CNI News

၂၀၂၅ ခုနှစ်၊ မေလ ၂

တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ဘင်္ဂါလီများအား ရခိုင်ပြည်နယ်အတွင်း သီးခြားလွတ်လပ်သည့် ကိုယ်ပိုင် နယ်မြေ ဖြစ်ပေါ်လာရေး တစ်စုံတစ်ရာ မှတ်ချက်ပေးမည်ဆိုပါက နိုင်ငံရေးအရ ကြီးမားသည့် အမှားဖြစ်သွားနိုင် ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အတိုက်အခံပါတီ တစ်ခုဖြစ်သည့် ဂျာမားအိစ်အစ္စလာမ်မစ် (Jamaat-e-Islami)ပါတီသည် ဧပြီ ၂၇ ရက်က တရုတ်ကွန်မြူနစ်ပါတီ(CCP)မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံမှုတွင် ရခိုင်ပြည်နယ်အတွင်းမှာ ဘင်္ဂါလီလူမျိုးများအတွက် သီးခြားလွတ်လပ်သည့် နယ်မြေတစ်ခု သတ်မှတ်ပေးဖို့ တရုတ်က ထောက်ခံတိုက်တွန်းပေးရန် ဆွေးနွေးခဲ့သည်။

ထိုဆွေးနွေးမှုတွင် တရုတ်ဘက်မှ တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့မည် မဟုတ်ဘဲ Jamaat-e-Islami ပါတီ၏ ဆွေးနွေးမှုများကိုသာ နားထောင်ခဲ့ပြီး ပြန်လာသည့် အနေအထားရှိကြောင်း၊ ထိုကိစ္စအပေါ် တရုတ်မှ မှတ်ချက် ပေးလိုက်မည်ဆိုပါက အကြီးမားဆုံးနိုင်ငံရေးဆိုင်ရာ အမှားဖြစ်သွားမည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ မှ ဒါရိုက်တာဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်ကွန်မြူနစ်ပါတီနဲ့ ဂျာမားအိစ်အစ္စလာမ်မစ်ကို တွေ့ရစဉ်

၎င်းက “သို့သော် ခုနက သူတို့စသုံးတဲ့ ရိုဟင်ဂျာဆိုတဲ့ ကိစ္စရပ်သည် ကျနော်တို့ဘက်က လက်ခံထားတဲ့အပိုင်း မဟုတ်ဘူး။ ကျနော်တို့ မြန်မာနိုင်ငံမှာ အစိုးရတွေ လက်ခံထားတာသည် ဘင်္ဂါလီပဲ ဖြစ်တယ်။ အသုံးအနှုန်း ကိစ္စရပ်ကစလို့ ကျနော်တို့မှာ ညှိနှိုင်းစရာတွေ အများကြီးရှိတယ်။ အဲဒီတော့ သူတို့က ဒီနာမည်နဲ့ ဒီလိုနေရာမှာ လာလိုချင်တယ်ဆိုတာက နိုင်ငံတစ်ခုရဲ့ လက်ရှိကျင့်သုံးနေတဲ့ မူဝါဒနဲ့ အချုပ်အခြာအာဏာကို အကြီးမားဆုံး လာထိပါးတာဖြစ်တယ်။ အဲဒါမျိုးကိုတော့ တရုတ်လည်း လုပ်မယ်မထင်ဘူး။ တစ်ဖက်ကလည်း ဘင်္ဂလားဒေ့ရှ်က ရလိုရငြား သွေးတိုးစမ်းကြည့်တဲ့ သဘောလို့ သုံးသပ်ပါတယ်။ သွားပြီးတော့ သံယောင်သွားလိုက်လိုက်ရင် သူ့အတွက်(တရုတ်) အကြီးမားဆုံး နိုင်ငံရေးဆိုင်ရာ အမှားဖြစ်သွားလိမ့်မယ်။ ဒါကတော့ တရုတ်ရဲ့သဘောထား ကတော့ သူပြောတဲ့ဟာကို နားထောင်ပြီး ပြန်လာမယ့် အနေအထားလို့ထင်တယ်။ တရုတ်နဲ့ပတ်သက်လို့ ဘာမှ ထွေထွေထူးထူး ရှိမှာမဟုတ်ဘူး။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က ဘာတွေဆက်လုပ်မလဲဆိုတာတော့ ဆက်လက် စောင့်ကြည့်ရမယ့် အနေအထားပါ။ အရေးကြီးဆုံးကတော့ ကျနော်တို့ရဲ့ နိုင်ငံတော်မှ ကိုင်စွဲထားတဲ့ မူဝါဒနဲ့ ပြင်ပက ပြောလာတဲ့ နိုင်ငံတကာဖိအားပဲဖြစ်စေ၊ ဆွေးနွေးသုံးသပ်ချက်ပဲဖြစ်စေ ဘာပဲဖြစ်စေ ကိုယ့်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ အမျိုးသားလုံခြုံရေးအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့လည်း ဆုံးဖြတ်ရမယ်” ဟု ‌ပြောသည်။

