- By CNI
- Category: အားကစား
- Hits: 1116
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၉
အသလက်တီကိုမက်ဒရစ်အသင်း ပရိသတ်တွေဟာ ရီးရယ်လ်မက်ဒရစ်အသင်းနဲ့ ကစားခဲ့တဲ့ မက်ဒရစ် ဒါဘီပွဲ မစတင်ခင် ဗီနီစီးယက်စ်ကို လူမျိုးရေးခွဲခြားတဲ့ ကြွေးကြော်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
အေးဂျင့်တစ်ဦးဖြစ်တဲ့ ဘရာဗိုက ဂိုးသွင်းအပြီးမှာ ကခုန်အောင်ပွဲခံတဲ့ ဗီနီစီးယက်စ်ကို ရည်ညွှန်းပြီး မျောက်လိုလုပ်တာ ရပ်လိုက်ပါလို့ ပြောခဲ့ပြီးနောက် ကစားသမားဖြစ်သူက စပိန်ဘောလုံးလောကမှာ လူမျိုးရေးခွဲခြားမှုကို ရှုတ်ချကြောင်းပြောထားတာပါ။ဘရာဇီးလ်နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ပီလီ၊ နေမာတို့ အပါအဝင် ကစားသမားတချို့က ဗီနီစီးယက်စ်ဘက်က ရပ်တည်ကြောင်း ထုတ်ပြောခဲ့ ကြပါတယ်။
အသလက်တီကိုအသင်း ပရိသတ်တချို့ကတော့ မက်ဒရစ်ဒါဘီပွဲမစခင်မှာ “မင်းဟာ မျောက်ပဲ၊ ဗီနီစီးယက်စ် မင်းဟာ မျောက်ပဲ” ဆိုပြီး ကြွေးကြော်နေကြတဲ့ ဗွီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ရောက်ရှိသွားခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဗီနီစီးယက်စ်အပေါ် လူမျိုးရေးခွဲခြားတာနဲ့ပတ်သက်ပြီး ရီးရယ်လ်အသင်းက “ဒီလိုလူမျိုးရေးခွဲခြားမှုအပြုအမူတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ ကျနော် တို့ ကစားသမားတွေအပေါ် လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်ပေးတဲ့သူတိုင်းကို တရားဥပဒေအရအရေးယူဖို့ လုပ်ဆောင်ထားတယ်လို့” ထုတ်ပြန်ထားပါတယ်။

ဗီနီစီးယက်စ်ကတော့ ဘာနေဗျူးမှာ ဒါမှမဟုတ် ဘယ်ကွင်းမှာပဲဖြစ်ဖြစ် ကခုန်အောင်ပွဲခံမှုကိုတော့ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ပြောထားခဲ့တာပါ။ဘရာဇီးလ်ကစားသမားဟာ အသလက်တီကိုအသင်း နဲ့ပွဲမှာ အသင်းဖော် ရိုဒရီဂို ဂိုးသွင်းအပြီး ဆမ်ဘာအကနဲ့ ပြိုင်ဘက်ပရိသတ်တွေ ရှေ့မှာ ကခုန်အောင်ပွဲခံ သွားခဲ့တာ ဖြစ်ပါတယ်။ဒီပွဲမှာ ရီးရယ်လ်အသင်းက အသလက်တီကိုအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တာပါ။
ဘရာဇီးလ်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ အာဆင်နယ်အသင်းတိုက်စစ်မှူး ဂျီးဆပ်စ်ဟာ ဘရန်ဖိုဒ့်အသင်းနဲ့ပွဲမှာ ဂိုးသွင်းအပြီး ဗီနီစီးယက်စ်ကို ထောက်ခံတဲ့အနေနဲ့ ကခုန်အောင်ပွဲခံသွားခဲ့တာ ဖြစ်ပါတယ်။
Source:Mirror
- By CNI
- Category: အားကစား
- Hits: 1343
CNI International News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၉
မြန်မာအသင်းဟာ ၂၀၂၃ အာရှယူ-၂၀ ချန်ပီယံရှစ် ပြိုင်ပွဲခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် မော်လ်ဒိုက်အသင်း နဲ့ ကစားခဲ့တာမှာ ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းက ဆော်ဒီမှာ ကစားခဲ့တဲ့ ဒီပွဲမှာ မြန်မာအသင်းဟာ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ရှာဖွေ သွားနိုင်ခဲ့တာပါ။
မြန်မာအသင်းအတွက် ဂိုးတွေကို ကောင်းထက်ပိုင်၊ စွမ်းထက်နဲ့ လမင်းထွေးတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ မော်လ်ဒိုက်အသင်းကို အနိုင်ရခဲ့ပေမယ့် အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုံးနဲ့ ခြေစစ်ပွဲ အောင်မြင်ခြင်း မရှိခဲ့တာပါ။
