- By CNI
- Category: အားကစား
- Hits: 1105
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၉
ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီးနောက် မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဂါရတ်ဘေးလ်က အိမ်ကို ပြန်ရောက်နေသလို ခံစားနေရကြောင်း ပြောလိုက်ပါတယ်။
ဂါရတ်ဘေးလ်က “ ကျနော် ရောက်လာတဲ့အချိန်မှာ မယုံနိုင်စရာကောင်းတဲ့ ကြိုဆိုမှုတွေကို ရရှိခဲ့ပါတယ်။ အကောင်းဆုံး ကြိုတင် ပြင်ဆင်တာကတော့ ပွဲကစားတာပါ။ ကျနော် ပွဲတွေကစားချင်ပြီး လော့စ်အိန်ဂျလိစ် အသင်းကို ဆုဖလားတွေ ရယူ နိုင်အောင် ကြိုးစားပြီး ကူညီပေးချင်ပါတယ်။ ဒီအသင်းက ငယ်ရွယ်တဲ့ အသင်းဖြစ်လို့ လူငယ်ကစားသမားတွေကို ကူညီပေး ချင်တယ်။ အကြံဉာဏ်တွေ ပေးချင်ပါတယ်။ ပရော်ဖက်ရှင်နယ် စံနှုန်းအရ ကျနော် ဘာလုပ်လဲဆိုတာ မြင်ရမှာ ဖြစ်သလို သူတို့တွေကိုလည်း ကူညီဖို့ ကြိုးစားမှာပါ။ ဒီလိဂ်က ကြီးထွားလာတဲ့ လိဂ်ပါ။ ကျနော်နဲ့ ကျနော့် မိသားစုအတွက် သင့်တော် တယ်လို့ ခံစားခဲ့ရတဲ့ စိတ်လှုပ်ရှားစရာ အခွင့်အရေးတစ်ခုပါ”လို့ ESPN ကို ပြောခဲ့ပါတယ်။
ဂါရတ်ဘေးလ်ဟာ လော့စ်အိန်ဂျလိစ် အသင်းနဲ့ ၁ နှစ် စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ် ကုန်ဆုံးချိန်မှာ နောက်ထပ် ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့် ရှိနေပါတယ်။ ဂါရတ်ဘေးလ်ဟာ သောကြာနေ့က ကယ်လီဖိုးနီးယားကို ရောက်ရှိလာခဲ့ပြီး နာရီပိုင်း အကြာမှာ သူ့ရဲ့အသင်း လော့စ်အိန်ဂျလိစ်နဲ့ မြို့ခံပြိုင်ဘက် အယ်လ်အေဂလက်ဇီ အသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲကို တက်ရောက် ကြည့်ရှုခဲ့ပါတယ်။

ဝေးလ်စ်အသင်း ခေါင်းဆောင် ဂါရတ်ဘေးလ် (FOOTBALL)
ဂါရတ်ဘေးလ်ဟာ ဝေးလ်စ်အသင်းကို ၁၉၅၈ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့ပြီးနောက် အသင်းသစ် ရှာဖွေခဲ့တာပါ။ ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ ကာဒစ်ဖ်အသင်း အပါအဝင် အသင်း အများအပြားက ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမယ့် ဂါရတ်ဘေးလ်ကတော့ အမေရိကန် မေဂျာလိဂ်မှာ သွားရောက်ကစားဖို့ ဆုံးဖြတ်ခဲ့ပြီး လော့စ်အိန်ဂျလိစ် အသင်း ကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပါတယ်။
