- By CNI
- Category: အားကစား
- Hits: 870
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၇
နည်းပြ ဒေးဗစ်မိုယက်စ်ဟာ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ အသင်းကနေထွက်ခွာမယ်လို့ ဝက်စ်ဟမ်း အသင်းက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
ဒေးဗစ်မိုယက်စ်ဟာ ဝက်စ်ဟမ်းအသင်းကို ပြီးခဲ့တဲ့ရာသီက ယူရိုပါကွန်းဖရန့်လိဂ်ဖလားရယူပေးပြီး ဆုဖလား ရယူဖို့ နှစ်ပေါင်း ၄၃ နှစ်ကြာစောင့်ဆိုင်းခဲ့ရတာကို အဆုံးသတ်ပေးခဲ့တာပါ။
ဒါပေမယ့် ဝက်စ်ဟမ်းအသင်းဟာ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ဝက်စ်ဟမ်းအသင်းဟာ ရာသီအကုန်မှာ ဒေးဗစ် မိုယက်စ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒေးဗစ်မိုယက်စ်က “ဝက်စ်ဟမ်းမှာ လူတိုင်းနဲ့အလုပ်လုပ်ရတာကို အလွန်နှစ်သက်ပါတယ်။ ဒီလိုကြီးကျယ်တဲ့ အသင်းကို စီမံခန့်ခွဲဖို့ ကျနော့်ကို အခွင့်အရေးပေးခဲ့တဲ့ ဘုတ်အဖွဲ့ကို ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်ခွဲအတွင်း သူတို့ရရှိထားတဲ့ အောင်မြင်မှုတွေနဲ့ သူတို့ရဲ့ ပံ့ပိုးမှုတွေအတွက် ကစားသမားတွေအားလုံးကိုလည်း ကျေးဇူးတင် ပါတယ်။ ဝက်စ်ဟမ်းအသင်း အနာဂတ်မှာ အကောင်းဆုံးဖြစ်ဖို့ ဆန္ဒပြုပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒေးဗစ်မိုယက်စ်ဟာ ဝက်စ်ဟမ်းအသင်းကို ၂၀၁၇ ခုနှစ်၊နိုဝင်ဘာက ပထမဆုံးအကြိမ်ကိုင်တွယ်ခဲ့ပြီး အသင်းကို တန်းဆင်းဇုန်က လွတ်မြောက်အောင် ကိုင်တွယ်ပေးနိုင်ခဲ့ပေမယ့် ရာသီအကုန်မှာ ထွက်ခွာခဲ့တာပါ။
ဒါပေမယ့် ဒေးဗစ်မိုယက်စ်ဟာ ၂၀၁၉ ခုနှစ်မှာ ဝက်စ်ဟမ်းအသင်းကို ဒုတိယအကြိမ်မြောက်ကိုင်တွယ်ခဲ့ပြီး ဥရောပ ပြိုင်ပွဲ တွေ ဆက်တိုက်ယှဉ်ပြိုင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။
ဒီရာသီမှာတော့ ဝက်စ်ဟမ်းအသင်းဟာ ရလဒ်တွေဆိုးရွားနေခဲ့ပြီး လာမယ့်ရာသီ ဥရောပဝင်ခွင့်ရရှိဖို့ မသေချာတော့တာပါ။
အဲဒါကြောင့် ဝက်စ်ဟမ်းအသင်းဟာ ဒေးဗစ်မိုယက်စ်ကို စာချုပ်သစ်မချုပ်ဆိုတော့ဘဲ ထွက်ခွာခွင့်ပေးခဲ့ပြီး နည်းပြသစ်အဖြစ် ဝုလ်ဗ်စ်အသင်းနည်းပြဟောင်း လိုပီတီဂွီကို ခန့်အပ်ဖို့ သဘောတူညီမှုရရှိထားတာ ဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 1445
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၇
ပဲလေ့စ်အသင်းကို ဂိုးပြတ် အရေးနိမ့်ပြီးနောက် ယူနိုက်တက်အသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ တောင်းဆိုမှုတွေ ပိုပြီးများလာတဲ့ အဲရစ်တန်ဟတ်ကတော့ သူဟာ ယူနိုက်တက်အသင်းနည်းပြအဖြစ် ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်တို့မှာ မှန်ကန်တဲ့ ကစားသမားတွေရှိရင် ကျနော်တို့ဟာ ကောင်းမွန်တဲ့ လူစာရင်း ရှိနေမှာပါ။ အခုနောက်တန်း ကစားသမားတွေ အားလုံးနီးပါး လွဲချော်နေပြီး ကျနော်တို့မှာ ပြဿနာတွေ ရှိနေပါ တယ်။ ကျနော်ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ။ ကျနော်တို့ဟာ အသင်းကို အကောင်းဆုံး ပြင်ဆင်ခဲ့ပေမယ့် လုံလောက်မှု မရှိခဲ့ပါဘူး။ ဒီအတွက် ကျနော်တာဝန်ယူရမှာပါ။ ကျနော်တို့ ခွန်အားတွေရှာဖွေပြီး လာမယ့် တနင်္ဂနွေနေ့ပွဲအတွက် ပြင်ဆင်သွားမယ်”လို့ ပြောပါတယ်။
