CNI International News

အစ္စလာမ်မာဘက်၊ မေလ ၅

ပြီးခဲ့သည့်လက အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယနှင့် တင်းမာမှု မြင့်တက်နေသည့် ပါကစ္စတန်သည် မေလ ၄ ရက်က ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ထိုဒုံးကျည်သည် မြေပြင်မှ မြေပြင်ပစ် ဒုံးကျည် အမျိုးအစားဖြစ်ပြီး ကီလိုမီတာ ၄၅၀ (မိုင် ၂၈၀) အထိ ပစ်ခတ် ရောက်ရှိနိုင်သည်ဟု ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။

ဧပြီ ၂၂ ရက်က ကက်ရှ်မီးယားဒေသ၏ ပါဟယ်ဂန် (Pahalgam) မြို့တွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ပါကစ္စတန်ကို ဝေဖန်ပြစ်တင်ခဲ့သည့် အိန္ဒိယကမူ ထိုဒုံးကျည် စမ်းသပ်မှုနှင့်ပတ်သက်ပြီး ချက်ချင်း မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။

Abdali Weapon System အမည်ရှိ ထိုဒုံးလက်နက် စမ်းသပ်မှုသည် ပါကစ္စတန်စစ်သားများ၏ စစ်ဆင်ရေးဆိုင်ရာ အသင့် အနေအထားရှိမှုနှင့် အဓိကကျသည့် နည်းဗျူဟာမြောက် အခြေအနေကို မြှင့်တင်ရန်ဖြစ်ကြောင်း၊ ထိုဒုံးကျည်တွင် ခေတ်မီ ပဲ့ထိန်းစနစ် ပါဝင်ပြီး အသုံးပြုရ လွယ်ကူးကြောင်း ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့ သည်။

အိန္ဒိယနဲ့ပါကစ္စတန်ကို တွေ့ရစဉ်

ပါကစ္စတန်သမ္မတ အဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari) နှင့် ဝန်ကြီးချုပ် ရှာဘက် ရှရစ်ဖ် (Shehbaz Sharif) တို့ကလည်း ထိုဒုံးကျည် အောင်မြင်စွာ စမ်းသပ်နိုင်မှုအပေါ် ဂုဏ်ပြုစကားများ ပြောကြားခဲ့သည်။

ပါကစ္စတန်သည် ဒုံးကျည်များကို အိန္ဒိယနယ်စပ်သို့ ဦးတည်ပစ်လွှတ်လေ့မရှိဘဲ အာရေဗျပင်လယ် (Arabian Sea) သို့မဟုတ် ဘာလိုချီစတန် (Balochistan) ပြည်နယ် အနောက်တောင်ဘက် သဲကန္တရများထဲသို့သာ စမ်းသပ် ပစ်လွှတ်လေ့ရှိသည်။

မေလ ၃ ရက်က စမ်းသပ်ခဲ့သည့် ဒုံးကျည်၏ အမည်ကို အိန္ဒိယအား အောင်နိုင်ခဲ့သည့် အထင်ကရ မွတ်ဆလင် စစ်ဘုရင် တစ်ဦးဖြစ်သော Abdali ၏ အမည်ကို အစွဲပြုပြီး အမည်ပေးခဲ့ခြင်းဖြစ်ကြောင်း အစ္စလာမ်မာဘက် (Islamabad) မြို့အခြေစိုက် လုံခြုံရေးကျွမ်းကျင်သူ ဆေးယက် မိုဟာမက် အလီ (Syed Muhammad Ali) က ပြောကြားခဲ့သည်။

ယခုကဲ့သို့ ပထဝီနိုင်ငံရေး အခြေအနေ ရှုပ်ထွေးနေချိန်တွင် ဒုံးကျည်စမ်းသပ်မှုသည် အလွန်သိသာထင်ရှားသည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်းလည်း အလီက ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်များကမူ အတိတ်ကာလက စစ်ပွဲများ ဖြစ်ပွားခဲ့ဖူးသည့် အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံးကို တင်းမာမှုများ လျှော့ချရန်နှင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

Source: AP