CNI International News

ဘန်ကောက်၊ မေလ ၆

ထိုင်းနိုင်ငံတွင် ဖျက်သိမ်းခံခဲ့ရသည့် Move Forward ပါတီ(MFP)၏ ခေါင်းဆောင်ဟောင်း ပီတာ လင်မ်ဂျာရွန်ရတ် (Pita Limjaroenrat)က လာမည့် ၉ နှစ်အလွန်မှာ ဝန်ကြီးချုပ်ဖြစ်လာရန် ရည်မှန်းထားသည်ဟု ပြောကြားခဲ့ ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ပီတာသည် နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ်ပင် ခံထားရပြီးနောက် လာမည့် ၉ နှစ် ပိတ်ပင်ခံထားရသည့် ကာလအပြီး တွင် နိုင်ငံရေးလောကသို့ ပြန်လည်ဝင်ရောက်၍ ထိုင်းနိုင်ငံ၏ အကောင်းဆုံးဝန်ကြီးချုပ် ဖြစ်လာရန် ရည်မှန်းထား သည်။

“ကျနော်ဟာ ဗဟုသုတတွေ ဆည်းပူးဖို့ နိုင်ငံအနှံ့ကို ခရီးထွက်နေပါတယ်။ နောက် ၉ နှစ်ကြာရင်တော့ ထိုင်းနိုင်ငံ ရဲ့ အကောင်းဆုံး ဝန်ကြီးချုပ်အဖြစ် ကျနော် ပြန်လာခဲ့မှာပါ” ဟု ပီတာက မေလ ၄ ရက်တွင် ၎င်းအား ထောက်ခံ သူများကို ပြောကြားခဲ့သည်။

ပီတာ မဲဆွယ်ပေးနေစဉ်

ပီတာသည် ဖျက်သိမ်းခံခဲ့ရသည့်  ပါတီဝင်များ အသစ်ဖွဲ့စည်းခဲ့သော ပြည်သူ့ပါတီ(PP)၏ ကိုယ်စားလှယ် လောင်းများအတွက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်သူ့ပါတီ(PP)မှ ကိုယ်စားလှယ်လောင်းများသည် ခွန်ခန် (Khon Kaen) ပြည်နယ်နှင့် အခြား ပြည်နယ်များ၌ မြို့တော်ဝန်နေရာများနှင့် ကောင်စီဝင်နေရာများအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည်။

ထိုရွေးကောက်ပွဲကို မေလ ၁၀ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

ပြည်သူ့ပါတီသည် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် ဒေသန္တရ ရွေးကောက်ပွဲများတွင် ပြည်နယ်အချို့၌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း လမ်ဖန် (Lamphun) ပြည်နယ်တစ်ခုတွင်သာ အနိုင်ရခဲ့သည်။

ခွန်ခန်ပြည်နယ်တွင် ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်း ဘန်ဂျာမာပွန် သီရိလာဘွန့်  (Benjamaporn Srilaboot)သည် ပြိုင်ဘက် ကိုယ်စားလှယ်လောင်း ၄ ဦးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပီတာနဲ့ လူထုကို တွေ့ရစဉ်

ပီတာကမူ ပြည်သူ့ပါတီကို ထောက်ခံမှု အားကောင်းသည့် မြို့ပြဒေသများ ပါဝင်သည့် ခွန်ခန်ပြည်နယ်တွင် အနိုင်ရရန် မျှော်မှန်းထားသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လက အခြေခံဥပဒေဆိုင်ရာတရားရုံးသည် ပီတာအား အမျိုးသားလုံခြုံရေးနှင့် ဘုရင်စနစ်ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင် လုပ်ဆောင်မှုဖြင့် နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ်ပင်ခဲ့ပြီး  MFP ကိုလည်း ဖျက်သိမ်း ရန် အမိန့်ချမှတ်ခဲ့သည်။

ပီတာနှင့်အတူ အခြား MFP အလုပ်အမှုဆောင် ၉ ဦးကိုလည်း နိုင်ငံရေးလောကမှ ၁၀ နှစ်ကြာ ပိတ်ပင်ခဲ့သည်။

၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် MFP ပါတီသည် အနိုင်ရခဲ့သော်လည်း ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခဲ့ခြင်း မရှိသဖြင့် ဒုတိယမဲအများဆုံး ရရှိခဲ့သည့် ဖြူးထိုင်းပါတီက ညွန့်ပေါင်းအစိုးရဖွဲ့ကာ အာဏာရရှိခဲ့သည်။

Source: ဘန်ကောက်ပို့စ်