ဂါရတ်ဘေးလ် လာရောက်ကြည့်ရှုတဲ့ ပွဲမှာ လော့စ်အိန်ဂျလိစ် အသင်းဟာ အယ်လ်အေဂလက်ဇီ အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လော့စ်အိန်ဂျလိစ် အသင်းဟာ ဒီနိုင်ပွဲကြောင့် မေဂျာလိဂ် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင် နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ အီတလီအသင်းနဲ့အတူ ယူရိုချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ဝါရင့်နောက်ခံလူ ချီလီနီကလည်း လော့စ်အိန်ဂျလိစ်အသင်း လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ပါဝင် မကစားခဲ့ရပါဘူး။
လော့စ်အိန်ဂျလိစ် အသင်းဟာ လာမယ့် ပွဲစဉ်တွေအဖြစ် နက်ရှ်ဗီလီ၊ ကန်နတ်စ်စီးတီး အသင်းတို့နဲ့ အဝေးကွင်းမှာ သွား ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1678
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၉
ဆွစ်ဇာလန်မှာ လိမ်လည်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ ဖီဖာဥက္ကဋ္ဌဟောင်း ဘလတ္တာနဲ့ ဒုဥက္ကဋ္ဌဟောင်း ပလာတီနီတို့မှာ အပြစ် မရှိကြောင်း တွေ့ရှိခဲ့ရတဲ့အတွက် တရားရုံးက တရားသေ ပြန်လွှတ်ပေးခဲ့တယ်လို့ ဘီဘီစီ အင်္ဂလိပ်ပိုင်းမှာ ဖော်ပြထားပါ တယ်။
ဘလတ္တာဟာ ၂၀၁၁ က ပလာတီနီထံ ပေါင် ၁.၆ သန်း ပေးချေမှုအတွက် ရုံးတင် စစ်ဆေးခံခဲ့ရပါတယ်။ နှစ်ဦးစလုံးက ဒါကိုငြင်းဆိုထားပြီး ဖီဖာအတွက် ပလာတီနီ လုပ်ဆောင်ပေးခဲ့တဲ့ အကြံပေးအလုပ်အတွက် နောက်ကျမှ ပေးချေခဲ့တဲ့ ငွေသာ ဖြစ်တယ်လို့ ပြောပါတယ်။
အသက် ၈၆ နှစ်အရွယ်ရှိ ဘလတ္တာနဲ့ ၆၇ နှစ်အရွယ်ရှိ ပလာတီနီတို့ဟာ ၂၀၁၅ က ဘောလုံးလောက ကနေ ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပြီး မနှစ်က နိုဝင်ဘာလမှာ စွဲချက်တင် ခံခဲ့ရပါတယ်။
ပလာတီနီက “ ၇ နှစ်ကြာ လိမ်လည်ခြယ်လှယ်အပြီး နောက်ဆုံးမှာ တရားမျှတမှု ပြီးမြောက်သွား ပြီဖြစ်တဲ့အတွက် ကျနော့်ရဲ့ ချစ်ရသူတွေ အားလုံးအတွက် ပျော်ရွှင်မှုကို ဖော်ပြချင်ပါတယ်။ ဒီတရားခွင်အတွင်းမှာ အမှန်တရားက ပေါ်ပေါက်လာခဲ့ပြီး သူတို့ရဲ့ လွတ်လပ်စွာ ဆုံးဖြတ်မှုအတွက် ခုံရုံးတရားသူကြီးတွေကို ကျေးဇူးတင်ပါတယ်။ ကျနော့်ရဲ့ တိုက်ပွဲက မတရားမှုကို တိုက်ဖျက်တာဖြစ်ပြီး ပထမပွဲမှာ အနိုင်ရခဲ့ပါပြီ။ အရှုံးမပေးဘဲ အမှန်တရားကို ရှာဖွေဖို့ ဆက်သွားကြမှာ ဖြစ်တဲ့အတွက် ပြန် တွေ့ဆုံကြမယ်”လို့ ပြောခဲ့ပါတယ်။

ပလာတီနီကိုတွေ့ရစဉ် (Insider)
ပလာတီနီဟာ ကစားသမားဘဝမှာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပြီး ဘောလွန်းဒီအော ၃ ကြိမ် ရယူနိုင်ခဲ့တာပါ။ သူ ဟာ ပြင်သစ်အသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့စဉ် ၁၉၈၄ ဥရောပချန်ပီယံဖလား ရရှိအောင် ဦးဆောင်နိုင်ခဲ့ ပါတယ်။