ယူနိုက်တက်အသင်းဟာ ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့် ခဲ့တာ ဖြစ်ပါတယ်။
ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်၊ နောက်ခံလူ မက်ဂွဲယား အပါအဝင် အဓိက ကစားသမား ၁၀ ဦးအထိ မပါဝင်ဘဲ ယှဉ်ပြိုင်ခဲ့ရပြီး ဂိုးပြတ် ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။

ယူနိုက်တက်အသင်း ကစားသမားတွေကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ဒီရှုံးပွဲကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲ ၁၃ ပွဲအထိ ရှိလာခဲ့ပြီး အသင်းရဲ့ သမိုင်းမှာ ရှုံးပွဲအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါအပြင် ယူနိုက်တက်အသင်းဟာ ဒီရာသီပြိုင်ပွဲစုံ ပေးဂိုး ၈၁ ဂိုးအထိ ပေးခဲ့ရပြီး ၁၉၇၇ ခုနှစ်နောက်ပိုင်း ပြိုင်ပွဲစုံ သွင်းဂိုး အများဆုံး ခွင့်ပြုပေးခဲ့ရတာပါ။
မန်ချက်စတာကလပ်ဟာ ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် အဆင့် ၈ နေရာမှာ ဆက်လက် ရပ်တည်နေပြီး အဆင့် ၆ နေရာက နယူးကာဆယ်အသင်းနဲ့ ၂ မှတ်ကွာဟသွားပြီ ဖြစ်ပါတယ်။
ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ကတော့ ယူနိုက်တက်အသင်းရဲ့ ရလဒ်တွေ ဆက်တိုက် ဆိုးရွားမှုကြောင့် သူ့ရဲ့ နည်းပြရာထူးဟာ ပိုပြီးဖိအားတွေ များလာခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချန်ပီယံဆုရယူဖို့ ပစ်မှတ်ထားနေတဲ့ အာဆင်နယ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 502
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၆
ရိုကေးရဲ့ အေးဂျင့်ဖြစ်သူက သူ့ရဲ့ကစားသမားအပေါ် နည်းပြဇာဗီရဲ့ ကိုင်တွယ်မှုတွေကို ဝေဖန်လိုက်ပြီး အသက် ၁၉ နှစ်အရွယ်ရှိ ကစားသမားဟာ နွေရာသီမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။
အေးဂျင့် အန်ဒရီကူရီက “လူတိုင်းက ရိုကေး ပွဲကစားချိန် ပိုပြီးရမယ်လို့ ထင်နေကြပေမယ့် နည်းပြ ဇာဗီက သူ့ကို ဘာကြောင့် ပွဲကစားခွင့် မပေးဘူးလဲဆိုတာ လူတိုင်း နားမလည်ကြပါဘူး။ ဇာဗီက ကစားသမားနဲ့ စကားလည်း မပြောပါဘူး။ ဒီအခြေအနေက ဘယ်သူ့အတွက်မှ မကောင်းဘူးလို့ ထင်ပါတယ်။ သူဟာ ဒီထက်ပိုပြီး ဝင်ငွေရနိုင် မယ့် အခြားရွေးချယ်မှုတွေအစား ဘာစီလိုနာကို ရွေးချယ်ခဲ့တာပါ။ အကောင်းဆုံးအရာက ဒီမှာဆက်နေဖို့ ဖြစ်ပေမယ့် အဆင်မပြေဘူးဆိုရင် ထွက်ခွာဖို့ လုပ်ဆောင်သွားမယ်”လို့ RAC1 နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ်က ရိုကေးကို ယူရို ၆၁ သန်းနဲ့ ပါရာနန်စီ အသင်းကနေ ခေါ်ယူခဲ့တာ ဖြစ်ပါ တယ်။
