CNI International News

ကာဘူးလ်၊ အောက်တိုဘာ ၁၃

အာဖဂန်နစ္စတန်က ၎င်း၏နယ်မြေနှင့် လေပိုင်နက်ကို ထပ်တလဲလဲ ချိုးဖောက်မှုအား တုံ့ပြန်သည့် အနေဖြင့် နယ်စပ် စစ်ဆင်ရေးများအတွင်း ပါကစ္စတန်စစ်သား ၅၈ ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ယခုသီတင်းပတ် အစောပိုင်းက ပါကစ္စတန်သည် ကဘူးလ်မြို့တော်နှင့် နိုင်ငံအရှေ့ပိုင်းရှိ ဈေးတစ်ဈေးတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အာဖဂန်အာဏာပိုင်များက စွပ်စွဲပြောကြားခဲ့သည်။
ပါကစ္စတန်က ထိုတိုက်ခိုက်မှုအတွက် ဝန်ခံပြောကြားခြင်း မရှိပေ။

အာဖဂန်တပ်ဖွဲ့များသည် ပါကစ္စတန်စစ်စခန်း ၂၅ ခုကို သိမ်းပိုက်ခဲ့ပြီး ပါကစ္စတန်စစ်သား ၅၈ ဦးကို သုတ်သင် ရှင်းလင်းကာ ၃၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း တာလီဘန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ အကြီးအကဲ ဇာဘီဟူလာ မူဂျာဟစ်(Zabihullah Mujahid)က ပြောကြားခဲ့သည်။

အာဖဂန်နဲ့ပါကစ္စတန် နယ်စပ်ကိုတွေ့ရစဉ်

“တရားဝင် နယ်စပ်တွေ အားလုံးနဲ့ အာဖဂန်နစ္စတန်ရဲ့ ပိုင်နက်ထဲက အခြေအနေကို ထိန်းချုပ်နိုင်သွားပါပြီ။ တရားမဝင် လှုပ်ရှားမှုတွေကို အကျယ်တဝံ့ ဟန့်တားနိုင်ခဲ့ပါတယ်”ဟု မူဂျာဟစ်က ဆိုသည်။

အာဖဂန်နစ္စတန်ဘက်က ထုတ်ပြန်သည့် သေဆုံးသူ အရေအတွက်နှင့်ပတ်သက်ပြီး ပါကစ္စတန်ဘက်က ချက်ချင်း အတည်ပြုထားခြင်း မရှိပေ။

ပါကစ္စတန်သည် အာဖဂန်နစ္စတန်အတွင်းရှိ နေရာ အများအပြားကို အစောပိုင်းက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်သွေးကြွများ ပုန်းအောင်းနေသည့် နေရာများကို ပစ်မှတ်ထားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

တာလီဘန်အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ၎င်း၏တပ်ဖွဲ့သည် နယ်စပ်တစ်လျှောက် လက်တုံ့ပြန်တိုက်ခိုက် သည့် စစ်ဆင်ရေး အောင်မြင်ခဲ့သည်ဟု အောက်တိုဘာ ၁၂ ရက် နံနက်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

“အာဖဂန်နစ္စတန်ရဲ့ နယ်မြေပေါင်းစည်းမှုကို တစ်ဖက်က ချိုးဖောက်ခဲ့မယ်ဆိုရင် ကျနော်တို့ရဲ့ စစ်တပ်က နိုင်ငံ နယ်စပ်ကို ကာကွယ်ဖို့ အပြည့်အဝ ပြင်ဆင်ပြီး အားကောင်းတဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမှာပါ”ဟု ကာကွယ် ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Source: အေပီ