ဒီနောက်မှာတော့ လက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ်လည်း ဆောင်ရွက်ခဲ့ပြီး ၂၀၀၇ မှာ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ဖြစ်လာ ခဲ့ပါတယ်။ ဖီဖာ ကျင့်ဝတ်ကော်မတီက သူ့ရဲ့ အမူအကျင့်ကို စုံစမ်းတဲ့ အချိန်မှာ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌရာထူးကနေ နုတ် ထွက်ခဲ့တာပါ။
စီရင်ချက်ချပြီးနောက် ဘလတ္တာက “ကျနော် အေးအေးဆေးဆေး နေတော့မှာပါ။ ဘာကြောင့်လဲဆိုရင် ၇ နှစ်တာ ကာလ အတွင်းမှာ တရားရုံးက အမှုဖွင့်ထားတဲ့အတွက် အမြဲတမ်း ဖိအားပေးခံနေရပါတယ်။ အခု ပြီးဆုံးသွားပြီဆိုတော့ ကျနော်ပျော် နေပါတယ်။ နိုင်ငံတကာ ဘောလုံးလောကအတွက်လည်း ပျော်ပါတယ်။ ဒါဟာ တရားမျှတမှု၊ ကျနော့်ရဲ့ အောင်ပွဲပါပဲ”လို့ ပြောခဲ့ပါတယ်။
ဘလတ္တာဟာ ၁၉၇၅ မှာ ဖီဖာကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ၁၉၈၁ မှာ အထွေထွေအတွင်းရေးမှူး ဖြစ်လာကာ ၁၉၉၈ က စတင်ပြီး ဥက္ကဋ္ဌတာဝန်ကို ယူခဲ့ရတာပါ။ ဘလတ္တာဟာ ဖီဖာဥက္ကဋ္ဌရာထူးကို ၁၇ နှစ်ကြာ ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1409
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၉
ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဗြိတိန်တင်းနစ်သမား နော်ရီကို အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
နော်ရီဟာ အိမ်ကွင်းပရိသတ်တွေရှေ့မှောက်မှာ ဂျိုကိုဗစ်ကို အနိုင်ရဖို့ ကြိုးစားခဲ့ပေမယ့် ဆားဘီးယား ကစား သမားကပဲ ၂-၆၊ ၆-၃၊ ၆-၂၊ ၆-၄ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။ဂျိုကိုဗစ်အတွက်တော့ ၄ ကြိမ် ဆက်တိုက်နဲ့ စုစုပေါင်း ၇ ကြိမ်မြောက် ဝင်ဘယ်လ်ဒန်ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် ဗိုလ်လုပွဲမှာ သြစတြေးလျ တင်းနစ်သမား ဂရိုင်ဂျီယို့စ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ဂျိုကိုဗစ်အနေနဲ့ ဒီပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ဂရမ်းဆလမ်း ချန်ပီယံဆု ၂၁ ကြိမ်နဲ့ ရာဖေးလ်နာဒယ်လ်ရဲ့နောက် ၁ ကြိမ်သာ ကွာဟတော့မှာပါ။
ဂရမ်းဆလမ်းချန်ပီယံဆု ၂၂ ကြိမ်ရထားတဲ့ ရာဖေးလ်နာဒယ်လ်ဟာ ဝမ်းဗိုက်ဒဏ်ရာကြောင့် ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ဂျိုကိုဗစ်အနေနဲ့ ရာဖေးလ်နာဒယ်လ် နဲ့ ဂရမ်းဆလမ်းကွာဟမှုကို လျှော့ချနိုင်ဖို့ အခွင့်အရေးရှိနေတာပါ။

