CNI News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂

စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံ၍ EV ကားများ ပြန်လည်တင်သွင်းသည့် စနစ်ကို ဆောင်ရွက်သွား ရန် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက်က ကျင်းပသည့် စက်သုံးဆီများ ဖူလုံစွာ ရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မြေဩဇာများ ရရှိရေး အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ယာယီသမ္မတက “ စက်သုံးဆီများကို လျှော့ချနိုင်ရန်အတွက် EV ကား တင်သွင်းမှုများကို ဆောင်ရွက်ရာတွင် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံ၍ EV ကားများ ပြန်လည်တင်သွင်းသည့် စနစ်ဖြင့် ဆောင်ရွက် သွားနိုင်ရန်လိုကြောင်း”ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အမေရိကန်-အစ္စရေနှင့် အီရန်ကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် စက်သုံးဆီ အကျပ် အတည်း ပေါ်ပေါက်လာသည့်အတွက် စက်သုံးဆီ ချွေတာရေး နည်းလမ်း‌ပေါင်းစုံ ဖော်ဆောင်နေသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ် 

အဆိုပါ နည်းလမ်းများအနက် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများကို ပြန်လည်အပ်နှံကာ လျှပ်စစ်သုံး မော်တော်ယာဉ်(EV)များ ပြန်လည် တင်သွင်းခွင့်ပြုခြင်းဖြင့် ဆောင်ရွက်ရန် စီစဉ်နေသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ကား(EV)များ တင်သွင်းခြင်းနှင့် ရောင်းချခြင်းများကို ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်းမှာ စတင် အကောင်အထည် ဖော်ခဲ့သည်။

သို့သော် လျှပ်စစ်ကား(EV)များ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရန်အတွက် အားသွင်းရာ နေရာများ အလုံ အလောက် မရှိသေးသလို Service Center များလည်း အလုံအလောက် မရှိသေးကြောင်း၊ ကားအပိုပစ္စည်းများ လည်း အလုံအလောက် မရှိသေးသလို မှာယူသည့်အခါမှာလည်း အချိန်ကြန့်ကြာခြင်းများဖြစ်ပေါ်နေသေးသည်။

ထို့နောက် ကားဈေးနှုန်းများကိုလည်း ကားအရောင်းစင်တာများနှင့် ကား အရောင်းအဝယ် ပွဲစားများက စိတ်ကြိုက် ဈေးကစား၍ မြှင့်တင်ရောင်းချနေပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ဈေးကွက်ကို ထိန်း ကြောင်း ကြပ်မတ်မှုမရှိသည့်အတွက် ကားဈေးနှုန်းများ အဆမတန် မြင့်တက်နေသည်။