မြန်မာအသင်းဟာ ခြေစစ်ပွဲမှာ ဥဇဘတ်ကစ္စတန်၊ ဆော်ဒီ၊ တရုတ်၊ မော်လ်ဒိုက်တို့နဲ့ တစ်အုပ်စုတည်း ကျရောက် ခဲ့တာ ဖြစ်ပါတယ်။

မော်လ်ဒိုက်သတင်းနဲ့ မြန်မာအသင်း ယှဉ်ပြိုင်နေစဉ် (MFF)
ဒါပေမယ့် ဥဇဘတ်ကစ္စတန် အသင်းဟာ နောက်ဆုံးအဆင့် ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်လို့ ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ထားတာပါ။
အဲ့ဒါကြောင့် ဥဇဘတ်ကစ္စတန်နဲ့ ကစားတဲ့ ရလဒ်တွေကို ထည့်သွင်းတွက်ချက်ခြင်း မရှိပါဘူး။ မြန်မာအသင်းဟာ အုပ်စုတွင်းပွဲတွေမှာ တရုတ်အသင်းကို ၃ ဂိုး- ၁ ဂိုး၊ ဆော်ဒီအသင်းကို ၅ ဂိုး- ဂိုးမရှိဆိုတဲ့ ရလဒ်တွေနဲ့ အရေးနိမ့်ခဲ့ ပြီး မော်လ်ဒိုက်အသင်းကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃ အာရှယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲအပြီးမှာ အုပ်စုထိပ်ဆုံး အသင်းတွေဖြစ်တဲ့ ဆော်ဒီ၊ ကာတာ၊ ဂျပန်၊ ဂျော်ဒန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ အိုမန်၊ တာဂျစ်ကစ္စတန်၊ အီရန်တို့ ခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဗီယက်နမ်၊ ကာဂျစ္စတန်၊ တရုတ်၊ ဆီးရီးယားနဲ့ ထိုင်းအသင်းတို့ဟာ အကောင်းဆုံး အုပ်စုဒုတိယနဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။ သြစတြေးလျ၊ အီရတ်၊ အိန္ဒိယနဲ့ ကူဝိတ်တို့ ပါဝင်တဲ့ အုပ်စု H ခြေစစ်ပွဲကိုတော့ အောက်တိုဘာလမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
၂၀၂၃ အာရှယူ-၂၀ နောက်ဆုံးအဆင့် ပြိုင်ပွဲကို မတ်လ ၁ ရက်ကနေ ၁၈ ရက်အထိ အသင်းပေါင်း ၁၆ သင်းနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1109
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၇
ပီအက်စ်ဂျီ ကစားသမားဟောင်း ဒီယာလိုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အသင်းဖော် ဟမ်ရာအိုရီကို တိုက်ခိုက် မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေချိန်အတွင်းမှာ ပြန်လည် ဖမ်းဆီးခံခဲ့ရပါတယ်။
ဟမ်ရာအိုရီဟာ ဒီယာလို မောင်းနှင်လာတဲ့ ကားနဲ့ အဖွဲ့လိုက် စားသောက်ပြီး အိမ်ပြန်လာချိန်မှာ မျက်နှာဖုံးစွပ် အမျိုးသား ၂ ဦးက ကားပေါ်က ဆွဲချပြီး ခြေထောက်ကို သံတုတ်တွေနဲ့ ရိုက်နှက်ခဲ့တာပါ။
ပြင်သစ်ကွင်းလယ် ကစားသမား ၂ ဦးဟာ ပီအက်စ်ဂျီအသင်းမှာ ကစားတဲ့နေရာ တူညီနေတာကြောင့် အပြိုင် အဆိုင် ကြိုးစားနေကြရတာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိ ဒီယာလိုဟာ ဒီအဖြစ်အပျက် အပြီးမှာ ဖမ်းဆီး ခံခဲ့ရပေမယ့် စွဲချက် မတင်ခံရဘဲ ပြန်လည် လွှတ်မြောက်လာခဲ့တာပါ။
ဒါပေမယ့် အခုတစ်ခါမှာတော့ ဒီယာလိုကို ပြန်လည် ဖမ်းဆီးခဲ့ပါတယ်။

ဒီယာလိုကတော့ သူမဟာ ဒီအဖြစ်အပျက်မှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။ အခုအချိန် မှာတော့ ဒီယာလိုဟာ ကိုယ်ခန္ဓာ ထိခိုက်စေမှုစွဲချက်နဲ့ စုံစမ်းစစ်ဆေးခံနေရပြီး ယာယီထိန်းသိမ်းခံရထားပါ။
ဒီယာလိုဟာ တရားမဝင် ချုပ်နှောင်မှုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ ကြားနာမှုကို စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ဆက်နွယ်တယ်လို့ ယူဆရတဲ့ အမျိုးသား ၄ ဦးကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရ တာပါ။
