- By CNI
- Category: အားကစား
- Hits: 1258
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂
စပိန်သတင်းစာ EI Mundo ကတော့ မက်ဆီဟာ ၂၀၂၀ နွေရာသီက ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် တောင်းဆိုခဲ့တဲ့ အချက်အလက်တွေကို ဖော်ပြလိုက်ပါတယ်။
ဒါပေမယ့် စာချုပ်သစ်အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်တာမှာ အဆင်မပြေခဲ့တာကြောင့် မက်ဆီဟာ ၂၀၂၁ နွေရာသီမှာ ၂၁ နှစ်ကြာ ကစားခဲ့တဲ့ ဘာစီလိုနာကနေ ထွက်ခွာပြီး ပီအက်စ်ဂျီအသင်းထံ အလွတ်ပြောင်းရွှေ့ကြေး နဲ့ ရောက်ရှိသွားခဲ့တာပါ။
မက်ဆီဟာ ဘာစီလိုနာနဲ့ စာချုပ်သစ်အတွက် တောင်းဆိုခဲ့တဲ့ အချက် ၉ ချက်အထိ ရှိခဲ့တာဖြစ်ပါတယ်။ ဒီထဲမှာ နံပါတ် ၁ အချက်ကတော့ မက်ဆီဟာ ၃ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ ပြောခဲ့တာပါ။
နံပါတ် ၂ မှာတော့ မက်ဆီဟာ သူ့ရဲ့ မိသားစုနဲ့ ဆွာရက်စ် မိသားစုတို့အတွက် နူးကမ့်ပ်မှာ သီးသန့်အခန်း ထားရှိ ပေးဖို့ ပြောခဲ့ပြီး နံပါတ် ၃ ကတော့ စာချုပ်သစ်မှာ လတ်မှတ်ထိုးကြေးအတွက် ယူရို ၁၀ သန်းပေးချေဖို့ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဘာစီလိုနာကနေ မက်ဆီထွက်ခွာဖို့ နှုတ်ဆက်ပွဲ(Football Espana)
ဒီနောက်မှာတော့ နံပါတ် ၄ အချက်ကတော့ မက်ဆီဟာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၇၀၀ ကနေ ယူရို ၁ သောင်းအထိ လျှော့ချေပေးဖို့ တောင်းဆိုခဲ့တာပါ။ နံပါတ် ၅ မှာတော့ မက်ဆီဟာ ကိုဗစ် ကာလအတွင်းမှာ လုပ်အားခ လျှော့ယူခဲ့ရတာနဲ့ ပတ်သက်ပြီး ဒီလျှော့ချမှုကို အတိုး ၃ ရာခိုင်နှုန်းနဲ့ ပြန်ဆပ်ဖို့ လိုချင်ခဲ့တာ ဖြစ်ပါတယ်။
နံပါတ် ၆ က မက်ဆီဟာ ခရစ္စမတ်လို အားလပ်ရက်အတွင်းမှာ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ မိသားစုကို အာဂျင်တီးနား ပြန်ပို့ပေးဖို့နဲ့ နံပါတ် ၇ ကတော့ စပိန်အစိုးရက အခွန်တိုးကောက်မယ်ဆိုရင် သူ့ရဲ့ လစာကိုပါ တိုးပေးဖို့ တောင်းဆိုခဲ့တာပါ။
နံပါတ် ၈ မှာတော့ သူ့ရဲ့ လက်ထောက် ပီပီကော်စတာကို လစာပေးပြီး ဆက်ထားဖို့နဲ့ နံပါတ် ၉ ကတော့ သူ့ အစ်ကို ရီဒရီဂိုမက်ဆီကိုလည်း စာချူပ်သက်တမ်းတိုးပြီး အပိုဆုကြေးပေးရမယ်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီထဲက အချက်အများအပြားကို လက်ခံခဲ့ပြီး ၂ ချက်ကိုသာ ငြင်းဆန်ခဲ့တယ်လို့ သိရပါ တယ်။ ဘာစီလိုနာအသင်းဟာ ဒီလိုပေါက်ကြားမှုတွေနဲ့ ပတ်သက်ပြီး ဒေါသထွက်နေကာ စပိန်သတင်းစာကို တရားစွဲသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ဒါပေမယ့် ပေါက်ကြားလာတဲ့ အချက်အလက်တွေဟာ တရားစီရင်ရေး လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ် လို့ စပိန်ကလပ်က ပြောခဲ့ပါတယ်။
Source: Daily Mail/Sportbible
- By CNI
- Category: အားကစား
- Hits: 1405
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁
ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ရော်နယ်ဒိုက ယူရို ၂၀၂၄ ပြိုင်ပွဲအထိ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ နိုင်ငံအသင်းကပေးတဲ့ ဆုလက်ခံရယူအပြီးမှာ ပြောလိုက်ပါတယ်။
ရော်နယ်ဒိုက “နောက်နှစ်အနည်းငယ်ကြာတဲ့အထိ အဖွဲ့ချုပ်ရဲ့ အစိတ်အပိုင်းဖြစ်လာဖို့ ကျနော် မျှော်လင့်ထားပါတယ်။ကျနော်ဟာ အခုထိ စိတ်အားထက်သန်မှုရှိတုန်းဖြစ်သလို ရည်မှန်းချက်ကလည်း မြင့်မားပါတယ်။ ကျနော့်ရဲ့နိုင်ငံအသင်းလမ်းကြောင်းက မပြီးဆုံးသေးပါဘူး။ကျနော်တို့မှာ အရည် အသွေးရှိတဲ့ လူငယ်ကစားသမားတွေလည်း အများကြီးပါ။ကျနော် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်မှာ ဖြစ်သလို ယူရိုပြိုင်ပွဲမှာလည်း ရှိချင်ပါတယ်”လို့ ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ Quinas De Ouro ဆုပေးပွဲမှာ နိုင်ငံအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ရယူ နိုင်ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်တိုက်စစ်မှူးဟာ ပေါ်တူဂီလက်ရွေးစင်အတွက် ၁၈၉ ပွဲ ပါဝင်ကစား ထားပြီး ၁၁၇ ဂိုးသွင်းယူထားတာပါ။ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက်သာမကဘဲ နိုင်ငံတကာသွင်းဂိုး အများဆုံးကစားသမားအဖြစ် စံချိန်တင်ရပ်တည်နေတာဖြစ်ပါတယ်။ယူရို ၂၀၂၄ ပြိုင်ပွဲမှာသာ ရော်နယ်ဒို ပါဝင်ခဲ့မယ်ဆိုရင် သူ့ရဲ့ အသက်ဟာ ၃၉ နှစ်အရွယ်ရှိသွားမှာပါ။

ရော်နယ်ဒိုက ဆုရခဲ့တာနဲ့ ပတ်သက်ပြီး “ ဒီလိုဆုကြီးကို ရခဲ့လို့ ကျနော်ဂုဏ်ယူမိပါတယ်။တစ်နေ့မှာ ဒီလိုအောင်မြင်မှုရယူနိုင်မယ်လို့ ဘယ်တုန်းကမှ ကျနော်မတွေးဖူးပါဘူး။ကျနော့်ရဲ့ ကစားသမားဘဝမှာ အရေးပါတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။သွားရမယ့်လမ်းကြောင်းက အရှည်ကြီး ကျန်ရှိနေ သေးပြီး ကျနော်သွားရမယ့်လမ်းက မပြီးဆုံးသေးဘူးဆိုတာပြောချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဒီဆုပေးပွဲအခမ်းအနားကို မော်ရင်ဟို၊ ပီပီ၊ ဘရူနိုဖာနန်ဒက်စ်နဲ့ ရူဘင်ဒီယတ်ဇ်တို့လည်း တက်ရောက် ခဲ့ကြပါတယ်။ပေါ်တူဂီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ချက်၊ စပိန် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:The Sun
- By CNI
- Category: အားကစား
- Hits: 1143
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁
ပိုလန်အသင်းခေါင်းဆောင် လီဝန်ဒေါစကီးဟာ ယူကရိန်းဂန္တဝင် ရှက်ဖ်ချန်ကိုနဲ့ တွေ့ဆုံပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယူကရိန်းလက်ပတ်ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။ဒါနဲ့ ပတ်သက်ပြီး ဘာစီလိုနာတိုက်စစ်မှူးက ဂုဏ်ယူနေတာပါ။
လီဝန်ဒေါစကီးက “ကျေးဇူးတင်ပါတယ် ရှက်ဗ်ချန်ကို၊ ခင်ဗျားနဲ့တွေ့ရတာ တကယ်ကိုဝမ်းသာပါတယ်။ ယူကရိန်းအရောင်ပါတဲ့ လက်ပတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သယ်ဆောင်ခွင့်ရတာက ကျနော့်အတွက် ဂုဏ်ယူစရာပါပဲ။ယူကရိန်းပြည်သူတွေဟာ တစ်ဦးတည်းဖြစ်နေတာမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အတွေး ထဲမှာ ရှိနေတယ်ဆိုတာကို ပြသချင်တာကြောင့် ဒီလက်ပတ်ကို ဝတ်ဆင်သွားမှာပါ”လို့ ပြောခဲ့တာပါ။
