CNI International News
နယူယောက်၊ စက်တင်ဘာ ၂၇
ပါလက်စတိုင်းများနေထိုင်သည့် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသဖြစ်သည့် West Bank ဒေသကို အစ္စရေး လက်အောက်သို့ သွတ်သွင်းခွင့် ပြုမည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အနောက်ဘက်ကမ်းဒေသတွင် အချုပ်အခြာအာဏာကို ချဲ့ထွင်ရန် အစ္စရေး၏ လက်ယာစွန်း နိုင်ငံရေးသမား များ၏ တိုက်တွန်းချက်များကို ငြင်းဆိုသည့် အနေဖြင့် ထရမ့်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင်နေတန်ယာဟု (Benjamin Netanyahu) သည်လည်း အနောက်ဘက်ကမ်း ဒေသကို အစ္စရေး၏ အုပ်ချုပ်မှုအောက်သို့ သွတ်သွင်းမည့် အစီအစဉ်ကြောင့် အနောက်မဟာမိတ်များ၏ ဖိအားများနှင့် ရင်ဆိုင်နေရသည်။
ထို့ပြင် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ထရမ့်နှင့် သီးသန့်တွေ့ဆုံခဲ့သည့် အာရပ်ခေါင်းဆောင်များကလည်း ထိုကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောကြားခဲ့ကြသည်။
"အနောက်ဘက်ကမ်းဒေသကို အစ္စရေးလက်အောက်ကို သွတ်သွင်းဖို့ ကျနော် ခွင့်ပြုမှာမဟုတ်ပါဘူး။ ဒါကို ကျနော် ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါက ဖြစ်လာမှာလည်း မဟုတ်ဘူး။ ဒီလောက်ဆို တော်သင့်ပါပြီ။ အခုချိန်က ရပ်တန့်ဖို့ အချိန်ကျပါပြီ" ဟု ထရမ့်က အိမ်ဖြူတော်၏ ဘဲဥပုံရုံးခန်းတွင် သတင်းထောက်များကို ပြောကြား ခဲ့သည်။
ဒေါ်နယ်ထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ်ကို တွေ့ရစဉ်
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုခဲ့သည့် နိုင်ငံများအနက် ပြင်သစ်၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျနှင့် ပေါ်တူဂီ နိုင်ငံတို့ ပါဝင်ခဲ့သည်။
ထိုနိုင်ငံများက အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ဖြစ်နိုင်ခြေများကို ဆက်လက် ထိန်းသိမ်းရန် ကြိုးပမ်းနေသော်လည်း အစ္စရေးကမူ ထိုလှုပ်ရှားမှုများအား ဝေဖန်ရှုတ်ချခဲ့သည်။
နေတန်ယာဟုသည် အမေရိကန်မှ အစ္စရေးသို့ ပြန်လည် ရောက်ရှိလာမည့် အချိန်မှာသာ အနောက်ဘက်ကမ်း ဒေသနှင့်ပတ်သက်ပြီး ထရမ့်၏ မှတ်ချက်စကားများကို တုံ့ပြန်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန် ခဲ့သည်။
အစ္စရေးသည် ၁၉၆၇ ခုနှစ်က အနောက်ဘက်ကမ်းဒေသကို သိမ်းပိုက်ခဲ့ပြီး ထိုဒေသတွင် ဂျူးရပ်ကွက်များကို တိုးချဲ့တည်ဆောက်ခဲ့သည်။
Source: ရိုက်တာ