CNI International News

ဝါရှင်တန်၊ ဇွန်လ ၄

ဆီးရီးယားနိုင်ငံအတွင်းရှိ ထောင်နှင့်ချီသည့် ပြည်ပနိုင်ငံသား သူပုန်ဟောင်းများကို ဆီးရီးယားစစ်တပ်အတွင်း ထည့်သွင်းမည့် ဆီးရီးယားအစိုးရ၏ အစီအစဉ်ကို အမေရိကန်က လက်ခံခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုအစီအစဉ်အရ တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများမှ ဝီဂါလူမျိုးများ အများစုပါဝင်သည့် ပြည်ပတိုက်ခိုက်ရေး သမား ၃၅၀၀ သည် ဆီးရီးယားစစ်တပ်၏ အမှတ် ၈၄ တပ်ခွဲအတွင်းသို့ ပူးပေါင်း ဝင်ရောက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ သံတမန်တစ်ဦးနှင့် ဆီးရီးယားကာကွယ်ရေးအရာရှိ များက ပြောကြားခဲ့သည်။

ထို အမှတ် ၈၄ တပ်ခွဲတွင် ပြည်ပနိုင်ငံသားများနှင့်အတူ ဆီးရီးယားနိုင်ငံသားများလည်း ပါဝင်လိမ့်မည်ဟု ဆို သည်။

ဆီးရီးယားအစိုးရမှ အဆိုပြုထားသည့် အစီအစဉ်ကို အမေရိကန်က အတည်ပြုခဲ့ခြင်း ရှိ/မရှိ ရိုက်တာသတင်းဌာန က ထရမ့်၏ ဆီးရီးယားအရေး အထူးသံတမန်ဖြစ်သည့် သောမတ် ဘာရက် (Thomas Barrack) ကို မေးမြန်းခဲ့ရာ တွင် ဘာရက်က ပွင့်လင်းမြင်သာမှုနှင့်အတူ နားလည်မှုတစ်ခု ရရှိထားကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။

ထရမ့်၏ ဆီးရီးယားအရေး အထူးသံတမန်ဖြစ်သည့် သောမတ် ဘာရက်ကို တွေ့ရစဉ်

တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဖြစ်သည့် ဘာရက်သည် ပြီးခဲ့သည့်လက ဆီးရီးယားနိုင်ငံဆိုင်ရာ ထရမ့်၏ အထူးသံတမန်အဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။

သူပုန်ဟောင်းများကို စစ်တပ်အတွင်း ထည့်သွင်းခြင်းသည် ပိုမိုကောင်းမွန်ကြောင်း၊ ထိုသူပုန်ဟောင်းများသည် ဆီးရီးယားအစိုးရသစ်အပေါ် အလွန်သစ္စာရှိကြောင်း ဘာရက်က ပြောသည်။

ဆီးရီးယားတွင် ၁၃ နှစ်ကြာ တိုက်ပွဲ ဝင်လာခဲ့ပြီး သမ္မတအာဆတ် (Bashar al-Assad) ကို ဖြုတ်ချခဲ့သည့် ဟာရာ တာရီ အယ်-ရှန် (Hayat Tahrir al-Sham/HTS) အဖွဲ့အတွင်းရှိ ပြည်ပနိုင်ငံသား လက်နက်ကိုင်များ၏ အရေးကိစ္စ သည် အနောက်နိုင်ငံများနှင့် HTS အဖွဲ့ကြား ချဉ်းကပ်ဆောင်ရွက်ရန် အခက်အခဲဆုံး ကိစ္စများထဲတွင် ပါဝင်ခဲ့ သည်။

မေလ အစောပိုင်းအထိ အမေရိကန်က ဆီးရီးယားရှိ ပြည်ပလက်နက်ကိုင်များကို ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့များ အတွင်း ထည့်သွင်းခြင်း မပြုရန် ဆီးရီးယားအစိုးရသစ်ကို တောင်းဆိုခဲ့သည်။

ဆီးရီးယား ယာယီသမ္မတ အာမက် အယ်ရှာရှားနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ် 

သို့သော် ပြီးခဲ့သည့်လက ထရမ့်၏ အရှေ့အလယ်ပိုင်း ခရီးစဉ်အပြီးတွင် ဝါရှင်တန်သည် ဆီးရီးယားအရေး ချဉ်းကပ် ဆောင်ရွက်မှုကို ပြောင်းလဲခဲ့ပြီး အာဆတ် လက်ထက်က ဆီးရီးယားအပေါ် ချမှတ်ခဲ့သည့် ပိတ်ဆို့မှု များကို ရုပ်သိမ်းပေးရန် သဘောတူခဲ့သည်။

ထရမ့်သည် ထိုခရီးစဉ်အတွင်း ဆီးရီးယား ယာယီသမ္မတ အာမက် အယ်ရှာရှား (Ahmed al-Sharaa) နှင့် ဆော်ဒီနိုင်ငံတွင် တွေ့ဆုံခဲ့ပြီး ဘာရက်ကို ဆီးရီးယားဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်။

Source: ရိုက်တာ