CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈
ယူနိုက်တက်အသင်းဟာ အမ်ဘူမိုအတွက် ဘရန်ဖို့ဒ်အသင်းကို တတိယအကြိမ်မြောက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ ပြီးနောက် အမ်ဘူမိုကို ခေါ်ယူနိုင်ဖို့ ယုံကြည်မှုရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ အမ်ဘူမိုအတွက် ဘရန်ဖို့ဒ်အသင်းကို ပေါင် ၆၅ သန်း၊ add-ons ပေါင် ၅ သန်းနဲ့ ပြောင်းရွှေ့ကြေးတိုးပြီး ထပ်မံကမ်းလှမ်းမှု ပြုလုပ်ထားတာပါ။
ဒါပေမယ့် ဘရန်ဖို့ဒ်အသင်း ဘက်ကတော့ ယူနိုက်တက်အသင်းရဲ့ ဒီကမ်းလှမ်းမှုအပေါ် တုံ့ပြန်မှု မရှိသေးပါဘူး။
ယူနိုက်တက်အသင်းဟာ အမ်ဘူမိုကို ရာသီကြို ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ အမေရိကန်နိုင်ငံ ထွက်ခွာမယ့် အသင်းရဲ့ လူစာရင်းထဲမှာ ထည့်သွင်းနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ကွန်ညာရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ပြီးကတည်းက အမ်ဘူမိုကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။
အမ်ဘူမိုကို တွေ့ရစဉ်
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ သွင်းဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ်ရှိ အမ်ဘူမိုကို ခေါ်ယူဖို့ စပါးအသင်း အပါအဝင် အသင်းအချို့က စိတ်ဝင်စားမှုတွေ ရှိခဲ့ပါတယ်။
ဒါပေမယ့် အမ်ဘူမိုကတော့ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတာပါ။
ပြီးခဲ့တဲ့ရာသီက ဘရန်ဖို့ဒ်အသင်းမှာ အမ်ဘူမိုနဲ့အတွဲညီခဲ့တဲ့ တိုက်စစ်မှူး ဝီဆာကို နယူးကာဆယ်အသင်းက ပစ်မှတ်ထားနေပါတယ်။
ဘရန်ဖို့ဒ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အမ်ဘူမိုနဲ့ ဝီဆာတို့ နှစ်ဦးစလုံးကို မဆုံးရှုံးချင်တာကြောင့် စဉ်းစားမှုတွေ ပြုလုပ်နေတာပါ။
ယူနိုက်တက်အသင်းဟာ အမ်ဘူမိုရဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်ချင်နေတဲ့အတွက် ဘရန်ဖို့ဒ်အသင်း အနေနဲ့ ဆုံးဖြတ်ချက်ချရတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကွန်ညာနဲ့ နောက်ခံလူ ဒီယေဂိုလီယွန်တို့ကို အားဖြည့် ထားပြီး နောက်ထပ် ကစားသမားသစ်တွေ မခေါ်ယူမီ အသင်းမှာရှိတဲ့ ကစားသမားတွေကို ရောင်းချဖို့လည်း လုပ်ဆောင်နေတာပါ။
ယူနိုက်တက်အသင်းဟာ အမေရိကန် ရာသီကြို ခရီးစဉ်မတိုင်မီ ဇူလိုင် ၁၉ ရက်မှာ လိဒ်စ်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: BBC