ဘာစီလိုနာအသင်းဟာ ရိုကေးကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့ စပါးအသင်း အပါအဝင် ကလပ်အများအပြားနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။

ရိုကေးကို တွေ့ရစဉ်
ရိုကေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ဘာစီလိုနာအသင်းထံ ရောက်ရှိလာခဲ့ပြီး အသင်းမှာရှိနေတာ ၅ လ ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ ရိုကေးဟာ ဘာစီလိုနာအသင်းအတွက် ၁၃ ပွဲ ပါဝင်ကစားထားပေမယ့် ၂ ပွဲသာ ပွဲထွက် လူစာရင်းမှာ ပါဝင်ခဲ့ရတာပါ။
ရိုကေးဟာ ဒီပွဲတွေမှာ ဘာစီလိုနာအသင်းအတွက်၂ ဂိုး သွင်းယူထားပေမယ့် ပွဲကစားခွင့် နည်းနေတဲ့အပေါ် အေးဂျင့်ဖြစ်သူက စိတ်ပျက်နေတာ ဖြစ်ပါတယ်။
အဲဒါကြောင့် အန်ဒရီကူရီက ရိုကေးအနေနဲ့ ဇာဗီရဲ့ အစီအစဉ်မှာ မပါဝင်ဘူးဆိုရင် နွေရာသီမှာ အပြီးသတ် ထွက်ခွာသွားမယ်လို့ ပြောခဲ့တာပါ။
ရိုကေးဟာ ဘာစီလိုနာအသင်းကို မပြောင်းရွှေ့ခင် ကစားခဲ့တဲ့ ပါရာနန်စီအသင်းမှာ ၈၁ ပွဲကစားပြီး ၂၈ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရိုကေးဟာ ဘရာဇီးလ် ယူ-၂၀ နဲ့ ယူ-၂၃ အသင်းတွေမှာ ပါဝင်ကစားခဲ့ပြီး ဘရာဇီးလ် အသင်းကြီးအတွက် ၂၀၂၃ ခုနှစ်ထဲမှာ ၁ ပွဲ ပါဝင်ကစားထားပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 1997
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၆
ရီးရယ်လ်အသင်းရဲ့ နည်းပြဟောင်းဖြစ်တဲ့ ဇီဒန်းက သူ့ရဲ့အသင်းဟောင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်မယ်လို့ ပြောခဲ့ပါတယ်။
ဇီဒန်းက “ကျနော်ကတော့ ရီးရယ်လ် အနိုင်ရမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒီပွဲက ခက်ခဲပြီး ရှုပ်ထွေးတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ”လို့ မိုင်ယာမီဂရမ်းပရီပြိုင်ပွဲမှာ Sky Germany ရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။
ဘိုင်ယန်နဲ့ ရီးရယ်လ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်က ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါ တယ်။
ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်းမှာ ကျင်းပရမယ့် ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် အိမ်ကွင်း ပွဲစဉ်တွေမှာ ရှုံးပွဲမရှိတာ ၄ နှစ်ကြာရှိပြီဖြစ်တာပါ။
အဲဒါကြောင့် ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်နိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေသလို ဇီဒန်း ကလည်း ရီးရယ်လ်အသင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်မယ်လို့ ပြောခဲ့ပါတယ်။

ဇီဒန်းကို တွေ့ရစဉ်
ဇီဒန်းဟာ ရီးရယ်လ်အသင်းမှာ ချန်ပီယံလိဂ် ဆုဖလားကို ကစားသမားဘဝနဲ့ ၁ ကြိမ်၊ နည်းပြဘဝနဲ့ ၃ ကြိမ်အထိ ရယူနိုင်ခဲ့တာပါ။
ဇီဒန်းဟာ ၂၀၂၁ ခုနှစ်က ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီးနောက်ပိုင်း ဘယ်အသင်းကိုမှ ကိုင်တွယ်ခြင်း မရှိသေးဘဲ ပြီးခဲ့တဲ့လက ဘိုင်ယန်မြူးနစ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီအကုန်မှာ ထွက်ခွာမယ့် နည်းပြ တူချယ်လ်နေရာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေပေမယ့် အခုထိ အဆင်ပြေမှု မရှိသေးပါဘူး။