ဂျိုကိုဗစ်က “နော်ရီဟာ ထူးချွန်တဲ့ ကစားသမားဖြစ်ပြီး သူ့ကို ကျနော်လေးစားမှုအများကြီး ရှိပါတယ်။သူဟာ ဒီ ကစားပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် ဒုတိယပွဲမှာ သူစပေးဘောလွဲချော်သွားခဲ့လို့ ကျနော်ကံကောင်းသွားခဲ့တာ ပါ။သူက ကျနော့်ကို လက်ဆောင်ပေးခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ ကျနော့်ရဲ့ အရှိန်အဟုန် ပြောင်းသွားတယ်လို့ ထင်ပါတယ်။ဂရမ်းဆလမ်းရဲ့ ဆီမီးဖိုင်နယ်မှာ ဒီလိုမျိုးတွေက ဖြစ်တတ်ပါတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဂျိုကိုဗစ်အတွက် ဝင်ဘယ်လ်ဒန်အိုးပန်းဗိုလ်လုပွဲဟာ သူ့ရဲ့ကစားသမားဘ၀ ၃၂ ကြိမ်မြောက် ဂရမ်းဆလမ်း ဗိုလ်လုပွဲဖြစ်ပြီး ဖက်ဒဲရားရဲ့စံချိန်ကို ၁ ပွဲအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။ “ကျနော့်မှာ ဂရမ်းဆလမ်း ဆီမီးဖိုင်နယ် တွေ အများကြီးရှိခဲ့ပါတယ်။ဒါပေမယ့် ကွင်းထဲကနေ ထွက်ခွာဖို့ဆိုတာ ဘယ်တော့မှ မလွယ်ကူခဲ့ပါဘူး။ ကိုယ့်ကို ကိုယ်ရော အခြားသူတွေဆီကပါ ဖိအားတွေနဲ့ မျှော်လင့်ချက်တွေ အများကြီးရှိပါတယ်။ပွဲအစပိုင်းမှာ ခက်ခဲခဲ့ပေ မယ့် နောက်ပိုင်းမှာ အရာအားလုံးပြောင်းလဲသွားခဲ့ပါတယ်။အခု ကျနော့်အလုပ်တွေ မပြီးဆုံးသေးပါဘူး”လို့ ဂျိုကိုဗစ်က ပြောခဲ့ပါတယ်။
ဂျိုကိုဗစ်နဲ့ ဂရိုင်ဂျီယို့စ်တို့ရဲ့ ဝင်ဘယ်လ်ဒန်အိုးပန်းဗိုလ်လုပွဲကို ဇူလိုင်လ ၁၀ ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1059
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈
ဂျိတ်ပေါလ်နဲ့ လာမယ့်လ အမေရိကန်မှာ ထိုးသတ်ဖို့အတွက် တွမ်မီဗျူရီရဲ့နေရာမှာ ဟာဆင်ရာမန်က အစား ထိုးဝင်ရောက်သွားမှာဖြစ်ပါတယ်။
တွမ်မီဗျူရီဟာ ဂျိတ်ပေါလ်နဲ့ သြဂုတ်လ ၆ ရက် နယူးယော့ခ်မှာ ထိုးသတ်ဖို့ စီစဉ်ထားပေမယ့် အမေရိကန်နိုင်ငံ ထဲကို ဝင်ရောက်ခွင့် ငြင်းပယ်ခြင်းခံခဲ့ရတာပါ။တွမ်မီဗျူရီဟာ ခရီးသွားလာမှုပြဿနာကို ဖြေရှင်းဖို့ သတ်မှတ် ထားတဲ့ နောက်ဆုံးရက်မတိုင်ခင်အထိ မဖြေရှင်းနိုင်ခဲ့ဘူးလို့ ဂျိတ်ပေါလ်က ပြောခဲ့ပြီးနောက် တစ်ရက်အကြာမှာပဲ ဟာဆင်ရာမန်က တွမ်မီဗျူရီနေရာ အစားဝင်ထိုးသတ်ဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဟာဆင်ရာမန်ဟာ ပွဲပေါင်း ၁၃ ပွဲထိုးသတ်ထားခဲ့တာမှာ ၁၂ ပွဲအနိုင်ရခဲ့ပြီး ၆ ပွဲကို အလဲထိုးနဲ့အနိုင်ရခဲ့တဲ့သူပါ။ တွမ်မီဗျူရီဟာ ဂျိတ်ပေါလ်ကို ကြားနေနိုင်ငံတစ်နိုင်ငံမှာ ထိုးသတ်ဖို့ ပြောခဲ့ပေမယ့် ဂျိတ်ပေါလ်က “မတိုက်ခိုက် ချင်လို့လား ဒါမှမဟုတ် စီးပွားရေးကို နားလည်တာလား ကြောက်နေတဲ့ ကောင်လေး” ဆိုပြီး ပြန်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ဒါ့အပြင် ဗြိတိန်မှာ ထိုးသတ်ဖို့အတွက် တွမ်မီဗျူရီကို ဒေါ်လာ ၅ သိန်းပေးမယ်လို့ ထပ်မံပြောခဲ့တာပါ။

