CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
ပြီးခဲ့တဲ့ရာသီက PSG အသင်းကို ချန်ပီယံလိဂ်ဖလား အပါအဝင် ပြည်တွင်းဖလားတွေ ရယူပေးနိုင်ခဲ့တဲ့ ပြင်သစ် ကြယ်ပွင့် ဒမ်ဘီလီဟာ ဘာစီလိုနာအသင်း ကြယ်ပွင့် ယာမဲလ်ကို အသာရပြီး ၂၀၂၅ ခုနှစ်အတွက် ချီးမြှင့်တဲ့ Ballon d'Or ဆုကို ရရှိသွားခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီမှာ ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့ PSG အသင်းအတွက် ၅၃ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၅ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
ဒမ်ဘီလီဟာ PSG အသင်းကို ပြီးခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်ရှိအောင် ပို့ဆောင် ပေးနိုင်ခဲ့ပြီး အသင်းဟာ ချယ်လ်ဆီးအသင်းကို အရေးနိမ့်ကာ ဒုတိယနေရာ ရရှိခဲ့ပါတယ်။
ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီမှာ စွမ်းဆောင်ခဲ့တဲ့ အရာတွေကြောင့် Ballon d'Or ဆုကို ကစားသမားဘဝ ပထမဆုံး အကြိမ် ရရှိခဲ့တာပါ။
ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းမှာ ၆ ရာသီကြာ ကစားခဲ့ပေမယ့် အကောင်းဆုံးပုံစံ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး PSG အသင်းထံ ပြောင်းရွှေ့လာချိန်မှာတော့ နည်းပြ လူးဝစ်အင်းနရစ် လက်အောက်မှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့တာပါ။
ယာမဲလ်ကို တွေ့ရစဉ်
ဒမ်ဘီလီဟာ ကိုပါ၊ ပလာတီနီ၊ ပါပင်၊ ဇီဒန်းနဲ့ ဘန်ဇီမာတို့ပြီးနောက် Ballon d'Or ဆုကို ရရှိတဲ့ ၆ ဦးမြောက် ပြင်သစ် ကစားသမားအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။
ဒမ်ဘီလီက “အားလုံးကို ကျေးဇူးတင်ပြီး ကျနော့်အတွက် ဖြစ်ခဲ့တဲ့အရာတွေက မယုံနိုင်လောက်အောင်ပါပဲ။ PSG အသင်းနဲ့ အံ့သြစရာကောင်းတဲ့ ရာသီတစ်ခုဖြစ်ခဲ့ပြီး အသင်းမှာရှိတဲ့ သူတွေအားလုံးကို ကျနော် ကျေးဇူးတင် ချင်ပါတယ်။ နည်းပြအင်းနရစ်က ကျနော့်အတွက် ဖခင်တစ်ဦးလိုပါပဲ။ ဒါက မပြီးဆုံးသေးပေမယ့် သူဟာ ကျနော့် ကစားသမားဘဝအတွက် အလွန်အရေးပါတဲ့သူပါ။ အသင်းဖော်တွေကြောင့်လည်း ကျနော်တို့ အားလုံးနီးပါး အနိုင် ရခဲ့ပြီး ဒီအောင်မြင်မှုမှာ သူတို့လည်းပါဝင်တယ်”လို့ ပြောခဲ့ပါတယ်။
Ballon d'Or ဆုမှာ ဒမ်ဘီလီရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ ယာမဲလ်ဟာ အကောင်းဆုံး လူငယ် ကစားသမားဆုဖြစ်တဲ့ Kopa Trophy ဆုကို ၂ နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းမှာ ကစားနေတဲ့ စပို့တင်းတိုက်စစ်မှူးဟောင်း ယိုကီရက်စ်က ဂိုးသွင်း အများဆုံးဆုဖြစ်တဲ့ Gerd Muller ဆုကို ရခဲ့ပြီး မန်စီးတီးအသင်းဂိုးသမား ဒွန်နာရမ်မာက အကောင်းဆုံး ဂိုးသမားဆုဖြစ်တဲ့ Yashin Trophy ဆုကို ရခဲ့တာပါ။
PSG အသင်းနည်းပြလူးဝစ်အင်းနရစ်က အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပါတယ်။
အမျိုးသမီး Ballon d'Or ဆုကို ဘာစီလိုနာအသင်းကြယ်ပွင့် ဘွန်မာတီက ၃ နှစ်ဆက်တိုက် ရရှိခဲ့ပြီး မက်ဆီ၊ ပလာတီနီတို့နဲ့အတူ ဒီဆုကို ၃ နှစ်ဆက်တိုက်ရရှိတဲ့ ကစားသမားစာရင်းထဲမှာ ပါဝင်ခဲ့ပြီဖြစ်ပါတယ်။
Source: ESPN