ဂျာမားအိစ်အစ္စလာမ်မစ် (Jamaat-e-Islami)ပါတီသည် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အစိုးရလက်ထက်က တရားစွဲ ဆိုခံခဲ့ရပြီး ၂၀၁၄ ခုနှစ်မှစ၍ ရွေးကောက်ပွဲ ဝင်ခွင့်မရဘဲ ပိတ်ပင်ခံခဲ့ရသည့် ပါတီတစ်ခုဖြစ်ပြီး အမေရိကန်လို လားသူ မိုဟာမက်ယူနွတ် ဦးဆောင်သည့် ကြားဖြတ်အစိုးရအဖွဲ့လက်ထက် တက်လာပြီးနောက် စွဲဆိုထားသော အမှုများကို ရုတ်သိမ်းပေးကာ ပါတီထူထောင်ခွင့် ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများအတွက် သီးခြားလွတ်လပ်သည့် နယ်မြေတစ်ခု သတ်မှတ် ပေးရန် ဆွေးနွေးတောင်းဆိုမှုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးသော ပြောဆိုချက်ဖြစ်သည့် အတွက် မြန်မာနိုင်ငံအနေဖြင့် လက်မခံကြောင်းနှင့် ရှုံ့ချကန့်ကွက်ပါကြောင်း  နစက,က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံသည် ဘင်္ဂါလီများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်ထောက်ပံ့ရေး အစီအစဉ်နှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဒုဝန်ကြီးနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဒုဝန်ကြီးတို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ပဋိပက္ခများ ဖြစ်ပွားချိန်မှ ရပ်တန့်သွားခဲ့ခြင်းဖြစ်ကြောင်း နစက,က ပြောသည်။

ဘင်္ဂါလီအရေး တောင်းဆိုနေကြစဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်းကို ထိန်းချုပ်ထားနိုင်သည့် AA သော်လည်းကောင်း၊ နစကတို့သော်လည်းကောင်း ဘင်္ဂလား‌ဒေ့ရှ်နှင့် သံတမန်အရသာမက နိုင်ငံရေးအရပါ ဆက်ဆံမှုများရှိကြသည့်အတွက် နိုင်ငံရေးအရ ဖြေရှင်း နိုင်ပါက အကောင်းဆုံးဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မြန်မာနိုင်ငံအနေနဲ့ အင်အား အသင့်အတင့်ပဲရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲဒီတော့ ဒီကိစ္စတွေ နိုင်ငံတကာရေးရာကို ဖြေရှင်းရတဲ့အခါ နိုင်ငံရေးနည်းအရ၊ သံတမန်နည်းအရ ဖြေရှင်းနိုင်ကြတာတော့ အကောင်းဆုံးပါပဲ။ အခုကျနော်တို့ လေ့လာကြည့်ရသ‌လောက်ကတော့ မြန်မာနိုင်ငံက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အထူးသဖြင့် ရခိုင်မြောက်ပိုင်းမှာ နယ်မြေ ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်နိုင်တဲ့ ULA/AA အဖွဲ့စည်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်ဆံတဲ့အခါ နိုင်ငံရေးအရ ဆက်ဆံနေတယ်လို့ပဲ သတင်းတွေမှာ တွေ့ရတယ်။ ဒါအပြင် နိုင်ငံရဲ့တာဝန်ရှိတဲ့ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တွေကလည်း သံတမန်နယ်မြေအရ ဥပဒေနဲ့အညီပဲ ဆောင်ရွက်နေတာ ကို တွေ့ရပါတယ်။ သို့သော်လည်း တစ်ဖက် အင်အားစုတွေကနေ ဘယ်လိုမျိုး ရှေ့ဆက်ပြီးတော့ ဘယ်လိုဖိအား ပေးပြီးတော့ ဆောင်ရွက်လာမယ်ဆိုတာကတော့ ကျနော်တို့ နိုင်ငံရေးပါတီအနေနဲ့ ထဲထဲဝင်ဝင် သတင်း ခိုင်ခိုင် မာမာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံရရှိခြင်း မရှိတဲ့အတွက် အတိအကျ မပြောနိုင်ဘူး။ အတတ်နိုင်ဆုံးကတော့ ဘယ်ကိစ္စကိုမဆို နိုင်ငံရေးအရ ဖြေရှင်းနိုင်တာဟာ အကောင်းဆုံးနဲ့ အညင်သာဆုံး အနီးစပ်ဆုံးနဲ့ အကောင်းဆုံး ဖြေရှင်းမှုလို့ပဲ ကျနော်တို့အနေနဲ့ ဖြေရှင်းစေချင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်အကြား ဘင်္ဂါလီဒုက္ခသည် ၁၈၀,၀၀၀ (တစ်သိန်းရှစ်သောင်း)ကို ပြန်လည် လက်ခံရန် သဘောတူညီထားကြကာ မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂါလီဒုက္ခသည်များကို စာရင်းတိုက်ဆိုင် စိစစ်ပြီး ပြန်လည် လက်ခံမည်ဆိုသည့် အခြေခံ မူဝါဒရှိကြောင်း နစက,က ပြောကြားထားသည်။

ထို့ကြောင့် ဒုက္ခသည်များ ပြန်လည် ဝင်ရောက် နေထိုင်နိုင်ရန်အတွက် လုံလောက်သည့် အဆောက်အအုံများ ကိုလည်း တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ပြီးဖြစ်ကာ နိုင်ငံတကာ သံတမန်များသို့လည်း ရှင်းလင်း ပြသပြီးဖြစ်ကြောင်း သိရသည်။