Sky Germany က အနာဂတ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ဖို့ရှိလားလို့ မေးမြန်းခဲ့ချိန်မှာတော့ ဇီဒန်းက ပွဲကို သွားကြည့်တော့မယ်လို့ ပြောပြီး ထွက်ခွာသွားခဲ့တာပါ။
ဇီဒန်းဟာ ဘိုင်ယန်မြူးနစ်အသင်းထက် ယူနိုက်တက်အသင်းကို ပိုပြီးကိုင်တွယ်ချင်နေတယ်လို့ ဗြိတိန်မီဒီယာ အများစုက ဖော်ပြထားတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1207
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၆
ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီက သူတို့ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဒေါ့မွန် အသင်းကို အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ အနိုင်ယူပြီး ဗိုလ်လုပွဲတက်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
ဘတ်ပီက “ဖိအားတွေ အများကြီးရှိပေမယ့် ဒါကပုံမှန်ပါပဲ။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်နိုင်ဖို့က အလွန် အရေး ကြီးပါတယ်။ ကျနော်တို့ဟာ ဖိအားတွေကို သတိပြုမိပေမယ့် ဒီအစုအဖွဲ့က အလွန်အေးဆေး တည်ငြိမ်ပါတယ်။ ကျနော်တို့ဟာ ဂိုးတွေသွင်းယူပြီး ပြန်လာနိုင်ဖို့နဲ့ ဗိုလ်လုပွဲ တက်နိုင်မယ်ဆိုတာ ယုံကြည်မှုရှိပါတယ်”လို့ ပြောပါ တယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ဒေါ့မွန်အသင်း အိမ်ကွင်းမှာ ကစားခဲ့တုန်းက ဒေါ့မွန်အသင်း က ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲစဉ်မှာ ဘတ်ပီဟာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဂိုးပေါက်တည့်မှု ၁ ကြိမ်သာ ကန်သွင်းနိုင်ခဲ့တာပါ။
ဒါပေမယ့် ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်း အနိုင်ယူပြီး ဗိုလ်လုပွဲ တက်နိုင်မယ်လို့ ဘတ်ပီက ယုံကြည်မှုရှိနေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ ဒေါ့မွန်အသင်း ယှဉ်ပြိုင်နေစဉ်
ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ အသင်းက ထွက်ခွာတော့မှာ ဖြစ်တာ ကြောင့် ဒီရာသီဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ သူ့ရဲ့နောက်ဆုံး အခွင့်အရေးလည်း ဖြစ်တာပါ။
အဲဒါကြောင့် ဘတ်ပီဟာ ချန်ပီယံလိဂ်ဖလား ရယူပြီး ပီအက်စ်ဂျီအသင်းကို နှုတ်ဆက်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါ တယ်။
ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ လီဂူးဝမ်းနဲ့ ပြင်သစ်စူပါဖလားတို့ကို ရရှိထားပြီး ဆုဖလား ၄ လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။
ပီအက်စ်ဂျီအသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ချန်ပီယံလိ ဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို မေလ ၈ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 1344