ပြင်သစ်ကစားသမားဟာ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကုန်ဆုံးပြီးနောက် မနှစ်က ရာသီအကုန်မှာ ထွက်ခွာခဲ့ပါတယ်။ အခု ပွဲတွေကနေ အနားယူထားတာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ဟမ်ရာအိုရီဟာ ဒီတိုက်ခိုက်မှုကြောင့် ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပြီး သူမရဲ့ လက်မောင်းနဲ့ ခြေထောက်တို့ကို ချုပ်ခဲ့ရပါတယ်။ သူမဟာ အခုနှစ် အစောပိုင်းမှာ အသင်းထံ ပြန်လည် ရောက်ရှိ လာခဲ့ပြီး စာချုပ် ကျန်ရှိနေဆဲဖြစ်ပေမယ့် အခုအချိန်ထိ ပါဝင်ကစားရခြင်း မရှိသေးပါဘူး။
ဒီယာလိုဟာ ပြင်သစ်လက်ရွေးစင်အတွက် ၇ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုး သွင်းယူထားကာ ဟမ်ရာအိုရီကတော့ ပွဲပေါင်း ၃၉ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1322
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၇
ဘရန်ဖို့ဒ် အသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ဒုတိယ အကောင်းဆုံး အသင်းဖြစ်တယ်ဆိုတာ ယုံကြည်တယ်လို့ ပြောလိုက်ပါတယ်။
သောမတ်စ်ဖရန့်ခ်က “ ကျနော်တို့ဟာ အလွန်ကောင်းမွန်တဲ့ အသင်းနဲ့ ကစားရမှာပါ။ လွန်ခဲ့တဲ့ တစ်နှစ်က သူတို့ ကို အနိုင်ယူခဲ့ပေမယ့် အခု မတူတော့ဘူးလို့ ထင်ပါတယ်။ တနင်္ဂနွေနေ့မှာ လုပ်ဆောင်ရမှာက ကျနော်တို့အတွက် လုံးဝ မတူတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ သူတို့ဟာ မန်စီးတီးအသင်းပြီးရင် လိဂ်ပြိုင်ပွဲမှာ စွမ်းဆောင်ရည် အကောင်းဆုံးအသင်း ဖြစ်နေလို့ပါ။ သူတို့ဟာ ပထမ ၆ ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါ တယ်”လို့ ပြောပါတယ်။
သူတို့ ၂ သင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဖွင့်ပွဲ ၅ ပွဲဆက်တိုက် အနိုင်ရကာ အကောင်းဆုံး ပုံစံ ပြသနိုင်ခဲ့ပြီး ယူနိုက်တက်နဲ့အတွေ့မှာ ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။

အာဆင်နယ်အသင်းနဲ့ ဘရန်ဖို့ဒ်အသင်းတို့ ယှဉ်ပြိုင်နေစဉ် (Reuters)
ဘရန်ဖို့ဒ်နဲ့ အာဆင်နယ် အသင်းတို့ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အိမ်ကွင်းပွဲစဉ်တွေကို အနိုင် ရရှိအောင် ကစားနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
သောမတ်စ်ဖရန့်ခ်က “ သူတို့ဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ ကျနော်ထင်ပါ တယ်။ သူတို့ဟာ အံ့မခန်းဖွယ်ကောင်းနေပြီး ကစားသမားတွေလည်း ကြီးထွားလာခဲ့သလို၊ မှန်ကန်တဲ့ ကစား သမားတွေလည်း ရှိနေပါတယ်။ ဆလီဘာ ပြန်ရောက်လာခဲ့တယ်။ ဂျီးဆပ်စ်ဆိုရင် အလွန်ကောင်းမွန်တဲ့ ခေါ်ယူမှု ပါ။ အိုဒီဂတ်ဆိုရင်လည်း သူ့ရဲ့ ကစားပုံဟာ ဒီဘရိုင်းနဲ့ သိပ်ပြီး မကွာတော့ဘူးဆိုတာ ကျနော်ထင်ပါတယ်”လို့ ပြောပါတယ်။
ဘရန်ဖို့ဒ်အသင်းဟာ ဒီရာသီ အိမ်ကွင်းပွဲစဉ်မှာ ယူနိုက်တက်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရထားပြီး ရလဒ် ကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။
ဒီနောက်မှာတော့ ဘရန်ဖို့ဒ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1318
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၇
အီကွေဒေါအသင်းဟာ အသုံးပြုလို့မရတဲ့ ကစားသမားဖြစ်တဲ့ ကတ်စတီလိုကို အသုံးပြုခဲ့တယ်ဆိုတဲ့ တိုင်ကြားချက်တွေကို ဖီဖာက ပယ်ချလိုက်ပါတယ်။အဲဒါကြောင့် အီကွေဒေါအသင်းဟာ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့် ရရှိသွားပြီဖြစ်ပါတယ်။
