CNI International News
လန်ဒန်၊ မေလ ၂၁
အစ္စရေး၏ မဟာမိတ်များဖြစ်သည့် ဗြိတိန်၊ ပြင်သစ်နှင့် ကနေဒါတို့က ဂါဇာကမ်းမြောင်ဒေသတွင် စစ်ဆင်ရေးကို ချဲ့ထွင်နေသော အစ္စရေးအား ဝေဖန်ခြိမ်းခြောက်သည့် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) က ကြုံးဝါးထားချိန်တွင် ၎င်း၏ မဟာမိတ်များကမူ ပဋိပက္ခ အရှိန်မြင့်တက်လာမှုသည် အလွန် ဆိုးရွားနေကြောင်း ပြောကြားခဲ့သည်။
ဂါဇာတွင် ဖြစ်ပွားနေသည့် အခြေအနေများသည် လက်ခံနိုင်စရာ မဟုတ်ဘဲ အစ္စရေးဝန်ကြီးချုပ် အနေဖြင့် ဂါဇာဒေသအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ချက်ချင်း ခွင့်ပြုပေးသင့်ကြောင်း မဟာမိတ် ၃ နိုင်ငံက တိုက်တွန်းခဲ့သည်။
အစ္စရေးသည် ဂါဇာကို မတ်လ ၂ ရက်ကတည်းက ပိတ်ဆို့ခဲ့ခြင်းဖြစ်သဖြင့် အကူအညီများ ပေးပို့ခွင့်မရဘဲ ကုလသမဂ္ဂ အပါအဝင် အကူအညီပေးရေးအဖွဲ့များက အစ္စရေး၏ ပိတ်ဆို့မှုကို ဝေဖန်ရှုတ်ချခဲ့သည်။
စားနပ်ရိက္ခာကိုတွေ့ရစဉ်
ဂါဇာကမ်းမြောင်ဒေသကို သီတင်းပတ် ၁၁ ပတ်ကြာ ပိတ်ဆို့ခဲ့ပြီးနောက် မေလ ၁၉ ရက်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဂါဇာဒေသအတွင်းသို့ အစားအစာများ အခြေခံပမာဏ တင်သွင်းခွင့်ပြုမည်ဟု ပြောကြား ခဲ့သည်။
နေတန်ယာဟု၏ အစိုးရအဖွဲ့မှ လက်ယာစွန်း အဖွဲ့ဝင်များကမူ ဂါဇာဒေသအတွင်းသို့ အစားအစာများ မဖြစ် စလောက်ပမာဏ တင်သွင်းခွင့်ပြုသည့် ဆုံးဖြတ်ချက်ကိုပင် ဝေဖန်ခဲ့ကြသည်။
နေတန်ယာဟုကမူ ဂါဇာဒေသအတွင်းသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးခွင့်ပြုရန် တောင်းဆိုသည့် နိုင်ငံတကာ၏ ဖိအားများကြောင့် ယခုကဲ့သို့ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း လူမှုမီဒီယာတွင် ဗွီဒီယိုတင်ပြီး ရှင်းပြခဲ့သည်။
အစားအစာများကို အခြေခံပမာဏသာ တင်သွင်းခွင့်ပြုခြင်းသည် လုံလောက်မှုမရှိကြောင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပိတ်ဆို့မှုသည် လက်မခံနိုင်ဘဲ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဗြိတိန်၊ ပြင်သစ်နှင့် ကနေဒါတို့က ပူးတွဲထုတ်ပြန်ခဲ့သည်။
ထို့ပြင် အစ္စရေးအနေဖြင့် ၎င်း၏ ထိုးစစ်ကို မရပ်တန့်ဘဲ ဂါဇာဒေသအတွင်းသို့ ထောက်ပံ့မှုများ ခွင့်မပြုပါက ပိတ်ဆို့မှုများ အပါအဝင် ပြင်းထန်စွာ အရေးယူသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ခြိမ်းခြောက်ဖော်ပြခဲ့သည်။
Source: ရိုက်တာ