ဒီအချိန်မှာ တွမ်မီဗျူရီက “ဒေါ်လာ ၅ သိန်းကြောင့် ခင်ဗျားနဲ့ထိုးသတ်ဖို့ အိပ်ရာကနေထမှာတောင် မဟုတ်ပါဘူး။ လေးလေးနက်နက်စကားပြောဖို့ အဆင်သင့်ဖြစ်တယ်ဆိုရင် ခင်ဗျားကျနော့်ကို အသိပေးလိုက်ပါ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ဒီတစ်ကြိမ်နဲ့ဆို သူတို့နှစ်ဦး ထိုးသတ်ဖို့ စီစဉ်တာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမတစ်ကြိမ်တုန်း ကလည်း တွမ်မီဗျူရီ ဒဏ်ရာရနေတာကြောင့် ပွဲပျက်ခဲ့တာပါ။
Youtube ကြယ်ပွင့်ဖြစ်တဲ့ ဂျိတ်ပေါလ်ဟာ ၂၀၂၀ မှာ ပရော်ဖက်ရှင်နယ်လက်ဝှေ့ပွဲ စတင်ထိုးသတ်ခဲ့တာဖြစ်ပြီး ၅ ပွဲထိုးသတ်ထားခဲ့တာမှာ ၅ ပွဲစလုံးအနိုင်ရခဲ့ပြီး ၄ ပွဲကို အလဲထိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။တိုင်ဆန်ဗျူရီနဲ့ အမျိုးတော်တဲ့ တွမ်မီဗျူရီကတော့ ပရော်ဖက်ရှင်နယ်လက်ဝှေ့ပွဲပေါင်း ၈ ပွဲထိုးသတ်ခဲ့ရာ ၈ ပွဲစလုံး နိုင်ပွဲရရှိ ထားတာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1546
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈
ရော်နယ်ဒိုဟာ မိသားစုပြဿနာကြောင့် ထိုင်း၊သြစတြေးလျထံ ရာသီကြိုခြေစမ်းခရီးသွားရောက်မယ့် မန်ချက် စတာယူနိုက်တက်အသင်းနဲ့အတူ လိုက်ပါနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုထားပြီး သူ့ရဲ့ မန်ချက်စတာ ကလပ် အနာဂတ်ဟာ မသေချာမှုတွေ ရှိနေတာပါ။
ပေါ်တူဂီကစားသမားဟာ တနင်္လာနေ့ကစပြီး အသင်းနဲ့လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ပြန်လာရမှာဖြစ်ပေမယ့် အခုအချိန်ထိ မိသားစုအကြောင်းပြချက်နဲ့ လေ့ကျင့်မှုတွေ လာရောက်ပြုလုပ်ခဲ့ ခြင်းမရှိသေးပါဘူး။အဲဒါကြောင့် ရာသီကြိုခြေစမ်းပွဲကစားဖို့ ခရီးထွက်မယ့် မန်ချက်စတာယူနိုက်တက် လူစာရင်း မှာ ရော်နယ်ဒိုမပါဝင်တော့တာပါ။
မန်ချက်စတာယူနိုက်တက်ကတော့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တဲ့ ရော်နယ်ဒိုကို ရောင်းချသွားမှာ မဟုတ်ဘူးလို့ ပြောထားတာဖြစ်ပါတယ်။
မန်ချက်စတာကလပ်ဟာ ဇူလိုင် ၁၂ ရက် ဘန်ကောက်မှာ လီဗာပူးလ် အသင်း၊ မဲလ်ဘုန်းမှာ ဇူလိုင် ၁၅ ရက် မဲလ်ဘုန်းဗစ်ထရီ၊ ဇူလိုင် ၁၉ ရက် ပဲလေစ့်အသင်း၊ ဇူလိုင် ၂၃ ရက် ပါ့ချ်မှာ ဗီလာအသင်းနဲ့ ယှဉ်ပြိုင်မှာပါ။ရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒတ်စ်ဟာ ကစားသမားရဲ့ အပြောင်းအရွှေ့ အတွက် အသင်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်နွေရာသီကမှ မန်ချက်စတာယူနိုက်တက်ထံ ပြန်ရောက်ရှိလာတဲ့ ရော်နယ်ဒိုဟာ ပြိုင်ပွဲစုံ ၂၄ ဂိုးသွင်း ယူပြီး အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တာပါ။
