CNI International News

ပြုံယမ်း၊ ဧပြီ ၂၉

ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားက ရုရှားသို့ စစ်သားများ စေလွှတ်ခဲ့ကြောင်း ဧပြီ ၂၈ ရက်တွင် ပထမဆုံး အကြိမ် အတည်ပြုဝန်ခံခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များ ထိန်းချုပ်ထားသော ကာ့စ် (Kursk) နယ်စပ်ဒေသကို ရုရှားတပ်ဖွဲ့က မြောက်ကိုရီးယား စစ်သားများ၏ အကူအညီဖြင့် ပြန်လည်သိမ်းယူခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းတွင် ဖော်ပြခဲ့မှုနှင့်အတူ ယခုကဲ့သို့ ဝန်ခံခဲ့ခြင်းဖြစ်သည်။

ရုရှားသမ္မတ ပူတင်(Vladimir Putin)က  မြောက်ကိုရီးယားတပ်ဖွဲ့များ၏ စွမ်းဆောင်ရည်ကို ဧပြီ ၂၈ ရက်တွင် ချီးကျူးခဲ့သည်။

ထို့နောက် ရုရှားအစိုးရက ယူကရိန်းစစ်ပွဲ၌ မြောက်ကိုရီးယား၏ ပါဝင်ပတ်သက်မှုကို အတည်ပြုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် မြောက်ကိုရီးယားမှ ယခုကဲ့သို့ ဝန်ခံခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားနှင့် အနောက်နိုင်ငံများမှ ထောက်လှမ်းရေး အေဂျင်စီများကမူ မြောက်ကိုရီးယားသည် လွန်ခဲ့သည့်နှစ်က ကာ့စ်ဒေသတွင် ရုရှားကို အကူအညီပေးရန် စစ်သား ၁၀,၀၀၀ ကျော် စေလွှတ်ခဲ့သည်ဟု ဆိုသည်။ 

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ ရုရှားသမ္မတ ပူတင် တွေ့ဆုံမှု သတင်းကြေညာနေစဉ်

မြောက်ကိုရီးယား တပ်ဖွဲ့များသည် ကာ့စ်ဒေသ လွတ်မြောက်ရေးအတွက် စစ်ဆင်ရေးများတွင် ပါဝင်ခဲ့ကြောင်း ပြုံယမ်း၏ ဗဟိုစစ်ကော်မရှင်က ဆိုသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်(Kim Jong Un)သည် အပြန်အလှန် ကာကွယ်ရေး စာချုပ်နှင့်အညီ စစ်သားများကို ဖြန့်ကြက်ချထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု KCNA တွင် ဖော်ပြခဲ့သည်။

“တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့သူတိုင်းက သူရဲကောင်းတွေဖြစ်ကြပြီး အမိမြေရဲ့ ဂုဏ်သိက္ခာ အကျိုးတော် ဆောင်တွ ဖြစ်ပါတယ်”ဟု ကင်မ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်တွင် တိုက်ပွဲစွမ်းဆောင်ရည် အထိမ်းအမှတ်ရုပ်တုကို မကြာမီ တည်ဆောက်သွားမည်ဖြစ်ပြီး စစ်ပွဲတွင် ကျဆုံးခဲ့သည့် စစ်သားများ၏ ကမ္ပည်းကျောက်စာတိုင်များကိုလည်း ထူထောင်သွားမည်ဖြစ်ကြောင်း ကင်မ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား အနေဖြင့် စစ်ပြန်များ၏ မိသားစုဝင်များကို အထူးဂုဏ်ပြုပြီး စောင့်ရှောက်ပေးရန် အရေးကြီး သည့် နိုင်ငံတော်အဆင့် အစီအစဉ်များကို လုပ်ဆောင်ရမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Source: ရိုက်တာ