ရှက်ဖ်ချန်ကိုနဲ့ လီဝန်ဒေါစကီးတို့ဟာ ဝါဆောအားကစားကွင်းကြီးထဲမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ရှက်ဗ်ချန်ကိုက ယူကရိန်းအရောင်ပါတဲ့ လက်ပတ်ကို ဝတ်ဆင်ဖို့ ပေးခဲ့တာဖြစ်ပါတယ်။လီဝန်ဒေါစကီး ဟာ ပြီးခဲ့တဲ့ရာသီ ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားခဲ့ချိန်တုန်းက အဲဒီလက်ပတ်နဲ့ ဆင်တူတာကို ဝတ်ဆင်ခဲ့ပြီး ယူကရိန်းနဲ့အတူ ရှိနေကြောင်းကို ပြသခဲ့တာပါ။ယူကရိန်းအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ် ပွဲ ပလေးအောဖ့်အဆင့်မှာ ဝေးလ်စ်အသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ရှက်ဗ်ချန်ကိုက “လီဝန်ဒေါစကီးကို ဒီအတွက် ကျနော်ကျေးဇူးတင်ချင်ပါတယ်။ဒီလက်ပတ်က ကျနော့် နိုင်ငံနဲ့ သက်ဆိုင်တဲ့ ခံစားချက်များစွာကို ကိုယ်စားပြုပါတယ်။ကျနော်တို့ကို ပံ့ပိုးပေးတဲ့ လီဝန်ဒေါစကီးနဲ့ ပိုလန်နိုင်ငံတစ်ခုလုံးကို ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့တာပါ။
ပိုလန်နိုင်ငံဟာ ယူကရိန်းနဲ့ နယ်နမိတ်ချင်းထိစပ်နေတာကြောင့် ရုရှားရဲ့ ကျူးကျော်မှုကို ခံရကတည်းက လီဝန်ဒေါစကီးဟာ ဆန့်ကျင်ကြောင်း ပြောခဲ့ပြီး ဟွာဝေးက ရုရှားကိုအကူအညီပေးနေတဲ့အပေါ် စပွန်ဆာကိုပါ ရပ်ဆိုင်းခဲ့တာပါ။လီဝန်ဒေါစကီးဟာ ဒီလက်ပတ်ကို မက္ကဆီကို၊ ဆော်ဒီ၊ အာဂျင်တီးနား တို့နဲ့ ကစားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွေမှာ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။
Source:Goal.com
- By CNI
- Category: အားကစား
- Hits: 1727
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁
ရုရှားလက်ရွေးစင်အသင်းကို ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပြီ လို့ ယူအီးအက်ဖ်အေက အတည်ပြုလိုက်ပါတယ်။
ပဋိပက္ခစတင်ခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ရုရှားလက်ရွေးစင်နဲ့ ကလပ်အသင်းတွေကို ယူအီး အက်ဖ်အေနဲ့ ဖီဖာက သူတို့နဲ့ သက်ဆိုင်တဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာပါ။ယူရို ၂၀၂၄ ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲမှုကို အောက်တိုဘာလ ၉ ရက် ဂျာမနီနိုင်ငံ ဖရန့်ဖတ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ရုရှားကတော့ သူတို့ကို ပိတ်ပင်ထားတာနဲ့ ပတ်သက်ပြီး အားကစားဆိုင်ရာ ခုံရုံးကို အယူခံဝင်ခဲ့ပေမယ့် ဇူလိုင်လက ပယ်ချခံခဲ့ရတာပါ။
ရုရှားအသင်းတွေကို ပိတ်ပင်မယ့် ကနဦးဆုံးဖြတ်ချက်ကို ယူအီးအက်ဖ်အေအမှုဆောင်ကော်မတီက ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်မှာ ချမှတ်ခဲ့တာဖြစ်ပြီး အားကစားဆိုင်ရာခုံရုံးက ဇူလိုင်လ ၁၅ ရက်မှာ ဒါကို အတည်ပြုခဲ့ပါတယ်။ “ရုရှားအသင်းဟာ ၂၀၂၂ ကနေ ၂၀၂၄ အထိ ပြုလုပ်မယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု မဲခွဲမှုမှာ ပါဝင်မှာမဟုတ်ဘူး”လို့ ယူအီးအက်ဖ်အေက ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားတာပါ။

ရုရှားအသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပလေးအောဖ့်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ ပေမယ့် ဖီဖာကယှဉ်ပြိုင်ဖို့ ပိတ်ပင်ခဲ့လို့ ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။ဒါ့အပြင် ရုရှားအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ အမျိုးသမီးယူရိုပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်မြင်ခဲ့ပေမယ့် ဖယ်ရှားခြင်းခံခဲ့ရပြီး သူ့နေရာမှာ ပေါ်တူဂီ နဲ့ ပြိုင်ပွဲစီစဉ်သူတွေက အစားထိုးခဲ့တာပါ။ ယူအီးအက်ဖ်အေဟာ ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom နဲ့ စပွန်ဆာသဘောတူညီချက်တွေကို အဆုံးသတ်ခဲ့ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ဒီရာသီ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲတွေမှာ ရုရှားကလပ်တွေကို ယှဉ်ပြိုင်ခွင့် ဆက်လက်ပိတ်ပင်ထားခဲ့တာပါ။ပြီးခဲ့တဲ့ ၂၀၂၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မူလက စိန့်ပီတာစဘတ်မှာ ကျင်းပဖို့ သတ်မှတ်ခဲ့ပေမယ့် ပဲရစ်ကို ပြောင်းရွှေ့ပြီး ကျင်းပသွားတာ ဖြစ်ပါ တယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1181
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀
နေစီယွန်နယ်လ်အသင်း ဥက္ကဋ္ဌက ဆွာရက်စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာ ကလပ်အသင်းကနေ ထွက်ခွာ မယ်လို့ အတည်ပြုလိုက်ပါတယ်။
နေစီယွန်နယ်အသင်းဥက္ကဋ္ဌ ဟိုဆေးဖူအန်တက်စ်က “ ဥရုဂွေးရာသီ ပြီးဆုံးတာနဲ့ ဆွာရက်စ်ထွက်ခွာမှာပါ။ ဒါက အဲ့ဒီအချိန်မှာ ကျနော်တို့ သဘောတူညီမှု ရယူခဲ့တာပါ။ မျှော်လင့်ချက် အမှားတွေ မဖြစ်ပေါ်စေဖို့အတွက် အခုလို ပြောရတာပါ။ သူဟာ ဒီကိုလာရောက်နိုင်ဖို့အတွက် အကြီးအကျယ်ကို အားထုတ်ခဲ့ရတာပါ။ ဆွာရတ်စ် ထွက်သွား တော့မှာပါ”လို့ ပြောပါတယ်။
ဆွာရတ်စ်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ၁၆ နှစ်အကြာမှ သူ့ရဲ့ ပထမဆုံး ကလပ်ဖြစ်တဲ့ နေစီယွန်နယ်လ်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဥရုဂွေးဘောလုံးရာသီဟာ အောက်တိုဘာလ အကုန်မှာ ပြီးဆုံး မှာဖြစ်ပြီး ဒီအချိန်မှာ ဆွာရက်စ်ဟာ ထွက်ခွာတော့မှာပါ။

ဥရုဂွေး လက်ရွေးစင်အဖြစ် ဆွာရက်စ်ကစားစဉ်
လီဗာပူးလ်နဲ့ ဘာစီလိုနာ တိုက်စစ်မှူးဟောင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာ အသင်းလက်မဲ့ဖြစ်မှာ ဖြစ်ပေ မယ့် ဥရုဂွေးလူစာရင်းမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဥရုဂွေးလိဂ်ဟာ ပွဲလက်ကျန် အနည်းငယ်သာ ကျန်ရှိတော့ပေမယ့် ဒီပွဲတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ဆွာရတ်စ်အတွက် ပြီးပြည့်စုံတဲ့ ပြင်ဆင်မှု ဖြစ်လာနိုင်တာပါ။
