CNI International News
ဘေရွတ်၊ မေလ ၂
အစ္စရေးသည် ဧပြီ ၂၇ ရက်က လက်ဘနွန်နိုင်ငံ၊ ဘေရွတ် (Beirut) မြို့တော်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ ဒုံးကျည် သိုလှောင်သည့် စက်ရုံကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဟစ်ဇ်ဘိုလာအဖွဲ့အား လက်နက်ဖျက်သိမ်းရန် ဖိအားများ ပေးခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဟစ်ဇ်ဘိုလာအဖွဲ့ အနေဖြင့် လက်နက်ဖျက်သိမ်းမည်ဆိုပါက အရှေ့အလယ်ပိုင်းဒေသတွင် အစိုးရလက်အောက်ခံ မဟုတ်သည့် အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့၏ လက်နက်ဖျက်သိမ်းမှု ဖြစ်လာမည်ဖြစ်သည်။
အစ္စရေးနှင့် စစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဟစ်ဇ်ဘိုလာထိပ်သီး ခေါင်းဆောင်များ သေဆုံးခဲ့သလို ဆီးရီးယားနိုင်ငံရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ မဟာမိတ်ဖြစ်သည့် ဆီးရီးယားသမ္မတ အာဆတ် (Bashar Assad) အစိုးရအဖွဲ့လည်း ပြုတ်ကျခဲ့သဖြင့် ဟစ်ဇ်ဘိုလာအဖွဲ့အတွက် အားနည်းလာခဲ့သည်။
အစ္စရေးနှင့်အမေရိကန်တို့သည် ဟစ်ဇ်ဘိုလာအဖွဲ့ကို လျင်မြန်စွာ လက်နက်ဖျက်သိမ်းရန် တိုက်တွန်းနေသော် လည်း မည်သည့်အချိန်တွင် မည်သည့်ပုံစံမျိုးဖြင့် လက်နက် ဖျက်သိမ်းမည်ဆိုခြင်းကို ရှင်းလင်းစွာ မသိရသေးပေ။
မစ်ဆိုင်းဇ်ဒုံးကျည်များကို တွေ့ရစဉ်
လက်ဘနွန်သမ္မတ ဂျိုးဆက် အာဝင် (Joseph Aoun) ကလည်း နိုင်ငံအတွင်းရှိ လက်နက်များအားလုံးကို အစိုးရ၏ ထိန်းချုပ်မှုအောင်တွင်သာ ထားရှိမည်ဟု ကတိပြုခဲ့သည်။
ထို့ကြောင့် အများစုကမူ ဟစ်ဇ်ဘိုလာအဖွဲ့အား အတင်းအကျပ် လက်နက်ဖျက်သိမ်းမည်ဆိုပါက လက်ဘနွန် စစ်တပ်နှင့် ဟစ်ဇ်ဘိုလာအဖွဲ့ကြား ပြည်တွင်းစစ် ဖြစ်ပွားလာမည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည့် အခြေအနေကို စိုးရိမ်နေကြသည်။
လက်ဘနွန်စစ်တပ်ကလည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီးနောက် အစ္စရေးနှင့်ထိစပ်နေသည့် လက်ဘနွန်နယ်စပ်အနီးရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ အခြေခံ အဆောက်အအုံများထဲမှ ၉၀ ရာခိုင်နှုန်းကို ဖျက်သိမ်းခဲ့ပြီဖြစ်ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များက ဧပြီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
“လီတာနီ (Litani) မြစ်ရဲ့ တောင်ပိုင်းဒေသက အခြေခံ အဆောက်အအုံ ၉၀ ရာခိုင်နှုန်းကို ကျနော်တို့ ဖျက်သိမ်း ခဲ့ပါတယ်”ဟု အမည်မဖော်လိုသည့် လက်ဘနွန်အရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
အစ္စရေးနှင့် လက်ဘနွန်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ လက်ဘနွန် စစ်တပ်သည် လီတာနီမြစ်၏ တောင်ပိုင်းဒေသရှိ အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေသည့် စစ်စခန်းများအားလုံးကို ဖျက်သိမ်းရန်နှင့် လက်နက်များကို သိမ်းဆည်းရန် လိုအပ်မည်ဖြစ်သည်။
Source: အေပီ