CNI News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃

မြန်မာနိုင်ငံတွင် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အရ NUG-CRPH အဖွဲ့များ ပါလာနိုင်သလား စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်း ထုတ် နေကြသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် လက်နက်ကိုင် အပါအဝင် NCA မထိုးသေးသည့် လက်နက်ကိုင် အဖွဲ့အစည်းများ၊ NCA ထိုးထားပြီးတော့ ၂၀၂၁-၂၀၂၅ အတွင်း တွေ့ဆုံဆွေးနွေးမှု မလုပ်ရသေးသော KNU,CNF,ABSDF တို့အနေဖြင့် ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထား၍ ငြိမ်းချမ်းရေး ဆွေးနွေး ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ဖိတ်ခေါ်ခဲ့သည်။

NCA တွင် လက်မှတ်ထိုးပြီး ပြန်ထွက်သွားသည့် အဖွဲ့အား ဦးစားပေး ပြန်ခေါ်သည့် သဘောဖြစ်ကြောင်း၊ ထိုအဖွဲ့ များသည် NUG ပါသည့် ဖက်ဒရယ်ပေါ်ထွန်းရေးအဖွဲ့တစ်ခု ဖွဲ့စည်းထားခြင်းကြောင့် ၎င်းတို့ ငြိမ်းချမ်းရေးမှာ ပြန် လည် ပါဝင်လာပါက NUG-CRPH ကိုလည်း ဆွဲခေါ်လာနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်

၎င်းက “သူတို့ လက်တွေ့ ဖိတ်ခေါ်ပါတယ်။ နံပါတ် ၁၊ နံပါတ် ၂ က NCA သဘောတူထိုးပြီးပြီ။ ထိုးပြီးတော့မှ ပြန်ထွက်သွားတဲ့အဖွဲ့ကို သူပြန်ခေါ်တာ အဲဒါဦးစားပေး ပြန်ခေါ်တဲ့သဘော။ နောက်ပြီးတော့ အခု‌နောက်ပိုင်း ဖွဲ့လိုက်တဲ့ ဒီ ဖက်ဒရယ်ပေါ်ထွန်းရေး အဲဒီအဖွဲ့က NUG နဲ့ CRPH ကို အစွဲပြုတဲ့သဘောပါ။ တစ်နေ့ ဆွေးနွေးပွဲ ပေါ်လာရင် NUG နဲ့ CRPH တို့လည်းပဲ ဆွေးနွေးပွဲမှာ စားပွဲမှာ ဝင်ထိုင်နိုင်အောင် ပလက်ဖောင်း ခင်းပေးတဲ့ သဘောမျိုး တွေ့ရပါတယ်။ ဒါကြောင့် ပလပ်ဖောင်း ခင်းပေးတဲ့ အဖွဲ့တွေက မကျန်အောင်ပေါ့လေ။ အဲဒီလို သဘောမျိုးရှိတယ်။ သို့သော် NCA ကိုပဲ ပထမ ကျနော်တို့ ဦးစားပေး ပင်တိုင်ထားမယ်ဆိုရင်တော့ NCA ထိုးထား တဲ့ အဖွဲ့တွေ၊ ထိုးပြီးတော့ ပြန်ထွက်တဲ့ အဖွဲ့တွေကိုတော့ အရင်ပြန်ခေါ်နိုင်တာပေါ့။ အဲဒါ CNF နဲ့ KIA ပေါ့။ ဒါက တော့ NCA ထိုးပြီးပြီ ထိုးပြီးတော့မှ NCA ပြတ်ပြီဆိုပြီးတော့မှ ထွက်သွားတာကို။ သူတို့ပြန်လာမယ် ဆိုရင်လည်း ဒီတိုင်းလာတာထက်စာရင် အပေါင်းအသင်းတွေ လိုက်စုတဲ့ သဘောမျိုးပါပဲ။ လိုက်စုတဲ့ အနေနဲ့ အရင်အဖွဲ့သစ် တစ်ဖွဲ့ ဖွဲ့လိုက်တာကို ကျနော်တို့ တွေ့ရပါတယ်။ အဲဒါကြောင့် အဲဒီပေါ်မှာလည်းပဲ ပြန်လာတဲ့အချိန်မှာ နည်းနည်း စျေးတင်တဲ့ သဘောမျိုးလည်း ဖြစ်နိုင်တာပေါ့။ အဲဒါကိုတော့ ဒီဆွေးနွေးပွဲ တကယ် ဖြစ်လာတဲ့ အချိန်ကျမှ စောင့်ကြည့်ရမှာပေါ့ ဘယ်လိုဆွေးနွေးကြမလဲ”ဟု ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်က ဖွဲ့စည်းလိုက် ကြောင်း အတိုက်အခံ အင်အားစုများက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကောင်စီတွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့ပါဝင်ကြသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ဖွဲ့စည်းကြောင်း ကြေညာနေစဉ်

