CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂
နေးရှင်းလိဂ်ကလပ် ဝိုကင်းအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ အင်္ဂလန်နဲ့စပါးအသင်း တိုက်စစ်မှူး ဟောင်း ဒီဖိုးက အသင်းကို တန်းတက်အောင် ကိုင်တွယ်ပေးဖို့ ပစ်မှတ်ထားနေပါတယ်။
အသက် ၄၃ နှစ်အရွယ်ရှိ ဒီဖိုးဟာ သူ့ရဲ့ ပထမဆုံး အသင်းကြီး နည်းပြ ရာထူးအဖြစ် ဝိုကင်းအသင်းကို ကိုင်တွယ်မှာပါ။
ဒီဖိုးဟာ ရိန်းဂျားစ်အသင်းမှာ ကစားချိန်က ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့သလို အသင်းရဲ့ နည်းပြအဖွဲ့ထဲမှာ လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဒီနောက်မှာ ဒီဖိုးဟာ စပါးအသင်းထံ ပြန်လာပြီး အကယ်ဒမီမှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ဝိုကင်းအသင်းဟာ နေးရှင်းလိဂ်ပွဲပေါင်း ၄၀ ကစားပြီးချိန်မှာ ရမှတ် ၅၄ မှတ်နဲ့အဆင့် ၁၀ နေရာ ရပ်တည်နေပြီး ပလေးအော့ဖ် ယှဉ်ပြိုင်ရမယ့်နေရာနဲ့ ၁၁ မှတ် ကွာဟနေတာပါ။

ဝိုကင်းအသင်းကို တွေ့ရစဉ်
ဒါ့အပြင် ဝိုကင်းအသင်းဟာ ဒီရာသီလိဂ် လက်ကျန်ပွဲတွေ ကစားဖို့ ၆ ပွဲသာ ကျန်ရှိတော့တာကြောင့် တန်းတက်ဖို့ ခက်ခဲမှုတွေ ရှိနေတာဖြစ်ပါတယ်။
ဒီဖိုးက “ကျနော်တို့ဟာ ရည်မှန်းချက် ကြီးမားတဲ့ သူတွေဖြစ်တဲ့အတွက် ကောင်းမွန်စွာ လုပ်ဆောင်ချင်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ တန်းတက်နိုင်ဖို့ပါပဲ။ ကျနော်တို့ ယုံကြည်မှုရှိရမှာဖြစ်ပြီး မန်နေဂျာပဲဖြစ်ဖြစ်၊ နည်းပြပဲ ဖြစ်ဖြစ်၊ ကစားသမားပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အမြဲထောက်ခံ နေရပါမယ်”လို့ ပြောခဲ့ပါတယ်။
ဒီဖိုးဟာ အင်္ဂလိပ်ဘောလုံး ထိပ်တန်းအဆင့် ၅ ဆင့်ထဲမှာ ကိုင်တွယ်နေတဲ့ လူမည်းနည်းပြ ၅ ဦးထဲက တစ်ဦး လည်း ဖြစ်ပါတယ်။
ဒီဖိုးကတော့ တခြားလူမည်း နည်းပြတွေ အခွင့်အရေး ရလာမယ်လို့ ထင်ကြောင်းနဲ့ ကစားနေဆဲ ကစားသမား တွေလည်း အနာဂတ်မှာ အခွင့်အရေးရလာဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
Source: BBC
