CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
အင်္ဂလန်နဲ့ ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်းဟာ ၂၀၂၅ ခုနှစ်အတွက် Ballon d'Or အဆင့် သတ်မှတ်ချက်မှာ နံပါတ် ၁၃ နေရာ ရပ်တည်ခဲ့တာကြောင့် ပရိသတ်တွေဟာ ဒီအဆင့် ရပ်တည်မှုအပေါ် ဒေါသထွက်ခဲ့ကြပါတယ်။
ဟာရီကိန်းဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် ၅၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၄၁ ဂိုး သွင်းယူနိုင်ခဲ့သလို ၁၄ ဂိုးဖန်တီးပြီး ဘွန်ဒက်လီဂါဖလားရရှိကာ ဆုဖလားမရရှိတဲ့ ကျိန်စာကို အဆုံးသတ်နိုင်ခဲ့တာပါ။
ဒါပေမယ့် ဟာရီကိန်းဟာ ၂၀၂၅ ခုနှစ်အတွက် ထုတ်ပြန်ခဲ့တဲ့ Ballon d'Or အဆင့် သတ်မှတ်ချက်မှာ ထိပ်ဆုံး ၁၀ နေရာအပြင်ဖြစ်တဲ့ နံပါတ် ၁၃ နေရာသာ ရပ်တည်နိုင်ခဲ့ပါတယ်။
အဲဒါကြောင့် ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ သူတို့ရဲ့ဒေါသတွေကို ဖော်ပြခဲ့တာပါ။
ဟာရီကိန်းကို တွေ့ရစဉ်
ပရိသတ်တစ်ဦးက “ဒါက ရယ်စရာကောင်းပြီး ဟာရီကိန်းက ထိပ်ဆုံး ၅ ဦးထဲမှာ ရပ်တည်နေရမယ့်သူ”လို့ ရေးသားခဲ့ပြီး နောက်ထပ်တစ်ဦးက “သူဟာ ဘတ်ပီထက် ပိုပြီးကောင်းတဲ့ ရာသီကို ပိုင်ဆိုင်ခဲ့တာကြောင့် ဒါက နောက်ပြောင်တာပဲ”လို့ ရေးသားခဲ့ပါတယ်။
နောက်ထပ် ပရိသတ်တစ်ဦးက “ဟာရီကိန်းက ထိပ်ဆုံး ၁၀ ဦးထဲကို လွယ်လွယ်ကူကူနဲ့ ဝင်သင့်တဲ့သူပါ၊ ဒါက ငြင်းခုံနေဖို့တောင်မလိုဘူး”လို့ ရေးသားကာ နောက်ထပ်ပရိသတ်က “ကိုးလ်ပါလ်မာက ဟာရီကိန်းရဲ့ အထက်မှာ ရှိနေတာက လုံးဝစိတ်ပျက်ဖို့ကောင်းပြီး သူဟာ ရာသီဝက်လောက်ကို ပျောက်ဆုံးနေတဲ့သူလို့” ရေးသားခဲ့ကြပါ တယ်။
ဟာရီကိန်းဟာ ပြီးခဲ့တဲ့ရာသီက ဂိုးပါဝင်ပတ်သက်မှု ၅၅ ဂိုးရှိခဲ့ပြီး ဥရောပထိပ်တန်း ၅ လိဂ်မှာ တတိယမြောက် အများဆုံးဖြစ်ခဲ့ကာ သူ့ရဲ့အထက်မှာ ရာဖင်ညာနဲ့ ဆာလက်တို့သာ ရှိခဲ့တာပါ။
ဟာရီကိန်းကတော့ သူဟာ နိုင်ငံနဲ့ ကလပ်အသင်းကို ဆုဖလားတွေ ရရှိအောင် ကူညီပေးဖို့ အာရုံစိုက်နေတယ်လို့ ပြောထားပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ ဒီရာသီမှာလည်း သူ့ရဲ့အကောင်းဆုံး ပုံစံတွေကို ဆက်ထိန်းသိမ်းနေပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် ကစားထားတဲ့ ၇ ပွဲမှာ ၁၃ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။
Source: Goal