CNI International News

ဝါရှင်တန်၊ ဇွန်လ ၁၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏သမီးဖြစ်သူ အီဗန်ကာ ထရမ့် (Ivanka Trump) က ၎င်း၏ နောက်ဆုံးပေါ် အိမ်ခြံမြေ စီမံကိန်းအကြောင်းကို ယခုသီတင်းပတ်အတွင်း ထွက်ရှိခဲ့သည့် အင်တာဗျူး တစ်ခုတွင် ထုတ်ဖော် ပြောဆိုခဲ့သည်ဟု CNN မှ ဖော်ပြခဲ့သည်။

အီဗန်ကာသည် မြေထဲပင်လယ်အတွင်း အလွန်လှပသည့် ဟက်တာ ၁၄၀၀ အကျယ်ရှိသော ပုဂ္ဂလိကပိုင်ကျွန်းနှင့် အယ်လ်ဘေးနီးယားနိုင်ငံ၏ ကမ်းခြေတစ်ခုတွင် အပန်းဖြေစခန်းများ၊ ဟိုတယ်များ တည်ဆောက်မည့် စီမံကိန်း အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့သော် အီဗန်ကာထရမ့်နှင့် ၎င်း၏ခင်ပွန်း ဂျာရက် ကုရှ်နာ (Jared Kushner) တို့က အဓိက ထောက်ပံ့ပေးထား သည့် ထိုစီမံကိန်းတွင် ကျွန်း၏ မျက်နှာချင်းဆိုင် ကမ်းရိုးတန်း တစ်လျှောက်ရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး နယ်မြေကိုပါ ထည့်သွင်း တည်ဆောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

အီဗန်ကာထရမ့်ရဲ့ ဇိမ်ခံအိမ်ယာ စီမံကိန်းနေရာကို ကန့်ကွက် ဆန္ဒပြနေကြစဉ်

ထိုအစီအစဉ်ကြောင့် အီဗန်ကာထရမ့် ချီးမွမ်းပြောဆိုခဲ့သည့် လှပသော ကမ်းရိုးတန်းဒေသသည် ပျက်စီးဆုံးရှုံး မှုများနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များက ထောက်ပြ ပြောဆိုကြ သည်။

ထို့ပြင် အီဗန်ကာထရမ့်၏ စီမံကိန်းကြောင့် အယ်လ်ဘေးနီးယားနိုင်ငံ၏ တီရာနာ (Tirana) မြို့တော်ရှိ လမ်းမများ ပေါ်တွင် လူထုဆန္ဒပြပွဲ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။

ဆန္ဒပြသူများသည် ၎င်းတို့၏ နေရင်းဒေသ ခြိမ်းခြောက်ခံနေရသည့် ကြိုးကြာနီ (flamingo) ငှက်ပုံစံ ပန်းရောင် ကတ်ထူပြားများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

ဥရောပတွင် လူတစ်ဦးချင်း ဂျီဒီပီ အနိမ့်ဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်သည့် အယ်လ်ဘေးနီးယား နိုင်ငံသားများ အကြားတွင်လည်း ထိုစီမံကိန်းအပေါ် မကျေနပ်မှုများနှင့် ဝေဖန်ပြစ်တင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လျက်ရှိကြောင်း သိရသည်။

Bird Life သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပရဟိတအဖွဲ့၏ ဥရောပဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ အေရီရယ် ဘရွန်နာ (Ariel Brunner) က သူနှင့် အခြားသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများသည် မေလအစောပိုင်းက သဘာဝထိန်းသိမ်းရေးနယ်မြေသို့ သွားရောက်ခဲ့ကြရာတွင် မြေတူးစက်များက ကမ်းခြေကို တူးဆွနေပြီး ကုန်တင်ကားများက ကျောက်ခဲများ ခင်းနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ပြောကြားခဲ့သည်။

အီဗန်ကာထရမ့်ရဲ့ ဇိမ်ခံအိမ်ယာ စီမံကိန်းနေရာကို တွေ့ရစဉ်

“သူတို့ လမ်းဖောက်နေတဲ့ ရေအိုင်ကြီးနားမှာ ဖြစ်ဖြစ်၊ စက်ယန္တရားတွေ အလုပ်လုပ်နေတဲ့ ကမ်းခြေမှာ ဖြစ်ဖြစ် လိုင်စင်တွေ၊ ခွင့်ပြုချက်တွေ ဒါမှမဟုတ် အထောက်အထားတွေကို ဖော်ပြထားတဲ့ ကြေညာချက်တွေ တစ်ခုမှကို မတွေ့ရပါဘူး” ဟု ဘရွန်နာက ပြောကြားခဲ့သည်။

အယ်လ်ဘေးနီးယားနိုင်ငံ၏ ဝန်ကြီးချုပ်ကမူ ထိုစီမံကိန်းသည် စတင်ခြင်း မရှိသေးကြောင်းနှင့် သဘာဝပတ်ဝန်း ကျင်အပေါ် သက်ရောက်မှုဆိုင်ရာ ဆန်းစစ်ချက်များနှင့်ပတ်သက်ပြီး လုပ်စရာရှိသည်များကို လက်ရှိတွင် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းအနေဖြင့် နိုင်ငံ၏ အေဒီယက်တစ် ပင်လယ် (Adriatic Sea) ကမ်းရိုးတန်း ဒေသတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆက်လက်၍ အားပေး ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Source: CNN