CNI International News
နယူးဒေလီ၊ ဧပြီ ၃၀
ပြီးခဲ့သည့် သီတင်းပတ်က အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ သဖြင့် အိန္ဒိယအစိုးရသည် ဧပြီ ၂၉ ရက်၌ ကက်ရှ်မီးယားဒေသရှိ ခရီးသွားများ သွားရောက်လေ့ရှိသည့် နေရာဒေသ များအနက် ထက်ဝက်ကျော်ကို သွားရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အိန္ဒိယအစိုးရက ကက်ရှ်မီးယားဒေသရှိ ခရီးသွားများ သွားရောက် လည်ပတ်လေ့ရှိသည့် နေရာ ၈၇ နေရာအနက် ၄၈ နေရာကို ပိတ်ပစ်ရန် ဆုံးဖြတ်ခဲ့ပြီး လုံခြုံရေးများ တိုးမြှင့်ချထားခဲ့သည်။
သွားရောက်လည်ပတ်ခွင့် ပိတ်ပင်သည့် ကာလကို အတိအကျ ကြေညာခဲ့ခြင်းမရှိဘဲ အစိုးရအရာရှိများကလည်း ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။
ဧပြီ ၂၂ ရက်က စစ်သွေးကြွများသည် ပါဟယ်ဂန် (Pahalgam) မြို့တွင် အမျိုးသားများ၏ အမည်ကို မေးမြန်းပြီး ဟိန္ဒူဘာသာဝင်များကို ပစ်မှတ်ထားကာ အမျိုးသား ၂၆ ဦးအား အနီးကပ် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း အရာရှိ များနှင့် အသက်ရှင် လွတ်မြောက်ခဲ့သူများက ပြောကြားခဲ့သည်။
မွတ်ဆလင် အများစုနေထိုင်သည့် ကက်ရှ်မီးယားဒေသတွင် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် စစ်သွေးကြွ ၃ ဦးအနက် ၂ ဦးသည် ပါကစ္စတန်မှဖြစ်ကြောင်း အိန္ဒိယမှ ပြောကြားခဲ့သည်။
ကက်ရှ်မီးယားဒေသ လုံခြုံရေးချထားစဉ်
ပါကစ္စတန်ကမူ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားပြီး ဘက်မလိုက်သည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တိုက်တွန်းထားသည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ကက်ရှ်မီးယားဒေသကို တစ်ဖက်တစ်ချက်စီ ခွဲဝေအုပ်ချုပ်ထားပြီး ပါကစ္စတန်သည် ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများအား ငွေကြေးထောက်ပံ့ပေးနေပြီး အားပေးအားမြောက် ပြုလုပ်နေ ကြောင်း အိန္ဒိယက စွပ်စွဲထားသည်။
ပါကစ္စတန်အစိုးရကမူ ၎င်းတို့သည် ကက်ရှ်မီးယား ဒေသခံများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုမှုအတွက် သံတမန်ရေးအရသာ ထောက်ခံပေးနေကြောင်း ပြောကြားခဲ့သည်။
ကက်ရှ်မီးယားတွင် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နျူကလီးယား လက်နက်များ ပိုင်ဆိုင်ထားကြသည့် အိန္ဒိယနှင့် ပါကစ္စတန်ကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။
ထို့နောက် နှစ်နိုင်ငံကြား သံတမန်ရေးအရ အပြန်အလှန် တားမြစ်ကန့်သတ်သည့် အစီအစဉ်များ လုပ်ဆောင်ခဲ့ကြ ပြီး အိန္ဒိယက ပါကစ္စတန်နှင့် မြစ်ရေမျှဝေသုံးစွဲသော အင်ဒူမြစ်ရေ သဘောတူစာချုပ်ကို ဆိုင်းငံ့ခဲ့သည်။
ထို့ကြောင့် ပါကစ္စတန်ကလည်း ၎င်း၏ လေပိုက်နက်အတွင်း အိန္ဒိယလေကြောင်းလိုင်းများ ဖြတ်သန်းဝင်ရောက် မှုကို တားမြစ်ခဲ့သည်။
Source: ရိုက်တာ