CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆
ရွေးကောက်ပွဲအလွန် ပေါ်ထွက်လာမည့် အစိုးရနှင့် တပ်မတော်အတွင်း အပြောင်းအလဲမှာ အကြီးအကဲ ဘယ်သူ ဖြစ်လာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု နစကမှ ကတိပြုထားသည့်အတွက် ရွေးကောက်ပွဲ မဖြစ်မနေ ပြုလုပ်မည်ဖြစ်ကြောင်း ယူဆထားကြသည်။
ထို့နောက် ရွေးကောက်ပွဲအလွန် တက်လာမည့် အစိုးရအဖွဲ့နှင့် တပ်မတော်အတွင်း အကြီးအကဲအဖြစ် မည်သူ ဖြစ်လာမလဲဆိုသည့်အပေါ် ပြည်တွင်း/ပြည်ပမှ စိတ်ဝင်စားစွာဖြင့် လေ့လာသုံးသပ်နေကြသည်။
ရွေးကောက်ပွဲဖြစ်မြောက်ခဲ့ပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်ပြောင်း၍ အစိုးရအဖွဲ့ အကြီးအကဲ ရာထူးကိုယူနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ရွေးကောက်ပွဲက လာကိုလာမှာဖြစ်တယ်။ နစကရဲ့ ထွက်ပေါက်လည်း မှန်တယ်၊ ပြည်သူတွေရဲ့ ထွက် ပေါက်လည်း မှန်တယ်။ ဒါကြောင့်မို့လို့ ဒါက မဖြစ်မနေ လုပ်မှဖြစ်မယ်။ မဖြစ်မနေ လုပ်ပြီးသွားပြီဆိုရင် အရပ်သားအစိုးရ တက်လာမယ်။ အရပ်သားအစိုးရ တက်လာမယ်ဆိုရင်တော့ ၅ နှစ်တိုင်သည် အကွာအဝေး အတိုင်းအတာအရတော့ အေးအေးဆေးဆေး သွားပြီဆိုတဲ့အခါကြတော့ အရပ်ဖက်အစိုးရ တက်လာမှာ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အဲဒီအစိုးရပုံစံမှာ ရှိနေရမယ့် တပ်ရဲ့ အသိုင်းအဝိုင်းကိုလည်း ပြင်ရမှာပေါ့။ ပြီးရင် လက်ရှိ တာဝန်ရှိတဲ့ သူတွေက တပ်မတော်မှာ လူငယ်အုပ်စုတစ်ခုကို အစားထိုးရတော့မှာပေါ့။ အဲဒီအစားထိုးရမှာက ဘယ်လို အစားထိုးမယ်ဆိုတာ အသေးစိတ်ကတော့ ကိုယ်လည်း မပြောနိုင်ဘူးပေါ့။ သေချာတာကတော့ ပေါ်လာ ပါလိမ့်မယ်။ နောက်တက်လာမယ့် အစိုးရအဖွဲ့ အကြီးအကဲကလည်း ဘယ်သူပဲဖြစ်မလဲဆိုတော့ ဒါကတော့ အမှန်တိုင်း ပြောမယ်ဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပဲ ဖြစ်မှာပဲပေါ့။ သူကတော့ နာမည်ပြောင်းချင် ပြောင်းမယ်ပေါ့” ဟု ပြောသည်။
ယာယီသမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နစကဥက္ကဋ္ဌ၊ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်၊ ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စသည့် ရာထူးတာဝန်များကို ယူထားသည်။
ထို့နောက် ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့ပါက အစိုးရသစ်မှာ သမ္မတရာထူးကို ကူးပြောင်းသွားနိုင်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကိုတော့ သူ၏ ယုံကြည်စိတ်ချရသူကို လွှဲပြောင်းပေးအပ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ပြည်တွင်း/ပြည်ပ သံတမန်အသိုင်းအဝန်းကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သမ္မတရာထူးအပြင် တပ်မတော်ကို ဆက်လက် ဦးစီးထားနိုင်ရေးအတွက် ဗဟိုစစ်ကော်မရှင်ဆိုသော အစုအဖွဲ့ကို ဖွဲ့စည်း၍ တပ်ချုပ်၏ အပေါ်မှာ ရှိနေအောင် ရာထူးတစ်ခုကို ဖန်တီးနိုင်ကြောင်း ယူဆမှုများရှိနေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရ လက်ထက်က သမ္မတဦးဝင်းမြင့်၏ အထက်တွင် ဒေါ်အောင်ဆန်းစု ကြည် ရှိနေနိုင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို ပြဋ္ဌာန်း၍ ရာထူးတစ်ခုဖန်တီးကဲ့ သလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ဖန်တီးနိုင်သည်ဟု ထောက်ပြကြသည်။
နစက ဥက္ကဋ္ဌအနေဖြင့် သမ္မတရာထူးကို လိုချင်သည့်အတွက် ရွေးကောက်ပွဲအား မဖြစ်ဖြစ်အောင် ကျင်းပနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
နစကနဲ့မြန်မာ့တပ်မတော်ကို ဆန့်ကျင်နေကြစဉ်(ဓာတ်ပုံ-ဖရွန်းတီးယားမြန်မာ)
၎င်းက “အဲဒီအချိုး ချိုးနေတာပဲလေ မင်းအောင်လှိုင်က။ သူသမ္မတ လုပ်ချင်လွန်းလို့ လုပ်နေတာပဲဟာ။ အဲဒီဟာ က ရွေးကောက်ပွဲကို ဘယ်သူက အသိအမှတ် ပြုမလဲဆိုတာပါ။ မလေးရှားတို့ အာဆီယံတို့က တိုက်ရိုက် ပြော ထားပြီးပြီပဲ သူတို့ အသိအမှတ် မပြုပါဘူးလို့။ အဲဒီတော့ သူ့ဘာသာသူ သမ္မတဖြစ်ရုံမကလို့။ အဲဒီတော့ မင်းအောင်လှိုင် ကြည့်ရတာလည်း ဗိုလ်နေဝင်းပဲဖြစ်ဖြစ်၊ ဗိုလ်သန်းရွှေပဲဖြစ်ဖြစ် အသက် ၇၀ ကျော် ၈၀ လောက် အထိ အကုန်လုံးတွေ သမ္မတလုပ်နေတာ။ ဒါကြောင့်မို့လို့ သူလည်းရလိမ့်မယ်လို့ ထင်နေတာပါ။ လုပ်ပါစေ ဘယ်သူက အသိအမှတ်ပြုမှာလဲ။ ကျမတို့ လုံးဝအသိအမှတ်ပြုမှာ မဟုတ်ဘူး။ ပြည်သူလူထုကလည်း အသိ အမှတ် ပြုမှာ မဟုတ်ဘူး” ဟု ပြောသည်။
လာမည့် ရွေးကောက်ပွဲတွင် ယခင်က ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP) နှင့် အချိုးကျ ကိုယ်စားပြုစနစ် (PR) စသည့် စနစ် ၂ မျိုးဖြင့် ကျင်းပမည်ဖြစ်ကာ ရွေးကောက်ပွဲအား အပိုင်းလိုက်ခွဲ၍ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံမှ သိရသည်။