CNI International News

ဘန်ကောက်၊ မေလ ၇

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်( Thaksin Shinawatra) သည် ၂၀၂၃ ခုနှစ်က ရဲတပ်ဖွဲ့အထွေထွေဆေးရုံ၏ ၁၄ လွှာတွင် နေထိုင်ခဲ့ချိန်က အမှန်တကယ် ဖျားနာခဲ့ခြင်း ရှိ/မရှိကို တိုက်ရိုက် စုံစမ်းစစ်ဆေးရန် တရားရုံးချုပ်၏ ပြစ်မှုဆိုင်ရာဌာနက သဘောတူခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။

သက်ဆင်သည် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ချိန်က ပြစ်မှုဆိုင်ရာ စွဲချက်များဖြင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရ သော်လည်း အကျဉ်းထောင်တွင် တစ်ရက်မှ မနေခဲ့ရဘဲ ထိုဆေးရုံတွင်သာ နေထိုင်ခဲ့ခြင်းဖြစ်သည်။

တရားရုံးချုပ်ကမူ သက်ဆင်နှင့်အတူ ဘန်ကောက် ရမန် အကျဉ်းထောင်အကြီးအကဲ၊ အကျဉ်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်၊ ရဲတပ်ဖွဲ့ အထွေထွေဆေးရုံ၏ ဆေးဘက်ဆိုင်ရာ အရာရှိချုပ်တို့ကို တရားရုံး၏ နို့တစ်စာ လက်ခံရရှိပြီး ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ အထောက်အထားများအားလုံး တင်သွင်းရန် အမိန့်ပေးခဲ့သည်။

သက်ဆင်၏ အမှုနှင့်ပတ်သက်ပြီး ဇွန်လ ၁၃ ရက်တွင် ကြားနာစစ်ဆေးမှု ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်

ထိုအမှုသည် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို သိသိသာသာ ရှုပ်ထွေးစေခဲ့ပြီး ကနဦး ထွက်ပေါ်ခဲ့သည့် ကောလာဟလများအရ သက်ဆင်သည် ၎င်း၏ သမီးဖြစ်သော လက်ရှိဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) အား အစိုးရအဖွဲ့ ပြုပြင်ဖွဲ့စည်းရန် အမိန့်ပေးခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် သက်ဆင်သည် အစိုးရအဖွဲ့ကို နောက်ကွယ်မှ ကြိုးကိုင်ပြီး အဓိက ဝန်ကြီးဌာန ရာထူးနေရာများ အတွက် လူသိမခံသည့် သဘောတူညီချက်များ ပြုလုပ်ခဲ့ဖွယ်ရှိသည်ဆိုသော စိုးရိမ်မှုများ ထွက်ပေါ်စေခဲ့သည်။

ထိုကဲ့သို့ ဝန်ကြီးဌာန နေရာများ အပြောင်းအလဲ ပြုလုပ်ခြင်းကြောင့် ယခင်ညွန့်ပေါင်းအဖွဲ့ထဲတွင် ပါဝင်သည့် Bhumjaithai  ပါတီနှင့် သဘောထားကွဲလွဲသော အခြေအနေသို့ ရောက်ရှိစေခဲ့သည်ဟုလည်း ယူဆခံခဲ့ရသည်။

မည်သို့ပင်ဆိုစေ သက်ဆင်သည် အကျဉ်းထောင်ထဲတွင် မနေဘဲ ဆေးရုံ၌ နေခဲ့ခြင်းသည် ၎င်းအတွက် နိုင်ငံရေး အရ ထိုးစစ်နေရာမှာ မရှိစေခဲ့ဘဲ ခံစစ်နေရာသို့ ရောက်ရှိစေခဲ့သည်ဟုလည်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။

လက်ရှိတွင် တရားရုံး၏ နောက်ထပ် လှုပ်ရှားမှုများကို သက်ဆင်အား ထောက်ခံသူများသာမက ဝေဖန်သူများကပါ အနီးကပ် လေ့လာစောင့်ကြည့်နေကြကြောင်း သတင်း၌ ဖော်ပြခဲ့သည်။

Source: The Nation