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၆
ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ပွဲက ကစားသမားတွေရဲ့ စွမ်းဆောင် ရည်ကို ကျေနပ်ပြီး ဒီအရှိန်အဟုန်ကို ဆက်ထိန်းဖို့ တိုက်တွန်းခဲ့ပါတယ်။
ပိုချက်တီနိုက “ကျနော်တို့ဟာ အရှိန်အဟုန်ကို ဆက်ထိန်းနိုင်ခဲ့ပြီး နေရာပေါင်းစုံမှာရှိတဲ့ စွမ်းဆောင်ရည်က အလွန် ကောင်းမွန်တယ်လို့ ထင်ပါတယ်။ အသင်းရဲ့ ကြီးထွားလာမှုက အလွန်မြန်ဆန်ပေမယ့် ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ချင်ရင် ဒါက အနိမ့်ဆုံး စံချိန်စံနှုန်းပါ။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ရင့်ကျက်ပြီး ဒီအရှိန်အဟုန်ကို ဆက်ထိန်းနိုင်ဖို့ပါ။ ကျနော်တို့ဟာ လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရနိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ ပြောပါ တယ်။
ချယ်လ်ဆီးအသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ ကစားတဲ့ပွဲစဉ်မှာ ၅ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီးနောက် လာမယ့် ရာသီ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရနိုင်မယ့် မျှော်လင့်ချက်တွေ ပိုပြီးရှင်သန်လာခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၇ နေရာကို ရောက်ရှိလာခဲ့ပြီး အဆင့် ၆ နေရာက နယူးကာဆယ် အသင်းနဲ့ ၂ မှတ်သာ ကွာဟတော့တာပါ။
ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်အသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ပြီးနောက်ပိုင်း ကစားခဲ့တဲ့ ၃ ပွဲမှာ ၂ ပွဲအနိုင်ရပြီး ၁ ပွဲသရေကျခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းသားတွေကိုတွေ့ရစဉ်
နည်းပြ ပိုချက်တီနို အတွက်လည်း ချယ်လ်ဆီးအသင်းရဲ့ နိုင်ပွဲဆက်မှုတွေကြောင့် ဖိအားအနည်းငယ် လျော့သွားခဲ့ တာပါ။
ချယ်လ်ဆီးအသင်းရဲ့ ဒီရာသီ ရလဒ်ဆိုးတွေကြောင့် နည်းပြ ပိုချက်တီနိုဟာ ရာသီအကုန်မှာ ထုတ်ပယ် ခံရဖွယ်ရှိ တယ်လို့ သုံးသပ်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် အာဂျင်တီးနား လူမျိုးနည်းပြ အနေနဲ့ ချယ်လ်ဆီးအသင်းကို ဥရောပဝင်ခွင့် ရရှိအောင် ကိုင်တွယ်နိုင်မယ် ဆိုရင် လာမယ့်ရာသီ အသင်းမှာ ဆက်ပြီးရှိနေနိုင်တာပါ။
ဒီရာသီအကုန်မှာ ဝက်စ်ဟမ်းအသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ ဒေးဗစ်မိုယက်စ်ကတော့ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်က အသင်းရဲ့ စွမ်းဆောင်ရည်တွေအတွက် ပရိသတ်တွေကို တောင်းပန်ကြောင်း ပြောသွားခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ဒီရာသီမှာ ရလဒ်တွေဆိုးနေပြီး အဆင့် ၉ နေရာမှာ ရပ်တည်နေတာပါ။ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအဖြစ် ချယ်လ်ဆီးအသင်းက နော်တင်ဟမ်ဖောရက်စ်၊ ဝက်စ်ဟမ်းအသင်းက လူတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 2039