ဒီမတိုင်ခင်က အီကွေဒေါအသင်း ညာနောက်ခံလူ ကတ်စတီလိုဟာ ၁၉၉၅ ခုနှစ်၊ ကိုလံဘီယာနိုင်ငံ တူမာကိုမှာ မွေးဖွားခဲ့တာဖြစ်ပြီး ၁၉၉၈ ခုနှစ်၊ အီကွေဒေါမှာ မွေးဖွားခဲ့တာမဟုတ်ဘူးလို့ ချီလီ ဘောလုံး အဖွဲ့ချုပ်က သက်သေအထောက်အထားတွေ ပြသခဲ့မှုအပေါ် ကတ်စတီလိုကလည်း မွေးစာရင်း အတု ပြုလုပ်ခဲ့တယ်လို့ ဝန်ခံလိုက်တာကြောင့် အီကွေဒေါ အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ထုတ်ပယ်ခံရဖို့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ယခုအခါ ချီလီဘက်က ဖီဖာရဲ့ ပယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် မကျေနပ်တာကြောင့် အားကစား ခုံရုံးထံ အယူခံဝင်သွားမယ်လို့ သိရပါတယ်။ဖီဖာဟာ ဇွန်လကတည်းက ကတ်စတီလိုဟာ အသုံးပြုလို့ ရတဲ့ ကစားသမားဖြစ်တယ်လို့ ပြောထားခဲ့ပေမယ့် ချီလီနဲ့ ပီရူးဘောလုံးအဖွဲ့ချုပ်တွေက အယူခံထပ် ဝင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန် မှာတော့ ဖီဖာအယူခံကော်မတီက ကတ်စတီလိုဟာ အီကွေဒေါအတွက် ကစားလို့ရတဲ့သူလို့ ပြောခဲ့တာ ပါ။
ချီလီဘောလုံးအဖွဲ့ချုပ်အထွေအထွေအတွင်းရေးမှူး ယန်းက “ဒီနေ့က ဘောလုံးနဲ့ စနစ်ရဲ့ ယုံကြည် စိတ်ချရမှုတွေအတွက် မှောင်မိုက်တဲ့ နေ့တစ်နေ့ပါပဲ”လို့ ပြောပါတယ်။ကတ်စတီလိုဟာ အီကွေဒေါ အတွက် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၈ ပွဲ ပါဝင်ကစားခဲ့တာဖြစ်ပြီး ချီလီဘောလုံးအဖွဲ့ချုပ်ကတော့ ကစားသမားဟာ မွေးစာရင်းအတုအသုံးပြုခဲ့တယ်လို့ အခိုင်အမာပြောခဲ့တာပါ။ ပြီးခဲ့တဲအပတ်က ဒေးလီးမေးလ်ဟာ ကတ်စတီလိုရဲ့ အင်တာဗျူးအသေးစိတ်ကို ချပြခဲ့တာမှာ ကစားသမားဟာ စာရွက် စာတမ်းအတု အသုံးပြုခဲ့တယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

ဖီဖာကတော့ “တင်ပြထားတဲ့ စာရွက်စာတမ်းပေါ်မှာ အခြေခံပြီး ကစားသမားကို အီကွေဒေါ နိုင်ငံသား အဖြစ် အမြဲတမ်း သတ်မှတ်ရမယ်” လို့ ထုတ်ပြန်ထားတာပါ။ ချီလီဘောလုံးအဖွဲ့ချုပ် အထွေအထွေ အတွင်းရေးမှူး ယန်းက “ ဖီဖာရဲ့ ကြားနာမှုမှာ သူပါဝင်ဖို့ ငြင်းဆန်ခဲ့တာကို အံသြစရာ မရှိပါဘူး။ လက်ရှိ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အားကစားဆိုင်ရာ ခုံရုံးမှာ အယူခံဝင်ဖို့ ကျန်ရှိနေပါသေးတယ်” လို့ ပြောခဲ့ပါ တယ်။
အယူခံဝင်သွားမယ့် ချီလီဘောလုံးအဖွဲ့ချုပ်ရှေ့နေဖြစ်သူ ကာလက်စ်ဇိုက “ရှေ့နေတစ်ဦးအနေနဲ့ ဒီလို မမျှတမှုကို ကျနော့်ဘဝမှာ တစ်ခါမှမမြင်တွေ့ဖူးပါဘူး။ ကစားသမားကို ကိုလံဘီယာမှာ မွေးဖွားခဲ့တယ် ဆိုတာ သံသယမရှိပါဘူး။ဒါကို သက်သေပြနိုင်တဲ့ စာရွက်စာတမ်းတွေအများကြီး ရှိပါတယ်။ ကစားသမားရဲ့ ဝန်ခံချက်ကို လူတိုင်းကြားခဲ့ရပါတယ်။လိမ်လည်မှုကို ခွင့်ပြုတယ်ဆိုတဲ့ သတင်းစကားက အလွန်ရှင်းပါတယ်”လို့ ပြောခဲ့ပါတယ်။
အီကွေဒေါဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်ရဲ့ အဆင့် ၄ နေရာနဲ့ ခြေစစ်ပွဲတိုက်ရိုက် အောင်မြင်ခဲ့တာဖြစ်ပြီး ပီရူးက အဆင့် ၅၊ ချီလီက အဆင့် ၇ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ အီကွေဒေါ အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကာတာ၊ နယ်သာလန်၊ ဆီနီဂေါတို့နဲ့ ကျရောက်နေတာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1359
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၇
