CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၄
ထိုင်းအစိုးရ၏ ရာဇဝတ်မှုနှိမ်နင်းရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လက်နက်များ သယ်ဆောင်ခွင့် ပါမစ်များ ထုတ်ပေးမှုကို ဖေဖော်ဝါရီ ၁၄ ရက်မှစပြီး ၁ နှစ်ကြာ ဆိုင်းငံ့ခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ လက်နက်များ သယ်ဆောင်ခွင့်ပါမစ်များ ထုတ်ပေးမှုအား ဆိုင်းငံ့သည့်အမိန့်ကို ဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) နှင့် ပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) တို့က ဖေဖော်ဝါရီ ၁၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ထရိုင်ဆူရီ တိုင်ဆာရာနာကူလ် (Traisuree Taisaranakul) က ပြောကြားခဲ့သည်။
ထိုအမိန့်ကို ထိုင်းအစိုးရက ဖေဖော်ဝါရီ ၁၃ ရက်တွင် တော်ဝင်အမိန့် ပြန်တမ်းထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက် ၌ စတင်အသက်ဝင်မည်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် လူအများစုသည် အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ပြည်သူပိုင်နေရာများတွင် လက်နက်များ သယ်ဆောင်သွားလာနေပြီး အချို့သူများသည် ၎င်းတို့၏ သေနတ်များကိုပြ၍ အခြားသူများကို ခြိမ်းခြောက်နေ ကြောင်း မစ္စစ် ထရိုင်ဆူရီက ပြောကြားခဲ့သည်။
ထိုအပြုအမူများသည် အများပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်များနှင့် အကျင့်စာရိတ္တပိုင်းအတွက် အန္တရာယ် ရှိစေပြီး ရာဇဝတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ၎င်းက ဆိုသည်။
သေနတ်များကို တွေ့ရစဉ်
ထိုင်းနိုင်ငံတွင် သေနတ်များသည် အလွန်ဈေးကြီးပြီး ဝယ်ယူရရှိရန် ခက်ခဲသော်လည်း ၂၀၂၃ ခုနှစ်က ထိုင်းနိုင်ငံ အတွင်း တရားဝင်မှတ်ပုံတင်ထားသည့် သေနတ်အရေအတွက် ၆ ဒသမ ၂ သန်းခန့်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။
နောက်ထပ် မှတ်ပုံတင် မထားသည့် သေနတ်အရေအတွက် ၄ သန်းခန့်ရှိနေပြီး အခြားနိုင်ငံများမှ မှောင်ခိုတင်သွင်း သော လက်နက်များလည်းရှိနေကြောင်း ဖော်ပြထားသည်။
၂၀၂၂ ခုနှစ်က ကမ္ဘာ့လူဦးရေ စစ်တမ်း၏ အချက်အလက်များတွင် ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်၌ သေနတ်ပစ်ခတ်မှု များကြောင့် လူအများဆုံးသေဆုံးသည့် နိုင်ငံများစာရင်းမှာ အဆင့် ၁၅ နေရာတွင်ရှိနေပြီး ပျမ်းမျှနှုန်းထားအရ လူ ၁၀၀,၀၀၀ တွင် ၃ ဒသမ ၉ ဦးသည် သေနတ်ကြောင့် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ကလောင် ထော်အီ (Klong Toey) ရပ်ကွက်တွင် ပြိုင်ဘက် ကျောင်းသားဂိုဏ်း ၂ ဂိုဏ်းအကြား အပြန်အလှန် ပစ်ခတ်မှုကြောင့် ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့ပြီးနောက် မစ္စတာ အနူတင်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် သေနတ်သယ်ဆောင်ခွင့် ပါမစ်များထုတ်ပေးမှုကို ဆိုင်းငံ့ခဲ့သည်။
Source: ဘန်ကောက်ပို့စ်