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၅
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အသင်းလူစာရင်းမှာ ဆန်ချိုကို ရွေးချယ်ဖွယ် မရှိဘူးလို့ The Mirror က ဖော်ပြထားပါတယ်။
ဆန်ချိုဟာ ယူနိုက်တက်အသင်းကနေ ဒေါ့မွန်အသင်းထံ အငှားနဲ့ ပြန်ရောက်ပြီးကတည်းက ခြေစွမ်း ပြသနေတာ ကြောင့် နည်းပြ ဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်း လူစာရင်းမှာ ဆန်ချိုကို ရွေးချယ် လာနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။
လက်ရှိအချိန်မှာ ယူအီးအက်ဖ်အေကလည်း ပြိုင်ပွဲဝင် အသင်းတွေကို ကစားသမားဦးရေ ၂၃ ဦးကနေ ၂၆ ဦးအထိ ရွေးချယ်ခွင့်ပြုခဲ့တာကြောင့် ဆန်ချိုအတွက် မျှော်လင့်စရာတွေရှိလာတာ ဖြစ်ပါတယ်။
ဒါပေမယ့် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ဆန်ချိုကို ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ခေါ်ယူဖို့ အစီအစဉ် မရှိတာပါ။
လက်ရှိ အင်္ဂလန်အသင်း လူစာရင်းထဲမှာ တောင်ပံကစားသမားတွေဖြစ်တဲ့ ဆာကာ၊ ဖိုဒန်၊ ဂရီလစ်ရှ်၊ ဘိုဝင်၊ ရက်ရှ်ဖို့ဒ်နဲ့ ပါလ်မာတို့ဟာ ဆန်ချိုရဲ့ အရှေ့မှာ ရှိနေကြတာဖြစ်ပါတယ်။

ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ၂၀၂၁ ခုနှစ်ကတည်းက အင်္ဂလန်အသင်း လူစာရင်းမှာ ရွေးချယ်ခံရခြင်း မရှိတော့တာပါ။
ဆန်ချိုကတော့ လက်ရှိ ဒေါ့မွန်အသင်းမှာ ပြသနေတဲ့ သူ့ရဲ့ ခြေစွမ်းကို ဆက်ထိန်းနိုင်မယ်ဆိုရင် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ခွင့်မရရင်တောင် နောက်ပိုင်းပြိုင်ပွဲတွေမှာ အင်္ဂလန်အသင်း လူစာရင်းထဲ ပြန်လည်ရွေးချယ်ခံ ရမယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ဆန်ချိုဟာ ဒေါ့မွန်အသင်းနဲ့ အငှားစာချုပ် ကုန်ဆုံးချိန်မှာ ယူနိုက်တက်အသင်းထံ မပြန်ချင်တော့ဘဲ ဒေါ့မွန်အသင်းမှာ ဆက်ပြီးရှိချင်နေတာပါ။
အဲဒါကြောင့် ဒေါ့မွန်အသင်းဟာ ဆန်ချိုကို အပြီးသတ် ခေါ်ယူနိုင်ဖို့ ကြိုးစားဖွယ်ရှိနေပါတယ်။
ဆန်ချိုဟာ အင်္ဂလန်အသင်းအတွက် ၂၃ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုး သွင်းယူထားကာ ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲဝင်အသင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
Source: Sportsmole
- By CNI
- Category: အားကစား
- Hits: 1643
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၅
ရီးရယ်လ်ကတ်စတီလာ အသင်းနည်းပြ ရာအူးလ်ဟာ သူ့ကို နည်းပြအဖြစ် ခန့်အပ်ဖို့ ဂျာမနီကလပ် အသင်းတွေက စိတ်ဝင်စားနေတာကြောင့် ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေတာဖြစ်ပါတယ်။
ရာအူးလ်ဟာ ၂၀၁၉ ခုနှစ်ကတည်းက ရီးရယ်လ်ဘီ အသင်းဖြစ်တဲ့ ကတ်စတီလာအသင်းကို ကိုင်တွယ်နေခဲ့တာ ဖြစ်ပြီး အခုအချိန်မှာတော့ သူ့ရဲ့နည်းပြဘဝကို နောက်တစ်ဆင့် တက်နိုင်ဖို့ ရည်ရွယ်နေတာပါ။
