CNI International News
နယူးဒေလီ၊ ဧပြီ ၃
အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် အိန္ဒိယ၏ ဖန်ထည်လုပ်ငန်း ထိခိုက်လာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့နောက် အိန္ဒိယ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ မြှင့်တင်ရေး ကြိုးပမ်းမှုအတွက် စိန်ခေါ်မှုဖြစ်လာသည်။
အနှစ် ၄၀၀ ကြာ ဖန်ထည်များ ထုတ်လုပ်မှု အစဉ်အလာကြောင့် ဖန်သားမြို့တော် (Glass City) ဟု လူသိများ သည့် အိန္ဒိယနိုင်ငံ၊ ဖီရိုဇာဘတ် (Firozabad) မြို့၏ ဖန်ထည်လုပ်ငန်းများတွင် အသုံးပြုနေသည့် မီးဖိုကြီးများသည် လောင်စာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။
ထို့ပြင် ပုံမှန်အားဖြင့် ဖန်ထည်လုပ်ငန်း ထုတ်လုပ်မှု အကောင်းဆုံး ရာသီဖြစ်သည့် ယခုအချိန်မျိုးတွင် ထောင်နှင့်ချီ သော နေ့စား အလုပ်သမားများသည် အလုပ်လက်မဲ့ ဖြစ်ခဲ့သည်။
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် လောင်စာ အများအပြား အသုံးပြုရသည့် ဖန်ထည် လုပ်ငန်းသည် အကြီးအကျယ် ထိခိုက်ပျက်စီး နေရခြင်းဖြစ်သည်။

ဖန်ထည်လုပ်ငန်း တစ်ခုကို တွေ့ရစဉ်
ဖန်ထည်များ ပြုလုပ်ရာတွင် ဖန်ရည်များ ပျစ်ခဲမသွားစေရန်နှင့် အနာအဆာများ မဖြစ်ပေါ်စေရန်အတွက် ဂတ်စ် ဖြင့် လောင်စာပေးရသော အပူပေးခန်းများကို ၁၀၀၀ ဒီဂရီဆဲလ်စီးယပ်စ် အထက်တွင် အမြဲမပြတ် အပူပေးထား ရန် လိုအပ်သည်။
အိန္ဒိယနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် လုပ်ငန်းကြီးများ၊ လုပ်ငန်းငယ်များ၊ အိမ်ထောင်စုများ၊ စိုက်ပျိုးရေးနှင့် ပြည်သူ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၌ သဘာဝဓာတ်ငွေ့ကို အလွန်အမင်း မှီခိုနေရခြင်းကြောင့် အာရှမှာ အီရန်စစ်ပွဲ ၏ ဂယက်ရိုက်ခတ်မှုဒဏ်ကို အိန္ဒိယစက်ရုံများက အဆိုးရွားဆုံး ခံစားနေရသည်။
အိန္ဒိယအစိုးရသည် လောင်စာအတွက် ရေနံကိုသာ အရေးပေါ်အဖြစ် အရန် သိုလှောင်ထားလေ့ ရှိသော်လည်း ဓာတ်ငွေ့ကိုမူ သိုလှောင်ထားခြင်း မရှိပေ။
ထို့ကြောင့် ဓာတ်ငွေ့ရရှိမှု လျော့နည်းလာပါက စက်မှုလုပ်ငန်းများသို့ ဖြန့်ဖြူးပေးမှုကို ဦးစွာဖြတ်တောက်လေ့ ရှိသည်။
ထိုကဲ့သို့ ဓာတ်ငွေ့များ ပြတ်လပ်လာမှုကြောင့် ပြီးခဲ့သည့်လအထိ အလုပ်သမား ၅၀၀ ကျော် ခန့်အပ်ထားသည့် ဖန်ထည်လုပ်ငန်းခွင် တစ်ခုတွင် ယခုအခါ အလုပ်သမား ၂၀၀ အောက်သာရှိတော့ကြောင်း ဖန်ထည်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
အသေးစား ဖန်ထည်လက်မှုပညာရှင် အများအပြားမှာလည်း သဘာဝဓာတ်ငွေ့ ပြန်လည်ရရှိမည့် အချိန်နှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်မည့် အချိန်ကို စောင့်ဆိုင်းနေပြီး ၎င်းတို့၏ အရောင်းဆိုင်များကို ပိတ်ထားရသည်။
Source: ရိုက်တာ