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ရုရှားမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဘတ်စကတ်ဘောကြယ်ပွင့် ဘရစ်တနီဂရိုင်နာရဲ့ မိသားစုနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပါတယ်။
ရုရှားမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာကနေ လွတ်မြောက်နိုင်ဖို့ ဝါရှင်တန်မှာ ကြိုးပမ်းနေတာလို့ အယ်လ်ဂျားဇီးယား သတင်းဌာနမှာ ရေးသားဖော်ပြထားတာပါ။ဂျိုးဘိုင်ဒန်ဟာ Oval Office မှာ ဘရစ်တနီဂရိုင်နာရဲ့ ဇနီးဖြစ်သူ ချီရယ်လ်ဂရိုင်နာနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ဒီလိုမျက်နှာချင်း ဆိုင်တွေ့ဆုံဆွေးနွေးမှုတွေကနေ မိသားစုတွေဟာ အမေရိကန်ပြည်ထောင်စု အုပ်ချုပ်ရေးက သူတို့ စိတ်ထဲမှာ ရှေ့ဆုံးကနေ ရှိနေကြောင်း ပြသနိုင်ဖို့ ဘိုင်ဒန်က မျှော်လင့်ထား ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက အခုအပတ်အစောပိုင်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူဂျန်းပီရယ်လ်က “ ဒီတွေ့ဆုံမှုရဲ့ ရည်ရွယ်ချက်က ရုရှားဟာ ကျမတို့ရဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး သူတို့ချစ်ရတဲ့သူတွေကို အိမ်ပြန်ခေါ်လာနိုင်ကြောင်း မိသားစုထံအသိပေးဖို့ ပြောချင်တာပါ။ဒါပေမယ့် ဒီ ညှိနှိုင်းမှုမှာ ကျမတို့ မြင်နေရတာမျိုးတော့ မဟုတ်ပါဘူးလို့” သတင်း ထောက်တွေကို ပြောခဲ့တာပါ။

အမေရိကန်လက်ရွေးစင်နဲ့ အိုလံပစ်ရွှေတံဆိပ် ၂ ကြိမ်ရယူနိုင်ခဲ့တဲ့ ဘရစ်တနီဂရိုင်နာဟာ မူးယစ် ဆေးစွဲချက်တွေနဲ့ ပြီးခဲ့တဲ့လက ထောင်ဒဏ် ၉ နှစ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။သူမဟာ ရုရှားက ယူကရိန်းကို အပြည့်အဝမကျူးကျော်ခင် ရက်ပိုင်းအလို ဖေဖော်ဝါရီလမှာကတည်းက ဖမ်းဆီးခံခဲ့ရတာ ပါ။ဝါရှင်တန်ဟာ ဂရိုင်နာလွတ်မြောက်နိုင်ဖို့အတွက် မော်စကိုထံ ကြီးမားတဲ့ အဆိုပြုချက်တစ်ခု ပြုလုပ် ခဲ့တယ်လို့ ဇူလိုင်လက နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောခဲ့ပါတယ်။
ဘိုင်ဒန်အစိုးရဟာ အမေရိကန်မှာ ထိန်းသိမ်းခံထားရတဲ့ ရုရှားလက်နက်ရောင်းဝယ်သူတွေနဲ့ ပတ်သက် တဲ့ အကျဉ်းသားလဲလှယ်ရေး ကမ်းလှမ်းမှုကို ရုရှားနဲ့ပြုလုပ်ထားတယ်လို့လည်း အမေရိကန်မီဒီယာ အချို့က ဖော်ပြထားတာပါ။
ဒါ့အပြင် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဘရစ်တနီဂရိုင်နာရဲ့မိသားစုအပြင် သူလျှိုလုပ်မှုစွဲချက်နဲ့ ၂၀၂၀ က ရုရှားမှာ ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခံခဲ့ရတဲ့ မရိန်းတပ်သားဟောင်း ဝီလန်ရဲ့ ဇနီးသည်ဖြစ်သူနဲ့လည်း အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
Source:Aljazeera
- By CNI
- Category: အားကစား
- Hits: 1079
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆
ယူကရိန်းဘောလုံးအာဏာပိုင်တွေက ယူရို ၂၀၂၄ ပြိုင်ပွဲခြေစစ်ပွဲအတွက် အုပ်စုမဲခွဲတာမှာ ရုရှားကို ဖယ်ထုတ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ဒီပြိုင်ပွဲအတွက် ခြေစစ်ပွဲအုပ်စုမဲခွဲမှုကို အောက်တိုဘာလ ၉ ရက် ဂျာမနီမှာပြုလုပ်မယ့် အခမ်းအနားမှာ ဆုံးဖြတ်သွားမှာပါ။ယူကရိန်းဘောလုံးအဖွဲ့ချုပ်ဉက္ကဋ္ဌ ပါဗယ်လ်ကိုက “ကျနော်တို့ဟာ အောက်တိုဘာလ ၉ ရက် ဖရန့်ဖတ်မှာ စီစဉ်ထားတဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲအုပ်စုမဲခွဲမှုမှာ ရုရှားကို မပါဝင်စေချင်တဲ့ ရည်ရွယ် ချက်နဲ့ ယူအီးအက်ဖ်အေအဆင့်မှာ အားထုတ်ကြိုးပမ်းနေတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။