ဂန္ထဝင်တိုက်စစ်မှူး ရာအူးလ်ကို နည်းပြအဖြစ် ခန့်အပ်ဖို့ ဘွန်ဒက်လီဂါကလပ် ယူနီယံဘာလင်၊ ဒုတိယတန်း ကလပ် ဟမ်းဘတ်အသင်း အပါအဝင် ဂျာမနီကလပ်တွေက စိတ်ဝင်စားနေကြတယ်လို့ AS က ဖော်ပြထားတာ ဖြစ်ပါတယ်။
ဟမ်းဘတ်အသင်းဟာ ဂျာမနီဒုတိယတန်းအဆင့် ၄ နေရာမှာ ရပ်တည်နေပြီး နည်းပြဟောင်း မာဂတ်က ရာအူးလ်ကို ခန့်အပ်နိုင်ဖို့ အနောက်ကွယ်ကနေ အဓိကျတဲ့ ပုဂ္ဂိုလ်အဖြစ်ရှိနေတာပါ။
မာဂတ်ဟာ ဟမ်းဘတ်အသင်းရဲ့ အားကစားဒါရိုက်တာအသစ် ဖြစ်လာဖို့ ရည်မှန်းနေတာကြောင့် သူနဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ ရာအူးလ်ကို နည်းပြအဖြစ် ခန့်အပ်ချင်နေတာ ဖြစ်ပါတယ်။

ရာအူးလ်နဲ့ မာဂတ်တို့ဟာ ရှော်လ်ကေးအသင်းမှာ အတူလက်တွဲ အလုပ်ကိုင်ခဲ့ကြကာ အောင်မြင်မှုအချို့ ရယူနိုင်ခဲ့ကြတာပါ။
ယူနီယံဘာလင်အသင်းဟာ နည်းပြဖြစ်သူ ဖစ်ရှာကို ထုတ်ပယ်တဲ့ အခုရာသီ အစောပိုင်းကတည်းက ရာအူးလ်ကို သူတို့ရဲ့နည်းပြသစ် ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒါပေမယ့် ယူနီယံဘာလင်အသင်းဟာ ဘီရယ်လ်လီကာကို နည်းပြအဖြစ် ခန့်အပ်သွားခဲ့တာပါ။ ရာအူးလ်ဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီးနောက် ဘွန်ဒက်လီဂါကလပ် ရှော်လ်ကေးအသင်းမှာ ၂ ရာသီကြာကစားခဲ့ပြီး ပိုကယ်လ်ဖလားနဲ့ စူပါဖလားတို့ကို ၁ ကြိမ်စီရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရာအူးလ်ဟာ အနာဂတ်မှာ ရီးရယ်လ်အသင်းကြီးကို ကိုင်တွယ်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး စပိန်ထိပ်သီး ကလပ်ကို မကိုင်တွယ်ခင်မှာ ကလပ်အသင်းအချို့ကို ကိုင်တွယ်ပြီး အတွေ့အကြုံတွေ ယူဖို့ရှိနေတာပါ။
ရာအူးလ်ဟာ ရီးရယ်လ် ယူ-၁၉ အသင်းကို ကိုင်တွယ်ခဲ့တုန်းက ယူအီးအက်ဖ်အေ လူငယ်လိဂ်ဖလားကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1674
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၄
ဒေါ့မွန်အသင်း ကွင်းလယ်လူ မာကိုရူးစ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း မတိုးတော့ဘဲ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ ထွက်ခွာမယ်လို့ ပြောခဲ့ပါတယ်။
မာကိုရူးစ်က “ကျနော့်ဘဝရဲ့ တစ်ဝက်ကျော်ကို ဒီကလပ်မှာ ကုန်ဆုံးခဲ့တာဖြစ်ပြီး ခက်ခဲတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပေမယ့် နေ့တိုင်း ပျော်ရွှင်ခဲ့ရပါတယ်။ ရာသီအကုန်မှာ နှုတ်ဆက်ဖို့ ခက်မယ်ဆိုတာ ကျနော်သိပါတယ်။ အခု အချိန်မှာတော့ ရှင်းရှင်းလင်းလင်း ရှိသွားပြီဖြစ်ပြီး ကျနော်တို့ကစားရမယ့် အရေးကြီးပွဲစဉ်တွေကို အပြည့်အဝ အာရုံစိုက်နိုင်တော့မှာပါ”လို့ ပြောပါတယ်။
၂၀၁၂ ခုနှစ်မှာ မိုချန်ဂလာဘတ် အသင်းကနေ ဒေါ့မွန်အသင်းကို ပြန်ပြောင်းလာခဲ့တဲ့ အကယ်ဒမီထွက် မာကိုရူးစ် ဟာ အသင်းမှာ ၁၂ နှစ်ကြာ ကစားပြီးနောက် ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
