CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၆
စပါးအသင်း ကွင်းလယ်လူ မက်ဒီဆင်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့ အပြီးသတ် လူစာရင်းမှာ ချန်လှပ်ခံခဲ့ရတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
မက်ဒီဆင်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ အင်္ဂလန်အသင်းရဲ့ ပဏာမကစားသမား ၃၃ ဦးစာရင်းထဲမှာ ပါဝင်ခဲ့တာပါ။
စပါးအသင်း ကွင်းလယ်လူဟာ အင်္ဂလန်အသင်းက ဘော့စနီးယားအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့သေးတာ ဖြစ်ပါတယ်။
ဒါပေမယ့် မက်ဒီဆင်ဟာ အင်္ဂလန်အသင်းက ထုတ်ပြန်မယ့် အပြီးသတ်ကစားသမား ၂၆ ဦးစာရင်းထဲမှာ ချန်လှပ်ခံရမယ့် ကစားသမား ၇ ဦးထဲက ၁ ဦးဖြစ်လာခဲ့တာပါ။
အသက် ၂၇ နှစ်အရွယ်ရှိ မက်ဒီဆင်ဟာ အင်္ဂလန်အသင်းအတွက် ၇ ပွဲ ပါဝင်ကစားထားပြီး ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် တစ်ပွဲမှ ပါဝင်ကစားရခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက လက်စတာအသင်းကနေ စပါးအသင်းထံ ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မက်ဒီဆင်ဟာ ရာသီအစပိုင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက် ခြေစွမ်းပိုင်း တည်ငြိမ်မှု မရှိတော့တာပါ။

အင်္ဂလန်အသင်းကို တွေ့ရစဉ်
နည်းပြဆောက်ဂိတ်ဟာ အိုက်စလန်အသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲအပြီးမှာ အင်္ဂလန်အသင်းရဲ့ အပြီးသတ် လူစာရင်းအတွက် နောက်ထပ် ၆ ဦးကို ချန်လှပ်ရမှာ ဖြစ်ပါတယ်။
ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရပြီး မကြာသေးခင်ရက်ပိုင်းကမှ အင်္ဂလန်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်ခဲ့တဲ့ ဘယ်နောက်ခံလူ လုပ်ခ်ရှောဟာ ယူရိုပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေတာပါ။
ပြီးခဲ့တဲ့ ဘော့စနီးယားအသင်းနဲ့ ခြေစမ်းပွဲမှာ လူငယ်ကစားသမားတွေ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် နည်းပြ ဆောက်ဂိတ်က အပြီးသတ် လူစာရင်းရွေးချယ်ဖို့ ခက်ခဲတယ်လို့ ဝန်ခံထားပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဆလိုဗေးနီးယား၊ ဒိန်းမတ်၊ ဆားဘီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
Source: BBC
 
	    	  	
	    	       
	    
	  	   
			 
		 
			 
			 
                        