နိုင်ငံတကာအိုလံပစ်ကော်မတီရဲ့ အကြံပြုချက်အတိုင်း ရုရှားလက်ရွေးစင်နဲ့ ကလပ်အသင်းတွေကို ဖီဖာ နဲ့ ယူအီးအက်ဖ်အေက ကျင်းပထားတဲ့ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာပါ။ ဖီဖာ ကတော့ အကန့်အသတ်မရှိ ပိတ်ပင်ထားတာဖြစ်ပြီး အဲဒါကြောင့်လည်း ရုရှားအမျိုးသားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ခွင့် အခွင့်အရေးဆုံးရှုံးခဲ့ပါတယ်။ယူအီးအက်ဖ်အေဟာ အခုနှစ်ရာသီမှာ လည်း ရုရှားကလပ်အသင်းတွေကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာပါ။

ဒါပေမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေမှာ ရုရှားပါဝင်လာနိုင်တယ်ဆိုတဲ့ တရားဝင် ထုတ်ပြန် ချက်တွေ မထုတ်ပြန်သေးတာ ဖြစ်ပါတယ်။စက်တင်ဘာလ ၂၀ ရက် ခရိုအေးရှားမှာ ကျင်းပမယ့် ယူအီး အက်ဖ်အေအမှုဆောင်ကော်မတီအစည်းအဝေးမှာ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြထားတာပါ။အဲဒီမှာ ရုရှားကို ယူရို ၂၀၂၄ ခြေစစ်ပွဲတွေမှာ ပါဝင်ခွင့် ရှိ၊ မရှိ ဆုံးဖြတ်နိုင်မယ်လို့ သိရပါတယ်။
ယူကရိန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက “စိန့်ပီတာစဘတ်မှာ ကစားဖို့ စီစဉ်ထားတဲ့ ရုရှားနဲ့ ဘော့စနီးယား အသင်းတို့ရဲ့ ခြေစမ်းပွဲကို ရပ်တန့်နိုင်အောင် ကြားဝင်စွက်ဖက်ပေးဖို့အတွက် ဖီဖာနဲ့ ယူအီးအက်ဖ်အေကို ထပ်မံတောင်းဆိုထားတာပါ။ဒီပွဲကို မဖြစ်အောင် ကျနော်တို့ တတ်နိုင်သမျှအရာအားလုံး လုပ်ဆောင် နေပါတယ်”လို့ ပါဗယ်လ်ကိုက ပြောခဲ့တာဖြစ်ပါတယ်။
ရုရှားအသင်းကတော့ ဘော့စနီးယားနဲ့အပြင် အီရန်၊ ကာဂျစ္စတန်တို့နဲ့လည်း ခြေစမ်းပွဲကစားဖို့ စီစဉ်ထား တာ ဖြစ်ပါတယ်။
Source:အာရ်တီ
- By CNI
- Category: အားကစား
- Hits: 1315
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆
တင်းနစ်လောကက အနားယူဖို့ ရော်ဂျာဖက်ဒဲရားဆုံးဖြတ်လိုက်တာဟာ အားကစားအတွက် ဝမ်းနည်းဖို့ ကောင်းတဲ့နေ့လို့ ပြိုင်ဘက်ကြီး ရာဖေးလ်နာဒယ်လ်က ပြောဆိုလိုက်ပါတယ်။
နာဒယ်လ်က “ကျနော်တို့ဟာ သူငယ်ချင်းတွေဖြစ်သလို၊ ပြိုင်ဘက်တွေလည်း ဖြစ်ပါတယ်။ ဒီလိုနေ့မျိုး ဘယ်တော့မှ မရောက်လာစေဖို့က ကျနော့်ရဲ့ဆန္ဒပါ။ဒါဟာ ကျနော့်အတွက်ရော ကမ္ဘာတစ်ဝှမ်းရှိတဲ့ အားကစားအတွက် ဝမ်းနည်းဖို့ ကောင်းတဲ့နေ့ပါ။ခင်ဗျားနဲ့အတူနှစ်တွေအများကြီး မျှဝေခွင့်ရခဲ့တာက ကျနော့်အတွက် ဂုဏ်ယူဖို့ ကောင်းပါတယ်။ကျနော်တို့ အတူတူအလုပ်လုပ်စရာတွေအများကြီး ရှိပါတယ်။အခုအချိန်မှာ ခင်ဗျားရဲ့ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ။လန်ဒန်မှာ တွေ့ကြမယ်” လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားတာပါ။
ဂရမ်းဆလမ်းချန်ပီယံဆု အကြိမ် ၂၀ ရရှိထားတဲ့ ဖက်ဒဲရားဟာ အခုလထဲ ကျင်းပမယ့် Laver Cup ပြိုင်ပွဲအပြီးမှာ အနားယူတော့မယ်လို့ ကြာသပတေးနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။ဖက်ဒဲရားထက် ဂရမ်းဆလမ်းအများဆုံးရ ကစားသမားတွေအဖြစ် နာဒယ်လ်က ၂၂ ကြိမ်၊ ဂျိုကိုဗစ်က ၂၁ ကြိမ် ရရှိ ထားတာပါ။တင်းနစ်သမိုင်းမှာ အကျော်ကြားဆုံး ပြိုင်ဖက်တွေဖြစ်တဲ့ နာဒယ်လ်နဲ့ ဖက်ဒဲရားတို့ဟာ ထိပ်တိုက်တွေ့ဆုံမှု အကြိမ် ၄၀ အထိ ရှိခဲ့ပါတယ်။

