CNI International News

ဆိုးလ်၊ ဇွန်လ ၅

တောင်ကိုရီးယားသမ္မတသစ် လီဂျေမြောင် (Lee Jae-myung) က ယခင်သမ္မတ၏ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်မှုကြောင့် ပျက်စီးလုနီး ဖြစ်ခဲ့ရသည့် နိုင်ငံကို ပြန်လည်ထူထောင်သွားမည်ဖြစ်သလို ဒီမိုကရေစီကိုလည်း ပြန်လည် အသက်သွင်းသွားမည်ဟု ဇွန်လ ၄ ရက်က ကတိပြုပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အလားတူ ရုန်းကန်နေရသည့် နိုင်ငံ၏ စီးပွားရေးကိုလည်း ပြန်လည်အသက်သွင်းမည်ဟု ၎င်းက ပြောသည်။

လီသည် ဇွန်လ ၃ ရက်က အာရှ၏ စတုတ္ထစီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်သည့် တောင်ကိုရီးယား၏ သမ္မတရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရခဲ့ခြင်းဖြစ်သည်။

ယခင်သမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol) သည် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုကြောင့် စွပ်စွဲပြစ်တင်ခံရပြီး သမ္မတရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက် ထိုရွေးကောက်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“လီဂျေမြောင် အစိုးရဟာ လက်တွေ့ကျပြီး စျေးကွက်ကို လိုလားတဲ့ အစိုးရအဖွဲ့ ဖြစ်လာပါလိမ့်မယ်” ဟု လီက လွှတ်တော်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတသစ် လီဂျေမြောင်ကို တွေ့ရစဉ်

ဆန်းသစ်တီထွင်မှုများကို အားပေးလှုံ့ဆော်ရန်နှင့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် စည်းကမ်း သတ်မှတ်ချက်များအား ဖြေလျှော့ပေးမည်ဖြစ်ကြောင်း၊ အမေရိကန်နှင့် မဟာမိတ်ဆက်ဆံရေးကို ထိန်းသိမ်းထား မည်ဖြစ်ကာ တစ်ဖက်တွင်လည်း မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများအတွက် လမ်းဖွင့်ထားမည်ဖြစ်ကြောင်း လီက ကတိပြုခဲ့သည်။

“မတိုက်ခိုက်ရဘဲနဲ့ အနိုင်ရတာက ပိုကောင်းပါတယ်။ တိုက်ခိုက်ဖို့မလိုတဲ့ ငြိမ်းချမ်းရေးဟာ အကောင်းဆုံး လုံခြုံရေး ဖြစ်ပါတယ်” ဟု လီက ပြောကြားခဲ့သည်။

လီသည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရကြောင်း ရွေးကောက်ပွဲကော်မရှင်က အတည်ပြုခဲ့ပြီးနောက် ချက်ချင်း ဆိုသလို သမ္မ္မတနှင့် စစ်ဦးစီးချုပ် အာဏာများကို ရယူခဲ့ကာ ထိပ်သီးစစ်ခေါင်းဆောင် တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး ကာကွယ်ရေး အခြေအနေကို မေးမြန်းခဲ့သည်။

မဲရလဒ်များအရ လစ်ဘရယ် တစ်ဦးဖြစ်သည့် လီသည် မဲအရေအတွက် ၃၅ သန်းနီးပါးအနက် ၄၉ ဒသမ ၄၂ ရာခိုင်နှုန်း ရရှိခဲ့ပြီး ကွန်ဆာဗေးတစ် ပြိုင်ဘက် ကင်မွန်းဆူး (Kim Moon-soo) က ၄၁ ဒသမ ၁၅ သန်းရရှိခဲ့သည်။

ယခု ရွေးကောက်ပွဲတွင် လာရောက် မဲပေးသူ အရေအတွက်သည် ၁၉၉၇ ခုနှစ်နောက်ပိုင်း အများဆုံး အရေအတွက်ဖြစ်ကြောင်း တရားဝင် မှတ်တမ်းများ၌ ဖော်ပြထားသည်။

Source: ရိုက်တာ