အသလက်တီကို တိုက်စစ်မှူးဟောင်းဟာ စက်တင်ဘာလထဲမှာ အီရန်၊ ကနေဒါတို့နဲ့ ခြေစမ်းမယ့် ဥရုဂွေး လက်ရွေးစင် အသင်းလူစာရင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဆွာရတ်စ်ဟာ ဥရုဂွေးအတွက် ၁၃၂ ပွဲ ပါဝင် ကစားထားပြီး ၆၈ ဂိုး သွင်းယူထားပြီး ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာပါ။
ဆွာရက်စ်ဟာ နေစီယွန်နယ်လ်အသင်းအတွက် ၉ ပွဲပါဝင်ကစားထားပြီး ၄ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 2224
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀
ဟဲဗီးဝိတ်လက်ဝှေ့အကျော်အမော် မိုက်တိုင်ဆန်က တင်ပါးကြောကိုက်ခဲတဲ့ ဝေဒနာကို ခံစားနေရပြီး တစ်ခါတစ်ရံမှာ စကားတောင်မပြောနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ ပြောပါတယ်။
မိုက်တိုင်ဆန်က “ကျနော်မကြာခဏဆိုသလို တင်ပါးကြောကိုက်ခဲတဲ့ ဝေဒနာကိုခံစားနေရပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် ကျနော်စကားတောင်မပြောနိုင်တော့ပါဘူး။ဒါက ကျနော့်မှာတစ်ခုတည်းသော ကျန်းမာရေးပြဿနာဖြစ်လို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ကျနော့်အိမ်မှာရှိတဲ့သူတိုင်းက တကယ်ကို ကောင်းချီးပေးကြပါတယ်။ကျနော့်မှာ ရှိတဲ့အရာတွေအတွက်လည်း အားလုံးကို ကျေးဇူး တင်ပါတယ်”လို့ Newsmax TV နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
အသက် ၅၆ နှစ်အရွယ်ရှိ မိုက်တိုင်ဆန်ကို ပြီးခဲ့တဲ့လက လေဆိပ်မှာ ဘီးတပ်ကုလားထိုင်နဲ့ တွေ့မြင် ခဲ့ရတာ ဖြစ်ပါတယ်။တုတ်ချောင်းကို အကူအညီယူပြီး လမ်းလျှောက်လာတာကိုလည်း တွေ့မြင်ခဲ့ရကာ မိုက်တိုင်ဆန်ကတော့ တင်ပါးကြောကိုက်ခဲတဲ့ ဝေဒနာကြောင့်လို့ ပြောခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် နောက်ကျောကို ထိခိုက်နေပုံရတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ မိုက်တိုင်ဆန်ဟာ ကစားသမားဘဝ ကုန်ခါနီးမှာ ဒူးဒဏ်ရာနဲ့ ရုန်းကန်ခဲ့ရပြီး ၂၀၀၅ မှာ နောက်ကျော ပြဿနာကြောင့် ကစားသမားဘဝက အနားယူခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ မှာတော့ မိုက်တိုင်ဆန်ဟာ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ရွိုင်ဂျူံးစ်ဂျူနီယာနဲ့ သရုပ်ပြပွဲထိုးသတ်ခဲ့တာပါ။ဒါပေမယ့် သူဟာ မကြာခင်မှာ သေဆုံးတော့မယ်ဆိုပြီး ပြောခဲ့တာကြောင့် မိုက်တိုင်ဆန်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာခဲ့တာ ဖြစ်ပါတယ်။
“ကျနော်တို့ အားလုံးဟာ တစ်နေ့ သေကြရမှာပါ။မှန်ထဲမှာ ကြည့်လိုက်တော့ ကျနော့်မျက်နှာပေါ်မှာ အစက်အပြောင်လေးတွေကို တွေ့ခဲ့ရပါတယ်။ဒါဟာ ကျနော့်ရဲ့ သက်တမ်း မကြာခင်မှာ ကုန်ဆုံးဖို့ နီးလာပြီကို ဆိုလိုတာ”လို့ မိုက်တိုင်ဆန်က ပြောခဲ့တာပါ။
သံမဏိမိုက်ဆိုပြီး နာမည်ပြောင်ရထားတဲ့ မိုက်တိုင်ဆန်ဟာ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝမှာ ပွဲပေါင်း ၅၈ ပွဲထိုးသတ်ခဲ့ပြီး ပွဲပေါင်း ၅၀ အနိုင်ရကာ ၆ ပွဲရှုံးပြီး ၂ ပွဲက ရလဒ်မထွက်ပေါ်ခဲ့တာ ဖြစ်ပါ တယ်။
Source:The Sun
- By CNI
- Category: အားကစား
- Hits: 1096
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀
လီဝန်ဒေါစကီးက ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားတဲ့အချိန်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘာစီလိုနာမှာက ဘောလွန်းဒီအောဆု ရနိုင်ခြေပိုရှိတယ်လို့ ပြောလိုက်ပါတယ်။
လီဝန်ဒေါစကီးက “ဘောလွန်းဒီအောဆုကို အများဆုံးရရှိခဲ့တဲ့ ကစားသမားသမားအများအပြားက ဘာစီလိုနာအသင်းကဆိုတာ ကျနော်သိပါတယ်။ဒါကြောင့်လည်း ဘိုင်ယန်မြူးနစ်မှာထက် ဘာစီလိုနာ မှာက ပိုပြီးရနိုင်ဖို့ နီးစပ်ပါတယ်”လို့ မာကာနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
အသက် ၃၃ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့က ပေါင်သန်း ၃၀ နဲ့ ဘိုင်ယန် မြူးနစ်မှာ ၈ ရာသီကြာကစားတာကို အဆုံးသတ်ပြီး ဘာစီလိုနာထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ပိုလန်တိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းမှာ ချက်ချင်းအံဝင်ခဲ့ပြီး ၈ ပွဲကစားအပြီးမှာ ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ လီဝန်ဒေါစကီးဟာ စပိန်လာလီဂါပြိုင်ပွဲမှာ ၈ ဂိုးအထိသွင်းယူထားပြီး ဂိုးသွင်း အများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

လီဝန်ဒေါစကီးက “နူးကမ့်ပ်မှာ ဘာစီလိုနာပရိသတ်တွေ ကျနော့်နာမည်ကို သီဆိုဖို့ဆိုတာက တကယ် ကို မမျှော်လင့်ထားတဲ့အရာပါ။ဘာစီလိုနာမှာ အကြာကြီးရှိနေသလိုကို ခံစားနေရပါတယ်။ဘာစီလိုနာကို ရောက်လာတဲ့ ပထမဆုံးနေ့ကတည်းက ကျနော်ဟာ နေရာမှန်ကို အချိန်မှန်ရောက်လာတယ်လို့ ခံစား ခဲ့ရတာပါ။ပရိသတ်တွေရဲ့အားပေးမှုကြောင့် အလွန်သက်သောင့်သက်သာရှိသလို ခံစားခဲ့ရပါတယ်။ အားလုံးက ကောင်းမွန်စွာဆက်ဆံပြီး အခွင့်ထူးခံရသလိုကို ရှိခဲ့တာပါ”လို့ ပြောခဲ့တာပါ။
လီဝန်ဒေါစကီးဟာ နေးရှင်းလိဂ်ပွဲတွေယှဉ်ပြိုင်ဖို့ ပိုလန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းပြီး လေ့ကျင့်မှု တွေ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ပိုလန်အသင်းဟာ စက်တင်ဘာ ၂၃ ရက်မှာ နယ်သာလန်၊ ၂၆ ရက်မှာ ဝေးလ်စ်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။
Source:Mirror
- By CNI
- Category: အားကစား
- Hits: 2289
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀
မြန်မာပြည်ဖွား MMA တိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ ONE Championship နဲ့ စာချုပ် ချုပ်ဆိုလိုက် ပြီလို့ သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ တရားဝင် ကြေညာခဲ့ပါတယ်။
အောင်လအန်ဆန်းက “ ONE Championship နဲ့ စာချုပ် ချုပ်ဆိုလိုက်ပါပြီ။ ကျနော့်အဖွဲ့က ကျနော် အဆင်သင့် ဖြစ်အောင် လုပ်ထားမယ်ဆိုတာ ကျနော်သိပါတယ်။ ကျနော့်ကို ချစ်ခြင်းမေတ္တာတွေနဲ့ အားပေးမှုတွေအတွက် ခင်ဗျားတို့ အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားထုတ်လွှင့်ပြီးတော့ ပြောခဲ့တာပါ။
