CNI News
၂၀၂၅ခုနှစ်၊ စက်တင်ဘာ ၃
ကျောင်းသား/သူများသည် စာသင်ချိန်အတွင်းနှင့် ကျောင်းချိန်ပြင်ပတို့တွင် ခိုက်ရန်ဖြစ်ပွားမှု ယခင်ကထက် ပို၍ များပြားလာသောကြောင့် ထိုသို့ဖြစ်ပါက ကျောင်းပြောင်းရသည်အထိ အရေးယူမည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ကျောင်းသားများသည် ခိုက်ရန်ဖြစ်ပွားရာ၌ ကိုယ်ထိလက်ရောက် ပြစ်မှုကျူးလွန်ခြင်းအပြင် အန္တရာယ်ရှိနိုင်သော ပစ္စည်းများကိုပါ ယူဆောင်လာခြင်းကြောင့် အသက်များ ဆုံးရှုံးရနိုင်ချေရှိသည့် အခြေအနေတစ်ရပ်ထိ ဆိုးရွားလာ ကြောင်း တွေ့ရသည်။
ကျောင်းသား/သူများ အနေဖြင့် ဆိုးရွားသော အခြေအနေ တစ်ရပ်ကို ဖော်ဆောင်လာကြောင်း ပညာရေးဝန်ကြီးက ထုတ်ပြန်ခဲ့သည်။
ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို တွေ့ရစဉ်
ခိုက်ရန်ဖြစ်ပွားမှု ထပ်မံဖြစ်ပေါ်လာပါက ပြစ်မှုကျူးလွန်သူအား ကျောင်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့နှင့် စစ်ဆေးမေးမြန်းပြီး ကျောင်းပြောင်း လက်မှတ်ထုတ်ပေး၍ ပြစ်ဒဏ်ချမှတ် သွားမည်ဖြစ်ကြောင်းကို ကျောင်းသား မိဘများထံသို့ အသိပေး ဆောင်ရွက်သွားရန် ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် ပညာရေးမှူးရုံး များအား ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။
ထို့ပြင် အခြေခံပညာဦးစီးဌာနမှ ခိုက်ရန် ဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး အသိပညာပေး ဆွေးနွေးပွဲများ၊ ကျောင်းသား မိဘများနှင့် တွေ့ဆုံ မေးမြန်းခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဟု သိရသည်။