CNI International News
ဘန်ကောက်၊ ဧပြီ ၃၀
ကမ္ဘာ့နိုင်ငံအသီးသီး၏ ပို့ကုန်များကို ကုန်သွယ်ခွန်များ တိုးမြှင့်ကောက်ခံသည့် အမေရိကန်နှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) က ဝန်ကြီးဌာန ၃ ခုကို ဧပြီ ၂၉ ရက်က ညွှန်ကြားခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ပေတုန်တန်က အခြား အာဆီယံနိုင်ငံများနှင့်အတူ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းရာတွင် အာဆီယံ၏ စုပေါင်းကုန်သွယ်မှု မဟာဗျူဟာ၏ အခြေခံ အချက်အလက် များနှင့်ပတ်သက်ပြီး အဆိုပြုချက် မူကြမ်းများရေးဆွဲရန်၊ ကဏ္ဍအားလုံးမှ သွင်းကုန်အင်အားစုများကို စုစည်းရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပေတုန်တန်က ညွှန်ကြားခဲ့သည်။
ထိုညွှန်ကြားချက်ကို နာခွန်း ဖနွမ် (Nakhon Phanom) တွင် ပေတုန်တန် ဦးဆောင်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းအစိုးရအဖွဲ့ အစည်းအဝေး ကျင်းပနေစဉ်
အမေရိကန်နှင့် ကုန်သွယ်မှုတွင် ကုန်သွယ်ရေး ပိုငွေပြနေသော နိုင်ငံများအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ကုန်သွယ်ခွန်များ တိုးမြှင့်ကောက်ခံမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး တင်းမာမှုများ မြင့်တက်နေချိန်၌ အာဆီယံ၏ စီးပွားရေးတည်ငြိမ်မှု မြှင့်တင်ရေးအတွက် အစီအစဉ်များ ရေးဆွဲရန် ပေတုန်တန် က အစိုးရအဖွဲ့ကို တိုက်တွန်းခဲ့သည်။
ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် မည်သည့် ရလဒ်ကိုမဆို အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးကို ကိုယ်စားပြုသည့် စုပေါင်းသဘောတူညီချက်အဖြစ် ယူဆမည်ဖြစ်ကြောင်း ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ဂျီရာယူ ဟောင်ဆွတ် (Jirayu Houngsub) က ပြောကြားခဲ့သည်။
အာဆီယံနိုင်ငံ တစ်နိုင်ငံချင်းစီ၏ အားသာချက်များကို အသုံးချခြင်းအားဖြင့် အာဆီယံသည် အမေရိကန်နှင့် အောင်မြင်ပြီး ထိရောက်သော စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ပေတုန်တန်က ပြောကြားခဲ့သည်။
Source: The Nation