KIA ကလည်း NUG-PDF ပါမှ ငြိမ်းချမ်းရေး ဆွေးနွေးမည်ဖြစ်ကြောင်း၊ NUG-PDF ကို တပ်မတော်က လက်ခံ ဆွေးနွေးရန် ရှိ/မရှိ မေးမြန်းထားကြောင်း KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က သတင်းဌာနများသို့ ထုတ်ဖော် ပြောကြားထားသည်။

ထို့ပြင် သမ္မတ ဦးမင်းအောင်လှိုင်ကလည်း KNU,CNF,ABSDF တို့ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ် ထားခြင်းကြောင့် ၎င်းတို့သည် SCEF အဖွဲ့ဝင်များဖြစ်နေခြင်းကြောင့် NUG-CRPH ပါမှ ငြိမ်းချမ်းရေး ဆွေးနွေး မည့် အနေအထားမှာ ရှိနေသည်။

အစိုးရ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို KNU နှင့် CNF က တက်ရောက်လာနိုင်သော်လည်း NUG-CRPH ကိုတော့ လက်ခံနိုင်ခြေ မရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “KNU တို့ CNF တို့ကတော့ အရင်တုန်းကတည်းက ရှိခဲ့တယ်ပေါ့နော်။ နောက်တစ်ခုက သူတို့က ဂူ တစ်ဂူ ထဲမှာ င်္ခြသေ့နှစ်ကောင် အောင်းလို့မရဘူး။ အဲဒီတော့ ဒီ NUG ဆိုတဲ့ လူကို အအောင်းမခံဘူး။ ဒါသဘာဝပဲ။ ပြည်မ ဗမာက အများဆုံးနေတဲ့ နေရာက လူတွေနဲ့ ဖွဲ့စည်းတာ ဖြစ်တဲ့အတွက်ကြောင့် ဒီလူတွေကို အဝင်ခံမှာ မဟုတ်ဘူး ပေါ့နော်။ ဒီလူကိုတော့ လုံးဝလက်ခံမှာ မဟုတ်ဘူး။ တိုင်းရင်းသားတွေကတော့ ခုန CNF တို့၊ KNU တို့ မင်းတို့ ကတော့ မင်းတို့ဂူထဲမင်းတို့ နေတာကို ငါလက်ခံတယ်ဆိုပြီးတော့ သူက ဆွေးနွေးနိုင်တာပေါ့နော်။ အဲဒီတော့ ဟိုဟာတော့ လက်ခံနိုင်မှာတော့ မဟုတ်ဘူး။ ပါဝင်လာဖို့ အရေးအရာလည်း မရှိဘူး။ သူက တစ်ဖွဲ့ဖွဲ့နဲ့ အောင်မြင် သွားတယ် ဆိုလို့ရှိရင်တော့ နောက်အဖွဲ့က လိုက်လာမှာပေါ့။ အဓိက,ကတော့ နှစ်ဦးနှစ်ဖက် သဘောတူပြီးပြီ ဆိုရင် သဘောတူထားတဲ့ အချက်တွေကို အကောင်အထည်ဖော်ဖို့ လိုတာပေါ့နော်။ ဆွေးနွေးတယ်ဆိုတာက နှစ်ဖက် စားပွဲတွေပေါ်မှာ ထိုင်ပြီးတော့ ပြောနေကြတာပေါ့နော်။ ဒါကတော့ စကားလုံးတွေကြီးပဲ ဖြစ်နေတာ ပေါ့နော်။ လက်တွေ့ အကောင်အထည်ဖော်ဖို့က အဓိကကျတယ်။ အထူးသဖြင့်ကတော့ နိုင်ငံတော်က ၂၀၀၈ ခုနှစ် အခြေခံဥပဒေထဲမှာ အခြေခံ ဥပဒေက ပေးထားသလောက် အတိုင်းအတာအတွင်းကို  ပြည်နယ်တွေကို ၂၀၀၈ ဘောင် အတွင်းကနေ ပြီးတော့ တနိုင်သမျှ အကောင်အထည်ဖော်ပေးဖို့၊ လုပ်ကိုင်ပြပေးဖို့၊ ဗဟိုအာဏာကို ခွဲဝေပေး၊ ဘတ်ဂျက် အာဏာကို ခွဲဝေပေးဖို့ လုပ်လို့ရတာတွေရှိတယ်။ အဲဒါတွေကို လုပ်ပြနိုင်လို့ရှိရင် စကားပြော နေတဲ့ ဟာတွေထက် ပိုပြီးတော့ ထိရောက်လိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်”ဟု ပြောသည်။

