CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈

အဲဗာတန်အသင်းကနေ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ အက်ရှ်လေယန်းဟာ သူ့ရဲ့ငယ်ဘဝကလပ် ဝက်ဖို့ဒ်အသင်းထံ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းဟာ အသက် ၄၀ နှစ်အရွယ်ရှိ အက်ရှ်လေယန်းကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ talkSPORT က ဖော်ပြထားတာပါ။ 

အဲဗာတန်အသင်းမှာ ၂ ရာသီကြာ ပွဲပေါင်း ၇၀ ပါဝင်ကစားခဲ့တဲ့ အက်ရှ်လေယန်းဟာ လက်ရှိအချိန်မှာ အသင်းသစ် ရှာဖွေမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ 

ဝက်ဖို့ဒ်အသင်း နည်းပြ ပီဇိုလာနိုဟာ အက်ရှ်လေယန်းကို ခေါ်ယူဖွယ် ရှိ/မရှိ ဆုံးဖြတ်ချက် ချသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်းမှာ ကစားချိန် ဂိုးသွင်းယူနိုင်ခဲ့တဲ့ အက်ရှ်လေယန်းဟာ ပရီးမီးယားလိဂ်ရဲ့ စတုတ္ထမြောက် အသက်အကြီးဆုံး ဂိုးသွင်းတဲ့သူအဖြစ် မှတ်တမ်းဝင်ထားတာပါ။ 

အက်ရှ်လေယန်းကို တွေ့ရစဉ် 

ပြီးခဲ့တဲ့ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့် ၁၄ နဲ့ ရာသီအဆုံးသတ်ခဲ့တဲ့ ဝက်ဖို့ဒ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းပြန်တက်ချင်နေတာကြောင့် လာမယ့်ရာသီမှာ အက်ရှ်လေယန်းရဲ့ အတွေ့အကြုံတွေကို အသုံးချနိုင်မယ်လို့ ယုံကြည်နေပါတယ်။

အက်ရှ်လေယန်းဟာ ဝက်ဖို့ဒ်အသင်း လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာတဲ့သူဖြစ်ပြီး အသင်းကြီးအတွက် ၂၀၀၃ ခုနှစ်မှာ စတင်ပွဲထွက်ကာ ၂၀၀၇ ခုနှစ်မှာ အက်စတွန်ဗီလာအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ 

အက်ရှ်လေယန်းဟာ ဝက်ဖို့ဒ်အသင်းအတွက် ၁၁၀ ပွဲကစားခဲ့ပြီး ၂၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ 

အက်ရှ်လေယန်းဟာ သူ့ရဲ့ ကစားသမားဘဝမှာ အက်စတွန်ဗီလာ၊ ယူနိုက်တက်နဲ့ အင်တာမီလန်အသင်းတွေမှာ ကစားခဲ့ပြီး ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့တာပါ။

အက်ရှ်လေယန်းဟာ သူ့ရဲ့ ကစားသမားဘဝ စတင်ခဲ့တဲ့ ဝက်ဖို့ဒ်အသင်းမှာ ကစားသမားဘဝကို အဆုံးသတ်ချင် နေပြီး မကြာမီမှာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

Source: Goal