CNI International News
ဒီမာပူရ ၊ ဧပြီ ၂၃
NSCN-IM အဖွဲ့ကို ထူထောင်ခဲ့သည့် အိုက်ဇက်ချီရှီဆူ(Isak Chishi Swu)၏ သားဖြစ်သူ အိုင်မ်ကာတို ချီရှီဆူ( Ikato Chishi Swu) သည် မကြာသေးမီက အဖွဲ့အစည်းအတွင်းမှ ထွက်ခွာသွားမှုကြောင့် အဖွဲ့အစည်းအတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည်ဆိုသော သတင်းများမှာ မဟုတ်ဘဲ တည်ငြိမ်မှုရှိကြောင်း NSCN-IM က ထုတ် ဖော် ပြောကြားခဲ့သည်ဟု Eastern Mirror သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ဆူ(Swu)၏ ထွက်ခွာသွားမှုသည် အဖွဲ့အစည်း၏ ခေါင်းဆောင်ပိုင်း သို့မဟုတ် ဦးတည်ချက်ကို သက်ရောက်မှု ရှိစေလိမ့်မည် မဟုတ်ကြောင်းလည်း NSCM-IM က ပြောကြားခဲ့သည်။
“ပူးပေါင်းကြံစည်မှုတွေ၊ လျှို့ဝှက်ပူးပေါင်း လိမ်ညာမှုတွေ မရှိပါဘူး” ဟု NSCN-IM ခေါင်းဆောင် ဗွီအက်စ် အာတန် (VS Atem) က အာသံ-နာဂလန်း နယ်စပ်အနီး အေဂူနာဂါ(Aghunaqa)ကျေးရွာတွင် အစည်းအဝေး ပြုလုပ်ပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့သည်။
NSCN-IM ခေါင်းဆောင် ဗွီအက်စ် အာတန် (VS Atem)ကို တွေ့ရစဉ်
အစောပိုင်းက ဆူ(Swu)သည် မြန်မာနိုင်ငံတွင် ဌာနချုပ်တည်ရှိသည့် NSCN ၏ အရှေ့ပိုင်းအဖွဲ့ကို ပူးပေါင်းရန် ဆုံးဖြတ်ကြောင်း ကြေညာခဲ့သည်။
ထို့နောက် NSCN-IM ၏ ခေါင်းဆောင်များသည် အိန္ဒိယအာဏာပိုင်များကို လိုက်လျော အလျှော့ပေးနေပြီး နာဂလူမျိုးများ၏ မူလလမ်းစဉ်မှ သွေဖည်ခဲ့ကြောင်း ၎င်းက စွပ်စွဲခဲ့သည်။
ဧပြီ ၁၈ ရက်က ထုတ်ပြန်သည့် ၎င်း၏ ကြေညာချက်တွင် NSCN-IM အဖွဲ့၏ ခေါင်းဆောင်များသည် အကျင့်ပျက် ခြစားမှု၊ အိန္ဒိယထောက်လှမ်းရေးအေဂျင်စီများနှင့် ပူးပေါင်းမှု၊ ဆွေမျိုးကောင်းစာရေးဝါဒကို ကျင့်သုံးမှုတို့ ရှိနေပြီး အဖွဲ့အစည်းအတွင်း အဓိကရာထူးနေရာများကို ငွေကြေးဖြင့် ရောင်းချနေကြောင်း စွပ်စွဲခဲ့သည်။
အာတန်(Atem)ကမူ ထိုစွပ်စွဲချက်များကို ပြင်းပြင်းထန်ထန် ငြင်းပယ်ခဲ့သလို အထက်အဆင့်မှ အောက်ခြေအဆင့် အထိ NSCN အဖွဲ့သည် မိမိတို့၏ အခွင့်အရေးများကို အသိအမှတ်ပြုပြီး မိမိတို့၏ ရပ်တည်ချက်ကို လက်ခံမည့် အချိန်အထိ အဆုံးထိတိုက်ပွဲ ဝင်သွားပါမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
NSCN-IM ဌာနချုပ်ကိုတွေ့ရစဉ်
အေဂူနာဂါ (Aghunaqa) ကျေးရွာတွင် ပြုလုပ်သည့် အစည်းအဝေးသည် အခြားသော နာဂဒေသများနှင့် ပိုမို ကျယ်ပြန့်စွာ ထိတွေ့ဆက်ဆံရန် ကြိုးစားမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ဗြိတိသျှအစိုးရက ၎င်းတို့၏ စီးပွားရေးနှင့် နိုင်ငံရေး အကျိုးစီးပွားများအတွက် နာဂပြည်ကို တစ်ကွဲတစ်ပြားစီ ဖြစ်အောင် ပိုင်းခြားခဲ့ခြင်းဖြစ်ပြီး နာဂပြည်တွင် တရားမျှတမှုရရှိအောင် ပြန်လည်လုပ်ဆောင်ရမည်ဟုလည်း အာတန်(Atem) က ပြောကြားခဲ့သည်။
အိန္ဒိယသည် ကိုလိုနီခေတ်က ဖွဲ့စည်းတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး British East India(ဗြိတိသျှအရှေ့အိန္ဒိယ) ကုမ္ပဏီ မရောက်ရှိလာခင် အချိန်အထိ အိန္ဒိယသည် နိုင်ငံရေးအရ တည်ရှိခြင်းမရှိခဲ့ကြောင်း အာတန်(Atem) က ပြောကြားခဲ့သည်။
Source: Eastern Mirror