နာဒယ်လ်က ၂၄ ကြိမ်အနိုင်ရခဲ့ပြီး ဖက်ဒဲရားက ၁၆ ကြိမ် အနိုင်ရရှိခဲ့တာပါ။ဖက်ဒဲရားဟာ အသက် ၁၆ နှစ်အရွယ် ၁၉၉၈ မှာ ပရော်ဖက်ရှင်နယ်တင်းနစ်လောကကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ၂၀၀၃ ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲမှာ ပထမဆုံး ဂရမ်းဆလမ်းချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆွဇ်ဇာလန်တင်းနစ်သမားဟာ တတိယအကြိမ်မြောက် ဒူးခွဲစိတ်ပြီးနောက် ၂၀၂၁ ဝင်ဘယ်လ်ဒန်အိုးပန်း ပြိုင်ပွဲပြီးကတည်းက ပြိုင်ပွဲတွေဝင်ရောက်ကစားခြင်း မရှိတော့ပါဘူး။
ဖက်ဒဲရားက “ကျနော်ဟာ ၂၄ နှစ်အတွင်းမှာ ပွဲပေါင်း ၁၅၀၀ ကျော်ကစားပြီးပါပြီ။ အခု ကစားသမားဘဝ ကို အဆုံးသတ်ဖို့ အချိန်တန်ပြီဆိုတာကို ကျနော်အသိအမှတ်ပြုရတော့မှာ ဖြစ်ပါတယ်။တင်းနစ်ပွဲတွေကို ကျနော် အလွန်ချစ်မြတ်နိုးပါတယ်။ဘယ်တော့မှမမေ့နိုင်တဲ့ ပြိုင်ဆိုင်မှုတွေ အများကြီးကစားခဲ့ရလို့ ကျနော် ကံကောင်းခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
၂၀၂၂ Laver Cup ပြိုင်ပွဲကို စက်တင်ဘာ ၂၃ ရက်ကနေ ၂၅ ရက်အထိ လန်ဒန်မှာ ကျင်းပသွားမှာဖြစ်ပြီး တင်းနစ်လောကရဲ့နာမည်ကြီးတွေဖြစ်တဲ့ ဖက်ဒဲရား၊ နာဒယ်လ်၊ ဂျိုကိုဗစ်နဲ့ အန်ဒီမာရေး တို့ ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1241
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆
ရှရစ်ဖ်ကို အနိုင်ရတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးက ရော်နယ်ဒိုအတွက် တကယ်ကိုလိုအပ်နေတာလို့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ရော်နယ်ဒိုက အဲ့ဒီဂိုးကိုလိုအပ်ပါတယ်။သူဟာ အကြိမ်ပေါင်းများစွာနီးစပ်ခဲ့ပေမယ့် အရမ်းကို လိုချင်နေတာပါ။သူ ဂိုးသွင်းနိုင်လို့ ကျနော်တို့ အလွန်ပျော်ရွှင်နေပါတယ်။အသင်းကလည်း သူ့ကို ဂိုးတွေသွင်းစေချင်နေတာပါ။ရော်နယ်ဒို ပင်နယ်တီသွင်းယူနိုင်မယ်ဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ကြံခိုင်မှုပိုင်း ပိုကောင်းလာရင် သူဟာ ဂိုးတွေပိုပြီး သွင်းလာပါလိမ့်မယ်။ အသင်းစီမံကိန်း ကိုလည်း စိတ်နှစ်ပြီး အပြည့်အဝပူးပေါင်းနေပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ရှရစ်ဖ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဆန်ချိုနဲ့ ရော် နယ်ဒိုတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုအတွက်တော့ ဒီဂိုးဟာ ဒီရာသီ ယူနိုက်တက် အသင်း အတွက် ပထမဆုံးသွင်းယူနိုင်ခဲ့တဲ့ ဂိုးလည်းဖြစ်ခဲ့တာပါ။ဒါ့အပြင် ယူရိုပါလိဂ်ပြိုင်ပွဲမှာ သူ့ရဲ့ ကစားသမား ဘ၀ ပထမဆုံးသွင်းဂိုးကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုက “ဂိုးသွင်းပြီး အသင်းကို အနိုင်ရအောင်ကူညီပေးနိုင်လို့ ပျော်ရွှင်ပါတယ်။အရေးကြီးတဲ့ ၃ မှတ်ပါ”လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။ရော်နယ်ဒိုအတွက် ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့လို့ ၁၆ နှစ်အတွင်း အဆိုးရွားဆုံး ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ဒီဂိုးကြောင့် ပေါ်တူဂီ ကစားသမားဟာ ကလပ်ကစားသမားဘ၀ သွင်းဂိုး ၆၉၉ ဂိုးအထိ ရှိသွားခဲ့ပြီး ဂိုး ၇၀၀ ပြည့်ဖို့ ၁ ဂိုးသာ လိုအပ်တော့တာပါ။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က အသင်းက ထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် ယူနိုက်တက် အသင်း ဟာ ရောင်းချဖို့ ငြင်းဆန်ခဲ့လို့ အပြောင်းအရွှေ့ပိတ်တဲ့အချိန်ထိ အသင်းမှာပဲ ဆက်လက်ရှိနေတာ ဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ရှရစ်ဖ်နဲ့ ပွဲအပါအဝင် ဆိုစီဒက်နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာလည်း ယူနိုက်တက်အတွက် ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အခုအပတ်မှာ ကစားဖို့ရှိတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရတာကြောင့် အောက်တိုဘာလ ၂ ရက်မှ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 1691
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅
ဂရင်းဝုဒ်ဟာ ၂၀၂၂-၂၃ ရာသီအတွက် ယူနိုက်တက်အသင်းရဲ့ တရားဝင်လူစာရင်းမှာ ပါဝင်နေပေမယ့် သူ့ကို ဆိုင်းငံ့ထားဆဲဖြစ်တယ်လို့ အသင်းက ပြောလိုက်ပါတယ်။
အသက် ၂၀ အရွယ်ရှိ ဂရင်းဝုဒ်ဟာ ကစားသမား ၂၅ ဦးစာရင်းမှာမပါဝင်ပေမယ့် အသင်းကြီးအတွက် ဒီရာသီ ပရီးမီးယားလိဂ်ကစားခွင့်ရမယ့် ယူ-၂၁ ကစားသမားစာရင်းမှာ ပါဝင်နေတာပါ။
ဂရင်းဝုဒ်ဟာ လက်ရှိအချိန်မှာ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ အသက် ၁၈ နှစ်အရွယ်ရှိ ကျောင်းသားကို သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ဂရင်းဝုဒ်ဟာ ဇန်နဝါရီလက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဇွန်လကပြုလုပ်ခဲ့တဲ့ သီးသန့်ကြားနာမှုမှာ သူ့ရဲ့အာမခံကို သက်တမ်းတိုးခဲ့တာပါ။
ဂရင်းဝုဒ်ဟာ ဖမ်းဆီးခံရပြီးနောက် ရဲစခန်းမှာ ၃ ညတာနေခဲ့ရပြီး သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် နောက်ပိုင်းမှာစစ်ဆေးမေးမြန်းခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ယူရိုပါလိဂ်လူစာရင်းမှာ မပါဝင်တဲ့ ဂရင်းဝုဒ်ဟာ အာမခံနဲ့ ပြန်လွတ်ခဲ့ပြီး နောက်ပိုင်းမှာ အာမခံကို ၂ ကြိမ်သက်တမ်းတိုးခဲ့တာပါ။

ဂရင်းဝုဒ်ရဲ့ ကစားသမားပရိုဖိုင်ဟာ အဖမ်းဆီးခံရပြီးကတည်းက အွန်လိုင်း ပေါ်မှာ ရှိနေပေမယ့် ယူနိုက်တက်အသင်းက သူ့ရဲ့နာမည်နဲ့ ကျောနံပတ် ၁၁ ပါ ဂျာစီကို မဝယ်ယူဖို့ ပရိသတ်တွေကို ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်ရှိနေတာကြောင့် ကစားသမားရဲ့ တစ်ပတ် လုပ်ခ ပေါင် ၇၅,၀၀၀(ခုနှစ်သောင်းခွဲ)ကို ဆက်လက်ပေးချေနေရတာပါ။ဂရင်းဝုဒ်ဟာ ဇန်နဝါရီ ၂၂ ရက် က ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်အတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
သူဟာ အင်္ဂလန်လက်ရွေးစင်အတွက် ၂၀၂၀ စက်တင်ဘာလက အိုက်စလန်နဲ့ပွဲစဉ်မှာ ပွဲ ထွက်ခွင့်ရခဲ့ပေမယ့် ကိုဗစ်စည်းမျဉ်းတွေကို ချိုးဖောက်လို့ နေအိမ်ပြန်ပို့ခြင်း ခံခဲ့ရတာပါ။ဂရင်းဝုဒ်ဟာ ယူနိုက်တက်အတွက် ပွဲပေါင်း ၈၃ ပွဲပါဝင်ကစားထားပြီး ၂၂ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ ချစ်သူမိန်းကလေးဖြစ်သူကို ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု တွေ ပြုလုပ်နေတဲ့ ပုံရိပ်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံနှံ့သွားပြီးနောက် ဇန်နဝါရီ ၃၀ ရက်မှာ ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့တာပါ။ဂရင်းဝုဒ်နဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ဇွန်လ ၃၀ ရက်မှ ကုန် ဆုံးမယ်လို့ သိရပါတယ်။
Source:Daily Mail
