန်သို့ ပြောင်းရွှေ့နေ ရကြောင်း၊ ယခုနှစ် ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့ပြီးနောက် လွှတ်တော်ခေါ်မည်ဆိုပါက ရန်ကုန်တိုင်းဒေသကြီး၌ လွှတ်တော်တစ်ခုတည်းသာရှိ၍ လွှတ်တော်ကို မည်သို့ ကျင်းပမလဲ မေးခွန်းရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
လွှတ်တော်သည် ခမ်းခမ်းနားနားဖြစ်ရန် မလိုသည့်အတွက် လွှတ်တော်ပေါ်ထွန်းရေး တစ်နည်းနည်း လုပ်ဆောင် နိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ လိုရင်ကြံဆ နည်းလမ်းရပါပဲ။ ဒါကို မပြောနိုင်ဘူးပေါ့။ တဲရုံဆောက်ပြီး လွှတ်တော်ကို လုပ်တာလည်း ဖြစ်နိုင်တယ်။ ခမ်းခမ်းနားနား မလုပ်ထားလို့ လွှတ်တော် မဟုတ်ဘူးဆိုတာကတော့ မဖြစ်နိုင် ပါဘူးလို့။ရွေးကောက်ပွဲကတော့အခုထိငြင်းခုန်နေကြတုန်းပဲ။ တချို့က ၂၀၂၆ မှ ဖြစ်မယ်၊ ဒီနှစ်တော့ မဖြစ်နိုင်တော့ဘူးလို့ ပြောနေကြတယ်။ သို့သော်လည်းပဲ ဖြစ်နိုင်မယ်လို့ ပြောနေတဲ့လူတွေကတော့ ရွေးကောက်ပွဲဥပဒေမှာ လူဘယ်နှယောက် မဲထည့်မှ တရားဝင်တယ်၊ မဝင်ဘူးဆိုတာ ဒါမျိုးမရှိဘူးလို့။ မရှိတော့ လူတစ်သောင်းရှိတဲ့နေရာမှာ လူ ၁၀၀ ပဲ မဲထည့်လည်း ဒီ ၁၀၀ က ရွေးလို့ရှိရင် သူက အတည်ဖြစ်တယ်။ အဲဒီတော့သူက လုပ်နိုင်တာပဲ။ ကြားရတာကတော့ ဒီဇင်ဘာလမှာ ၂ ပတ် ပေါ့။ ၁ ပတ် တစ်ကြိမ်၊ ၁ ပတ် တစ်နေရာပေါ့နော်။ လုပ်မယ်။ ဇန်နဝါရီလမှာလည်း နောက်ထပ် ၂ ကြိမ်လုပ်မယ်။ ၁ ပတ် ၁ နေရာလုပ်မယ် ဆိုတာမျိုးလည်း ကြားရပါတယ်။ ဦးနု ခေတ်တုန်းက ၁၉၅၀-၅၁ တုန်းကလည်း လုပ်ခဲ့ တာပဲ ၈ လလုပ်ခဲ့တယ်။ ၈လက ၃ ကြိမ် ၃ ခါ လုပ်ခဲ့ပြီးတော့မှ မဲပေးတဲ့လူက ၁၈ ရာခိုင်နှုန်းပဲရှိတယ်။ ၁၈ ရာခိုင်နှုန်းပဲ ရှိပေမယ့်လည်း ရလဒ်ကို အတည်ပြုခဲ့တာပဲ။ သို့သော် ကွာတာကတော့ အဲဒီတုန်းက ပြည်တွင်းစစ် ဖြစ်နေတယ် ဆိုပေမယ့်လည်း အစိုးရပါတီက အင်မတန်မှ လူကြိုက်များတယ်ပေါ့။ အခု ကျနော်တို့ဆီမှာတော့ လူကြိုက်များတဲ့ ပါတီမပါကြဘူးပေါ့” ဟု ပြောသည်။
ငလျင်ကြောင့် လွှတ်တော်ထိခိုက်ပျက်စီးနေစဉ်
နိုင်ငံရေးပါတီများ အနေဖြင့် ပါတီမှတ်ပုံတင် အသစ်လျှောက်ထားလိုပါက မေလ ၉ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကာ လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ရွေးကောက်ပွဲကော်မရှင် က ဧပြီ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။
နစက စီစဉ်ထားသော ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပခဲ့ပါက အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကို မည်သည့် နေရာတွင်ထား၍ ဆောင်ရွက်မည်လဲ မေးခွန်းထုတ်စရာရှိနေသလို တိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော်များကို မည်ကဲ့သို့ ကျင်းပမည်လဲဆိုသည်မှာလည်း မေးခွန်းထုတ်စရာရှိနေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြနေကြသည်။