ဒေါ့မွန်အသင်းအတွက် ၄၂၄ ပွဲကစားကာ ၁၆၈ ဂိုးသွင်းယူပြီး ၁၂၈ ဂိုးဖန်တီးထားတဲ့ မာကိုရူးစ်ဟာ ဂျာမန် ပိုကယ်လ်ဖလားနဲ့ စူပါဖလားတို့ကို ၂ ကြိမ်စီ ရယူနိုင်ခဲ့တာပါ။

မာကိုရူးစ်ဟာ နည်းပြဟောင်း ကလော့ပ် လက်အောက်မှာ ဒေါ့မွန်အသင်းနဲ့အတူ ၂၀၁၃ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။
မာကိုရူးစ်ဟာ ဒီရာသီ မစတင်ခင်က ဒေါ့မွန်အသင်းခေါင်းဆောင် ရာထူးကနေ နုတ်ထွက်ခဲ့သေးတာပါ။
ဒေါ့မွန်အသင်းဟာ ဒီရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အဆင့် ၅ နေရာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပါတယ်။
ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်နိုင်ဖို့ မျှော်လင့်နေတာပါ။
ဒေါ့မွန်အသင်းဟာ ဒီနေ့မှာ ဘွန်ဒက်လီဂါပွဲစဉ်အဖြစ် အော့စ်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 903
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၄
အာဆင်နယ်အသင်း ဂိုးသမား ဒေးဗစ်ရာယာဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ်ကစားဖို့ ၃ ပွဲ ကျန်ရှိနေသေးပေ မယ့် ဒီပြိုင်ပွဲရဲ့ ရွှေလက်အိတ်ဆုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။
အဲဗာတန်အသင်းဂိုးသမား ပစ်ဖို့ဒ်ဟာ လူတန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုးခွင့်ပြုခဲ့ရတာကြောင့် ဒေးဗစ်ရာယာဟာ ဒီဆုကို ရရှိဖို့ သေချာသွားခဲ့တာပါ။
ပြီးခဲ့တဲ့နွေရာသီက ဘရန်ဖို့ဒ်အသင်းကနေ အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ ဒေးဗစ်ရာယာဟာ ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၂၉ ပွဲ ကစားထားပြီး ၁၄ ပွဲ ပေးဂိုး မပေးရအောင် လက်စွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဗာတန်အသင်း ဂိုးသမား ပစ်ဖို့ဒ်ကတော့ ၁၂ ပွဲနဲ့ ဒေးဗစ်ရာယာရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေတာပါ။
ဒေးဗစ်ရာယာဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ်အချို့မှာ အမှားအယွင်းရှိခဲ့ပေမယ့် အမှားတွေကနေ သင်ယူပြီး အကောင်းဆုံး လက်စွမ်းတွေ ပြသနေခဲ့တာကြောင့် အာဆင်နယ်အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို ရယူနိုင် ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒေးဗစ်ရာယာနဲ့ ချုပ်ဆိုထားတဲ့ အငှားစာချုပ် ကုန်ဆုံးချိန်မှာ ဘရန်ဖို့ဒ်အသင်းကနေ အပြီးသတ် ဝယ်ယူသွားမှာ ဖြစ်ပါတယ်။
ဒေးဗစ်ရာယာဟာ ၂၀၁၅-၁၆ ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရွှေလက်အိတ်ဆုရခဲ့တဲ့ ပီတာချက်နောက်ပိုင်း ဒီဆုကိုရယူနိုင်တဲ့ ပထမဆုံး အာဆင်နယ်အသင်း ကစားသမား ဖြစ်လာခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့အတွက် ပစ်မှတ်ထားနေပြီး လက်ရှိအချိန် မှာ အဆင့် ၂ နေရာက မန်စီးတီးအသင်းထက် ၁ ပွဲပိုကစားကာ ၁ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထား ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
