ထိုင်း-အမေရိကန် ကုန်သွယ်ရေးဆွေးနွေးမှုများ ရပ်တန့်ခြင်းမရှိ
CNI International News
ဘန်ကောက်၊ မေလ ၃၁
အမေရိကန် ကုန်သွယ်ရေးတရားရုံးက သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကုန်သွယ်ခွန် တိုးမြှင့် ကောက်ခံမှုများကို ပိတ်ပင်ခဲ့သည့်တိုင် အမေရိကန်နှင့် ကုန်သွယ်ရေး ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင် သွားမည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
တရားရုံး၏ ဆုံးဖြတ်ချက်သည် အမေရိကန်၏ ပြည်တွင်းရေးကိစ္စ တစ်ခုသာဖြစ်ပြီး ထရမ့်သည် ကုန်သွယ်ခွန် တိုးမြှင့်မှုကို မည်သို့ ဆက်လက် လုပ်ဆောင်မည်ဆိုခြင်းကို သေချာစွာ မသိရသေးကြောင်း ပေတုန်တန်က ပြောသည်။
မည်သို့ပင်ဆိုစေ ထိုင်းအစိုးရသည် အမေရိကန်နှင့်ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည့် အားထုတ် ကြိုးပမ်းမှုများကို ရပ်တန့်မည်မဟုတ်ဘဲ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပေတုန်တန်က မေလ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
မကြာသေးမီက မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေး၌ အမေရိကန်၏ သွင်းကုန်ခွန် စည်းကြပ်မှုကိစ္စကို ဒေသတွင်း ခေါင်းဆောင်များက ဆွေးနွေးခဲ့သည်ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
ပုံစာ- ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
အာဆီယံအဖွဲ့ဝင် နိုင်ငံများအားလုံးသည် လက်ရှိတွင် ထိုင်းနိုင်ငံကဲ့သို့ အမေရိကန်နှင့် ကုန်သွယ်ရေး ဆွေးနွေးမှု များ ပြုလုပ်ရန် အဆိုပြုထားပြီး အမေရိကန်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြကြောင်း ၎င်းက ဆိုသည်။
ထိုင်းနှင့် အမေရိကန်ကြား ကုန်သွယ်ရေး ဆွေးနွေးမှုများကို အမေရိကန် ကုန်သွယ်မှုတရားရုံး၏ စီရင်ချက် မချမီ ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပေတုန်တန်က ပြောသည်။
ကုန်သွယ်ခွန် တိုးမြှင့်သည့် ကိစ္စနှင်ပတ်သက်၍ ရက်ပေါင်း ၉၀ အတွင်း အမေရိကန်နှင့် သဘောတူညီမှုရရှိရန် မူဘောင် ချမှတ်ထားပြီး အစီအစဉ်များကို နှေးကွေးလေးလံစွာ လုပ်ဆောင်မည် မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် က ပြောသည်။
“ထိုင်းနဲ့ အမေရိကန်ကြားမှာ အလွတ်သဘော ဆက်သွယ် ဆွေးနွေးမှုတွေအတွက် လမ်းဖွင့်ထားဆဲ ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက နောက်ဆုံးရ အခြေအနေတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို မျှဝေနေကြပါတယ်” ဟု ပေတုန်တန်က ပြောသည်။
ထိုကဲ့သို့ ထိတွေ့ဆက်ဆံမှုများ ဆက်လက် ပြုလုပ်နေခြင်းသည် အပြုသဘောဆောင်သည့် လက္ခဏာတစ်ခု ဖြစ်ပြီး ဆက်သွယ်ရေးတွင် ပြတ်တောက်သွားသည့် အရိပ်လက္ခဏာများ မရှိကြောင်းလည်း ပေတုန်တန်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်