အောင်လအန်ဆန်းဟာ အခုနှစ် ဖေဖော်ဝါရီလက ဘစ်ဒက်ချ်ကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ပြီးကတည်းက ပွဲတွေနဲ့ ဝေးကွာနေခဲ့ပါတယ်။ ဒါပေမယ့် လေ့ကျင့်မှုတွေကိုသာ ပိုပြီးကြိုးစားလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အောင်လအန်ဆန်းဟာ တိုကျိုမှာ ပြုလုပ်မယ့် ONE Championship ပြိုင်ပွဲမှာ ယူရှင်အိုကာမီနဲ့ ထိုးသတ်ချင်တဲ့ အကြောင်းကို မကြာသေးခင်က သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားမှု ပြုလုပ်ခဲ့တာပါ။ ONE ရဲ့ ဝိတ်တန်း ၂ ခု ချန်ပီယံဟောင်း အောင်လအန်ဆန်းဟာ စာချုပ်ကြောင့် အခုနှစ်မကုန်ခင် ပွဲထိုးသတ်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။

အောင်လအန်ဆန်း လေ့ကျင့်ခန်းဆင်းနေစဉ် (Aung La Nsang-Fb)
အောင်လအန်ဆန်းဟာ ဘစ်ဒက်ချ်ကို အရေးနိမ့်အပြီးမှာ သူ့ရဲ့ ပိုကောင်းတဲ့ ပုံစံအသစ်တွေကို မြင်တွေ့ရဖို့ ရှိတယ်လို့ ပြောထားတာပါ။
မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံဟောင်းဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲအထိ အရေးနိမ့်ထားတာ ကြောင့် ချန်ပီယံခါးပတ်ကို ပြန်စိန်ခေါ်နိုင်ဖို့အတွက် နပန်းပညာရပ်တွေကိုပါ သင်ယူ ကာ ပြင်းပြင်းထန်ထန် လေ့ကျင့်နေပါတယ်။
အောင်လအန်ဆန်းဟာ ONE ပြိုင်ပွဲရဲ့ ချန်ပီယံခါးပတ် ၂ ခုကို ၂၀၁၇ ကနေ ၂၀၁၉ အထိ ထိန်းထားနိုင်ခဲ့ပေမယ့် ၂၀၂၀ နဲ့ ၂၀၂၁ မှာ ရိုင်နီယာကို အရေးနိမ့်ပြီး ချန်ပီယံဆုတွေကို လက်လွှတ်ခဲ့ရတာပါ။ အသက် ၃၇ နှစ်အရွယ်ရှိ အောင်လအန်ဆန်းဟာ MMA ပွဲစဉ်ပေါင်း ၄၁ ပွဲအထိ ထိုးသတ်ထားပြီး ၂၇ ပွဲအနိုင်ရကာ ၁၃ ပွဲအရေးနိမ့်ထားတာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1235
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၉
အတ္တလန္တာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီး နောက် ရိုးမားကစားသမားတွေအနေနဲ့ ဒိုင်ဗင်ထိုးတာကို စတင်လုပ်ဆောင်သင့်ပြီလို့ နည်းပြ မော်ရင် ဟိုက ပြောလိုက်ပါတယ်။
မော်ရင်ဟိုက “ဒါက ရှင်းရှင်းလင်းလင်းကို ပင်နယ်တီပေးရမှာပါ။ဇာနီအိုလိုက မလဲကျလို့ ပင်နယ်တီ မပေးတာလား။ဒါဆိုရင် ကစားသမားတွေကို ကျနော်ပေးထားတဲ့ အကြံဉာဏ်တွေ ပြောင်းလဲရတော့ မယ်။ ရပ်နိုင်အောင်မကြိုးစားနဲ့၊ ဘောလုံးကန်ဖို့ မလုပ်နဲ့၊ ဒီလိဂ်မှာ အများလုပ်သလို ရေကန်ထဲမှာ ဒိုင်ဗင်ထိုးတဲ့ လူပျက်လိုပဲနေဖို့ မှာရတော့မှာပါ။ဒါမှလည်း ကျနော်တို့ ပင်နယ်တီရမှာ” လို့ Football Italia ကို ပြောခဲ့တာပါ။

ဇာနီအိုလိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရိုးမားအသင်းကို ပင်နယ်တီမပေးခဲ့တာကြောင့် မော်ရင်ဟိုဟာ ဒေါသ ထွက်ခဲ့ပြီး ကွင်းထဲထိ ဝင်ရောက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးက အနီကတ်ပြ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ဒီပွဲမှာ ဇာနီအိုလိုကို အတ္တလန္တာကစားသမား အိုကိုလီက ဆွဲထားခဲ့ပေမယ့် ကစားသမားက ဂိုးဧရိယာထဲမှာ မလဲကျခဲ့ပါဘူး။အဲဒါကြောင့် ကွင်းလယ်ဒိုင်လူကြီးက ပင်နယ်တီမပေးခဲ့တာကို မော်ရင် ဟိုက ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။
