CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀
မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်အတွင်း မွတ်ဆလင်များအတွက် သီးခြား လွတ်လပ်သည့် ကိုယ်ပိုင်နယ်မြေ ဖြစ်ပေါ် လာရေး ဘင်္ဂလားဒေ့ရှ်ဘက်မှ ထုတ်ပြောလာမှုအပေါ် နစကဘက်မှ တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်သင့်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ဧပြီ ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီမှ ထိပ်တန်းကိုယ်စားလှယ် အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အတိုက်အခံ အင်အားကြီးပါတီ ဂျာမားအိစ်အစ္စလာမစ်ပါတီ(Jamaat-e-Islami)တို့ တွေ့ဆုံစဉ်တွင် ဘင်္ဂလားဒေ့ရှ်ဘက်က ထိုကိစ္စအပေါ် ဆွေးနွေးညှိနှိုင်းလာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး ဟူ၍မရှိဘဲ ဘင်္ဂါလီ လူမျိုးသာရှိကြောင်း မြန်မာအာဏာပိုင်များမှ တရားဝင် ထုတ်ဖော်ပြောကြားထားကာ ထိုလူမျိုးတို့၏ အသုံးအနှုန်းကိစ္စ၌ပင် အများအပြား ညှိနှိုင်းရဦးမည်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ယူနွတ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များကို တွေ့ရစဉ်
၎င်းက “ဘယ်လိုတုံ့ပြန်သင့်သလဲဆိုတော့ ဒါကတော့ လက်ရှိမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ရဲ့ အကူးအပြောင်းကာလမှာ တာဝန်ယူထားတာ ဖြစ်တယ်။ အထွေထွေရွေးကောက်ပွဲလည်း လုပ်ရ မယ်။ ဘယ်လိုပဲပြောပြော တာဝန်ရှိသူ အစိုးရတစ်ရပ် အနေနဲ့ကတော့ ဒါကနဲ့ပတ်သက်ပြီး သဘောထား ထုတ်ပြန်ချက် တစ်ခုလောက်တော့ လုပ်သင့်တယ်လို့ မြင်တယ်။ အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ ပေါ့။ ဆိုလိုတာက ဒါနဲ့ ပတ်သက်ပြီး သဘောထား စတင်ထုတ်ပြောလာတဲ့ ဘင်္ဂလားတချို့ကို ကန့်ကွက်မှာလား။ ဒါနဲ့ပတ်သက်ပြီး မြန်မာရဲ့သဘောထားက ဘယ်လိုရှိလဲ။ ဆိုလိုတာက သံတမန်နည်းလမ်းအရ သူ့ဘက်က ဒါနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားရှိကြောင်းတော့ ထုတ်ပြန်သင့်တယ်လို့ထင်တယ်။ ဒီစကားအသုံးအနှုန်း ကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ စဉ်းစားရမှာပေါ့လေ။ ဘာမှမဟုတ်ဘူး ဒီဟာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီး သူတို့ဒါမျိုးအကြံပြုတဲ့ ကိစ္စမျိုးက မြန်မာ့ပြည်တွင်းရေးနဲ့ တိုက်ရိုက် ချိတ်ဆက်တာမျိုး၊ ဆိုလိုတာက မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ပုံစံမျိုး ရောက်တာ မျိုးတော့ လက်ခံမှာ မဟုတ်ဘူးဆိုတဲ့ အနေအထားမျိုးတော့ သဘောထား ထုတ်ပြောရမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မွတ်ဆလင်ဒုက္ခသည် (၁)သန်းကျော်ကို လက်ခံထားရကြောင်း၊ ၎င်းတို့အတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာ ကူညီပေးရုံဖြင့် မွတ်ဆလင်ဒုက္ခသည်အရေး ပြေလည်နိုင်စရာမရှိကြောင်း၊ ကိုယ်ပိုင်နယ်မြေအဖြစ် ရခိုင်ပြည်နယ်အတွင်း သတ်မှတ်ပေးကာပြန်လည်နေရာ ချထားပေးခြင်းသည် အဖြေမှန် ဖြစ်ကြောင်း ဂျာမားအိစ်အစ္စလာမစ်ပါတီမှ အကြီးအကဲ မိုဟာမက် တာဟေရ်က ပြောထားသည်။
မြန်မာနိုင်ငံသားများအနေဖြင့် မိမိ၏ အမိမြေကို အခြားတိုင်းတစ်ပါးထံ တစ်လက်မမျှ ပေးချင်စိတ်ရှိမည် မဟုတ် ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်း ဌာနသို့ ပြောသည်။
ကုလအတွင်းရေးမှူးချုပ် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းရောက်လာစဉ်
၎င်းက “ဒီကိစ္စက ကျနော်တို့ မြန်မာနိုင်ငံမှာ တစ်ကြိမ်တစ်ခါတည်း ဖြစ်ခဲ့တဲ့ကိစ္စ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ် ပြည်တွင်းစစ်မှာလည်း ဘင်္ဂလားဒေ့ရှ်ကနေ ပြည်သူလူထုတွေ စစ်ဘေးရှောင်ပြီးတော့မှ ကျနော်တို့ မြန်မာနိုင်ငံကို ဦးနေဝင်း လက်ထက်မှာ အလုံးအရင်းနဲ့ ဝင်ရောက်ပြီး စစ်ဘေးရှောင်လာကြတဲ့ သာဓကတွေလည်း ရှိတယ်။ နဂါးမင်း စစ်ဆင်ရေးမှာလည်း ဥပဒေနဲ့မညီညွတ်တဲ့ ပြည်သူတွေက သူတို့ကို အရေးယူ ခံရမှာကြောက်ပြီးတော့ အကြိမ်ကြိမ်အခါခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးပြီးမှ နိုင်ငံရေးနည်းအရ စေ့စပ်ညှိနှိုင်းပြီးတော့မှ အကောင်း ဆုံး ဖြေရှင်းကြတဲ့ အကြိမ်အရေအတွက် တော်တော်များများ ရှိပါတယ်။ အခုတစ်ခါလည်း အခုဖြစ်နေတဲ့ နောက်ဆုံး အချိန်မှာလည်း ဒီနည်းအတိုင်းပဲ နိုင်ငံရေးနည်းအရ ပြန်လက်ခံလိုက်တဲ့ လူတွေကို ဥပဒေနဲ့အညီ မြန်မာနိုင်ငံမှ တိကျစွာပြဋ္ဌာန်းထားတဲ့ နိုင်ငံသားဥပဒေနဲ့အညီ စိစစ်ပြီးတော့မှ လက်ခံနိုင်တဲ့ အခြေအနေမှာ ထိုက်သင့်တဲ့ လက်ခံသင့်တဲ့လူတွေကို လက်ခံလိုက်ရင် ဒီပြဿနာ ပြေလည်သွားမယ်လို့ထင်ပါတယ်” ဟု ပြော သည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် AA ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး မွတ်ဆလင် များ နေထိုင်သည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်တို့ကို AA က ထိန်းချုပ်ထားခြင်းဖြစ်သည်။
ထို့ကြောင့် မွတ်ဆလင်ဒုက္ခသည်များအား နေရပ်ပြန်ပို့ရေးတွင် AA နှင့် ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်းလည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောဆိုထားသည်။