CNI Sport News 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄

စပါးအသင်းရဲ့ အဓိကတိုက်စစ်မှူး ဆိုလန်ကီဟာ ဒူးဒဏ်ရာကြောင့် ၆ ပတ်ကြာ အနားယူရဖွယ်ရှိတယ်လို့ နည်းပြ ပိုစတီကိုဂလူးက ပြောခဲ့ပါတယ်။ 

ဆိုလန်ကီဟာ စပါးအသင်းက ဟော်ဖန်ဟိမ်းအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ မပါဝင်နိုင် ခဲ့တဲ့ စီနီယာကစားသမား ၁၄ ဦးထဲက ၁ ဦးလည်းဖြစ်တာပါ။ 

ဒီပွဲအပြီးမှာ ဆိုလန်ကီဟာ မတ်လ အစောပိုင်းအထိ အနားယူရဖွယ်ရှိတယ်လို့ စပါးအသင်းနည်းပြ ပိုစတီကိုဂလူး က ပြောခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဆိုလန်ကီဟာ စပါးအသင်းရဲ့ပရီးမီးယားလိဂ် ပွဲစဉ်တွေအပြင် လီဗာပူးလ်အသင်းနဲ့ ကာရာဘောင်း ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ 

ပြီးခဲ့တဲ့နွေရာသီက ဘုန်းမောက်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဆိုလန်ကီဟာ ဒီရာသီမှာ စပါးအသင်းအတွက် ၂၉ ပွဲပါဝင်ကစားထားပြီး ၁၁ ဂိုးသွင်းယူထားတာပါ။

စပါးအသင်းဟာ ဆိုလန်ကီအပြင် တိုက်စစ် ကစားသမားတွေဖြစ်တဲ့ တီမိုဝါနာနဲ့ ဘရီနန်ဂျွန်ဆင်တို့ကိုလည်း ဒဏ်ရာတွေကြောင့် အနားပေးထားရပါတယ်။ 

ဆိုလန်ကီကို တွေ့ရစဉ် 

စပါးအသင်းဟာ အဓိက ကစားသမား အများအပြားရဲ့ ဒဏ်ရာကြောင့် ဟော်ဖန်ဟိမ်းအသင်းနဲ့ပွဲစဉ်မှာ ဆယ်ကျော်သက်ကစားသမား ၅ ဦးကို အသင်းရဲ့အရန်စာရင်းထဲ ထည့်သွင်းခဲ့ရတာပါ။

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုထားပေမယ့် အခုအချိန်ထိ ဂိုးသမားတစ်ဦးသာ ခေါ်ယူပေးထားတာဖြစ်ပါတယ်။ 

စပါးအသင်းဟာ ဟော်ဖန်ဟိမ်းအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၆ နေရာ ရပ်တည်နေပြီး ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ အခြေအနေကောင်းနေခဲ့တာပါ။ 

စပါးအသင်းဟာ ယူရိုပါလိဂ်မှာ ရလဒ်ကောင်း ရရှိနေပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရလဒ်ဆိုးရွားနေပြီး နောက်ဆုံး ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီရလဒ်တွေကြောင့် စပါးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန် နေရာနဲ့ ၈ မှတ်သာ ကွာဟတော့တာပါ။

စပါးအသင်းဟာ ဇန်နဝါရီ ၂၅ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: BBC