ရိုးမားအသင်းဟာ ဒီပွဲမစတင်ခင် သွေးပူလေ့ကျင့်ခန်းပြုလုပ်တာမှာ အဓိက ကစားသမားဖြစ်သူ ဒိုင်ဘား လား ဒဏ်ရာရသွားလို့ မာတစ်နဲ့ ပွဲထွက်လူစာရင်းကို အပြောင်းအလဲ ပြုလုပ်ခဲ့ရတာပါ။ဒီရှုံးပွဲဟာ ဒီရာသီ ရိုးမားအသင်းအတွက် စီးရီးအေ ဒုတိယမြောက်ရှုံးပွဲဖြစ်ပြီး ၇ ပွဲကစားအပြီးမှာ ရမှတ် ၁၃ မှတ်နဲ့ အမှတ် ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ရိုးမားအသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ စီးရီးအေပွဲစဉ်အဖြစ် အင်တာမီလန်အသင်းနဲ့ အောက်တိုဘာလ ၁ ရက်မှာ ယှဉ်ပြိုင်ရမှာပါ။ဒီပွဲပြီးရင်တော့ ဘက်တစ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 1187
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀
မာသီးယက်စ်ပေါ့ဘာဟာ ညီဖြစ်သူ ပေါလ်ပေါ့ဘာဆီကနေ ငွေညှစ်ဖို့ ကြံစည်မှုနဲ့ ထိန်းသိမ်းခံထားရပြီး စုံစမ်းစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။
ငွေညှစ်ဖို့နဲ့ ရာဇဝတ်ဆိုင်ရာပူးပေါင်းကြံစည်မှုတို့အတွက် အခြားလူ ၄ ဦးကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ တရားရေးဆိုင်ရာရင်းမြစ်တွေက ရိုက်တာနဲ့ ပြင်သစ်သတင်းဌာနတွေကို ပြောခဲ့ တာပါ။မာသီးယက်စ်ရဲ့ ရှေ့နေဖြစ်သူကတော့ သူ့ရဲ့ အမှုသည်မှာ အပြစ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ရှေ့နေဖြစ်သူ ယာဆင်ဘိုဇရူးက “ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ဘက်က စိန်ခေါ်ပြီး ရင်ဆိုင်သွားမှာပါ” လို့ ပြင်သစ်ရုပ်သံ BFMTV ကို ပြောခဲ့တာပါ။
မာသီးယက်စ်ဟာ ညီဖြစ်သူရဲ့ အကြောင်းနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေဟာ ပြီးခဲ့တဲ့လက အွန်လိုင်းပေါ် မှာ ထွက်ပေါ်လာခဲ့ပြီးနောက် ဒီဗွီဒီယိုရဲ့ နောက်ကွယ်မှာ သူရှိနေကြောင်း ဝန်ခံထားတာ ဖြစ်ပါတယ်။ ပေါ့ဘာက သူ့ကို ဂိုဏ်းအဖွဲ့အစည်းတစ်ခုက ခြိမ်းခြောက်ငွေညှစ်ဖို့ ပစ်မှတ်ထားနေတယ်လို့ ပြောခဲ့ပြီး နောက် ပြင်သစ်အစိုးရရှေ့နေတွေဟာ စက်တင်ဘာလအစောပိုင်းက တရားစီရင်ရေးဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေကို စတင်ခဲ့တာပါ။

ပြင်သစ်ကွင်းလယ်ကစားသမားက သူဟာ ယူရို ၁၃ သန်းပေးချေဖို့ ပစ်မှတ်ထားတောင်းခံနေရတယ်လို့ ဇူလိုင်လ ၁၆ ရက်က တူရင်အစိုးရရှေ့နေတွေထံ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ နွေရာသီ အ ပြောင်းအရွှေ့က ဂျူဗင်တပ်စ်အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ပေါ့ဘာဟာ ဒဏ်ရာကို ခွဲစိတ် ကုသမှုခံယူရမှာ ဖြစ်တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။
ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ မာသီးယက်စ်ဟာ ဂီနီလက်ရွေးစင်ကို ကိုယ်စားပြု ပါဝင်ကစားခဲ့ကာ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ ခရူဝီ၊ ရက်ဇ်ဟမ်း၊ ခရော်လေစတဲ့ အသင်းတွေအပြင် ဥရောပကလပ်တွေမှာ ကစားခဲ့တာလည်း ဖြစ်ပါတယ်။
Source:BBC
