CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂

လီဗာပူးလ်အသင်း တောင်ပံကစားသမား ဆာလက်က မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်ခင်မှာ မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းရဲ့ဘဝက ပိုလွယ်ကူတယ်လို့ ပြောခဲ့ပါတယ်။

ဆာလက်က “ကျနော်သူ့ကို အလွန်လေးစားပါတယ်။ ဒါပေမယ့် သူဟာ တိုက်စစ်မှူးဖြစ်တဲ့အတွက် သူ့ရဲ့ဘဝက ပိုလွယ်ကူပါတယ်။ ကျနော်ကတော့ သူ့ကိုအကောင်းဆုံးဖြစ်ဖို့ပဲ ဆန္ဒပြုပါတယ်။ တောင်ပံကစားသမားတစ်ဦးရဲ့ အခြေအနေကခက်ခဲပြီး ဘယ်တောင်ပံကစားသမားဆို ဒီလိုပဲပြောမှာပါ။ ဒါက ကျနော်တို့ နှစ်ဦးကြားမှာ ကွာခြားနေတဲ့အရာပါ။ ဘာကြောင့်လဲဆိုရင် သူကတိုက်စစ်မှူးဖြစ်ပြီး ကျနော်ကတောင်ပံကစားသမားဖြစ်လို့ပါ”လို့ ပြောခဲ့တာပါ။

ဆာလက်က ရှေ့တန်းမှာကစားတာနဲ့ တောင်ပံမှာ ကစားခြင်းတို့ရဲ့ ကွာခြားချက်ကို နှိုင်းယှဉ်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆာလက်နဲ့ ဟာလန်းတို့ဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာလည်း ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုအတွက် အပြိုင်အဆိုင် ဖြစ်ခဲ့ပြီး ဒီရာသီမှာလည်း ဒီဆုအတွက် ယှဉ်ပြိုင်နေရတာပါ။ 

ဆာလက်နဲ့ဟာလန်းကိုတွေ့ရစဉ်

ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ဆာလက်ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၂၄ ဂိုးသွင်းယူ ထားပြီး မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းက ၁၉ ဂိုး သွင်းယူထားတာကြောင့် နှစ်ဦးကြားမှာ သွင်းဂိုး ၅ ဂိုး ကွာဟနေတာ ဖြစ်ပါတယ်။ 

ဆာလက်ဟာ မန်စီးတီးအသင်းနဲ့ပွဲမှာ သွင်းဂိုးတွေသွင်းပြီး လီဗာပူးလ်အသင်းကို နိုင်ပွဲရရှိအောင်နဲ့ ဂိုးသွင်း အများဆုံး ထိပ်ဆုံးနေရာမှာ ဆက်ပြီး ရပ်တည်နိုင်အောင် လုပ်ဆောင်နိုင်ဖို့ ရည်မှန်းနေတာပါ။

ဟာလန်းကတော့ လက်ရှိအချိန်မှာ ဒဏ်ရာခံစားနေရပြီး လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ မန်စီးတီးအသင်း နည်းပြဂွာဒီယိုလာက ပြောထားပေမယ့် လူစာရင်းထဲ ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ 

Source: Goal