CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂
ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ်ဟာ သူ့ရဲ့နိုင်ငံဖြစ်တဲ့ ထရီနီဒတ်နှင့်တိုဘာဂို လက်ရွေးစင် အသင်းရဲ့ နည်းပြချုပ်အဖြစ် ခန့်အပ်ခံရပါတယ်။
အသက် ၅၂ နှစ်အရွယ်ရှိ ဒွိုက်ယော့ခ်ဟာ ထရီနီဒတ်နှင့်တိုဘာဂို အသင်းအတွက် ၁၉၈၉ ကနေ ၂၀၀၉ ခုနှစ် အတွင်း ပွဲပေါင်း ၇၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၉ ဂိုးသွင်းယူကာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းခေါင်းဆောင် အဖြစ် ဆောင်ရွက်ခဲ့တာပါ။
ဒွိုက်ယော့ခ်ဟာ ၂၀၀၉ ခုနှစ်က ကစားသမားဘဝကနေ အနားယူပြီးနောက် ထရီနီဒတ်နှင့်တိုဘာဂို အသင်းမှာ လက်ထောက် မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
၂၀၂၂-၂၃ ရာသီက သြစတြေးလျကလပ် မက်အာသာအသင်းကို ကိုင်တွယ်ခဲ့တဲ့ ဒွိုက်ယော့ခ်အတွက် ထရီနီဒတ်နှင့် တိုဘာဂို အသင်းဟာ သူ့ရဲ့ဒုတိယမြောက်အသင်း ဖြစ်လာခဲ့တာပါ။
ဒွိုက်ယော့ခ်က “ထရီနီဒတ်နှင့်တိုဘာဂို လက်ရွေးစင်အသင်းကို ဦးဆောင်ရမှာက ဂုဏ်ယူစရာ ကောင်းပြီး ဝမ်းမြောက်မိပါတယ်။ အရည်အသွေးရှိပြီး စုစည်းမှုရှိတဲ့ ကစားသမားအစုအဖွဲ့နဲ့ လက်တွဲ အလုပ်လုပ်ဖို့က ကျနော်မျှော်လင့်ထားတဲ့အရာပါ”လို့ ပြောခဲ့ပါတယ်။

ထရီနီဒတ်နှင့်တိုဘာဂိုအသင်းကို တွေ့ရစဉ်
ထရီနီဒတ်နှင့်တိုဘာဂို အသင်းဟာ ကမ္ဘာ့အဆင့် ၁၀၂ နေရာမှာ ရပ်တည်နေပြီး ၂၀၂၅ ခုနှစ် ၊ဇွန်လမှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားဖို့ရှိနေတာပါ။
ဒွိုက်ယော့ခ်အနေနဲ့ နိုင်ငံအသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ခြေစစ်ပွဲ အောင်မြင်အောင် ဦးဆောင်ရတော့မှာ ဖြစ်ပါတယ်။
ထရီနီဒတ်နှင့်တိုဘာဂို အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ကွန်ကာကပ်ဖ်ဇုန်) ဒုတိယအဆင့်မှာ ၂ ပွဲ ကစား ရမှတ် ၄ မှတ် ရရှိထားပြီး အုပ်စုတွင်း ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
အုပ်စုတွင်းထိပ်ဆုံး ၂ သင်းသာ တတိယအဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်တဲ့အတွက် ထရီနီဒတ်နှင့်တိုဘာဂို အသင်းဟာ လာမယ့် ခြေစစ်ပွဲတွေမှာ ရလဒ်ကောင်းတွေ ဆက်ပြီးရယူနိုင်ဖို့ ကြိုးစားရမှာပါ။
ထရီနီဒတ်နှင့်တိုဘာဂို အသင်းဟာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ပြီးနောက်ပိုင်း ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။
Source: BBC
	    	  	
	    	      
	    
	  	  
			
			
			
                        