လက်နက်ကိုင် ခေါင်းဆောင် တချို့ကို တွေ့ရစဉ်

တွေ့ဆုံဆွေးနွေးခြင်း မပြုရသေးသည့် အဖွဲ့များလည်း တွေ့ဆုံ ဆွေးနွေးရန်အတွက် ဇူလိုင် ၃၁ ရက် နောက်ဆုံး ထားပြီးတော့ ဆွေးနွေးရန် မိမိအနေဖြင့် ဖိတ်ခေါ်ကြောင်း၊ မိမိတို့လည်း ငြိမ်းချမ်းရေး လိုချင်ပါကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိလျှင် ဖွံ့ဖြိုး‌ရေးကိစ္စဆိုသည်မှာ ဘာမှလုပ်၍မရကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင်က ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ထို့နောက် ငြိမ်းချမ်းရေးတွင် မဖြစ်နိုင်သည်ကို လျှောက်တောင်းဆိုပြီးတော့ ကိုယ့်အဖွဲ့အစည်း တည်တံ့ခိုင်မြဲရေး အတွက် လုပ်နေမည်ဆိုလျှင် မှားသွားမည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့်လည်း လုပ်သင့်လုပ်ထိုက်တာများကို နိုင်ငံတော်အနေနှင့် လုပ်ရမှာများ ရှိလာလိမ့်မည်ဟု နိုင်ငံတော်သမ္မတက ပြောသည်။

လက်ရှိတွင် NCA ကို RCSS, PNLO, ALP, DKBA, KNU/KNLA-PC, LDU, NMSP, CNF, KNU, ABSDF တို့ လက်မှတ်ထိုးထားပြီး KIA,SSPP,UWSA,KNPP,NDAA တို့က လက်မှတ် မထိုးပေ။

ထို့နောက် AA,TNLA,MNDAA,SNA,NSCN အပါအဝင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပေါ်ထွက် လာသော လက်နက်ကိုင် အဖွဲ့အသစ်များကိုတော့ တပ်မတော်က မည်ကဲ့သို့ သဘောထားသလဲ ရှင်းရှင်းလင်း လင်း မသိရသေးပေ။