CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၅
နယ်မြေစိုးမိုးရေး လုပ်ငန်းများကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရန်လိုသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ တြိဂံဒေသတိုင်းစစ်ဌာန ချုပ်မှ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာ ဆောင်ရွက်မှုများ စစ်ဆေးစဉ် ၎င်းက ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တပ်များအလိုက် မိမိတို့ တာဝန်ယူထားရသည့် နယ်မြေအတွင်း စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေး လုပ်ငန်းများကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရန်လိုကြောင်း၊ ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော် လုံခြုံရေးနှင့်ပတ်သက်လာပါက အစဉ်အမြဲ ဂရုပြုနေရန်နှင့် အလေးအနက်ထား ဆောင်ရွက်သွားရန်လို တယ်”ဟု ပြောသည်။
တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ပြည့်ဝနေရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာကာ အုပ်ချုပ်လျက်ရှိသည်။
ထို့နောက် NLD ခေါင်းဆောင်တချို့နှင့် လွှတ်တော်အမတ် တချို့ အပါအဝင် တက်ကြွလှုပ်ရှားသူများ၊ လက် နက်ကိုင်အဖွဲ့များ ပူးပေါင်း၍ မြန်မာ့တပ်မတော်နှင့်နစကကို ဖြုတ်ချရေး လက်နက်ကိုင် တော်လှန်လျက်ရှိသည်။
အဆိုပါ လက်နက်ကိုင် ပဋိပက္ခသည် မြန်မာနိုင်ငံတစ်ဝန်းဖြစ်ပွားလာပြီး လူပေါင်း ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသလို နေအိမ်ပေါင်း သောင်းချီ မီးလောင် ပျက်စီးဆုံးရှုံးလျက်ရှိသည်။
အလားတူ မြန်မာ့တပ်မတော်သည် စစ်စခန်းပေါင်း ရာချီ လက်လွှတ်ထားရသလို မြို့ပေါင်း ၉၀ ကျော်ကိုလည်း လက်လွှတ်ထားရသည်။