ဒါပေမယ့် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာရပ်တည်ကာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးပြီး ယူရိုပါလိဂ်သာ ဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ကစားချင်ပြီး ဆုဖလားတွေရယူနိုင်ဖို့ ရည်မှန်းချက်ကို မန်ချက် စတာယူနိုက်တက် မဖြည့်ဆည်းပေးနိုင်ဘူးလို့ ယုံကြည်နေခဲ့တာပါ။
အဲဒါကြောင့်လည်း သင့်တော်တဲ့ ကမ်းလှမ်းမှုရရင် သူ့ကို ထွက်ခွာခွင့်ပေးဖို့ ရော်နယ်ဒိုက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်က ရော်နယ်ဒိုကို ထွက်ခွာခွင့်ပြုခဲ့မယ်ဆိုရင်တောင် ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းကြီးတွေဆီ ရောင်းချသွားမှာမဟုတ်ဘူးလို့ ပြောထားတာပါ။ဒါပေမယ့် လက်ရှိအချိန်မှာ ရော်နယ်ဒိုကိုခေါ်ယူဖို့ ချယ်လ်ဆီးအသင်းက ရေပန်းစားနေတယ်လို့ အားကစားသတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိအပြောင်းအရွှေ့ဈေးကွက်မှာ ဘယ်နောက်ခံလူ မာလာစီယာ တစ်ဦးတည်းကိုသာ ခေါ်ယူထားနိုင်ပြီး သဘောတူညီမှုရရှိထားတဲ့ အဲရစ်ဆန်ရဲ့အပြောင်းအရွှေ့ကိုလည်း အမြန်ဆုံးအပြီးသတ်နိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 1087
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈
ရုရှားနိုင်ငံမှာ အကျဉ်းကျနေတဲ့ အမေရိကန်ဘတ်စကတ်ဘောကြယ်ပွင့် ဘရစ်တနီဂရိုင်နာဟာ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနဲ့ မှောင်ခိုမှုတွင် အပြစ်ရှိကြောင်း တရားခွင်မှာ ဝန်ခံလိုက်ပါတယ်။ဒါပေမယ့် ဒီလိုပြစ်မှု ကျူးလွန်ဖို့တော့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောခဲ့ပါတယ်။
ဘရစ်တနီဂရိုင်နာက “ အပြစ်ကို ဝန်ခံချင်ပါတယ်။ဒါပေမယ့် ရည်ရွယ်ချက်တော့ မရှိပါဘူး။ဥပဒေကိုလည်း မချိုးဖောက်ချင်ပါဘူး။နောက်မှ သက်သေပြချင်ပါတယ်။အဲဒီအတွက် ပြင်ဆင်ဖို့ အချိန်လိုပါတယ်”လို့ ထွက်ဆို ခဲ့တာဖြစ်ပါတယ်။
ဘရစ်တနီဂရိုင်နာဟာ မော်စကိုမြို့ရှိ လေဆိပ်တစ်ခုတွင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်က ဆေးခြောက်ဆီတွေ ပါဝင်တဲ့အရာတွေကို သူ့ရဲ့ ခရီးဆောင်အိတ်အတွင်းမှာ တွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြစ်မှု ထင်ရှားခဲ့ရင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်တာလည်း ဖြစ်ပါတယ်။

ကြာသပတေးနေ့ ကြားနာမှုမပြုလုပ်ခင် ဘရစ်တနီဂရိုင်နာဟာ အနီရောင်တီရှပ်နဲ့ ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး ရုရှားရဲတွေက သူ့ကို လက်ထိပ်ခတ် ကာ ခေါ်ဆောင်သွားခဲ့တာပါ။သူမရဲ့ ရှေ့နေဖြစ်သူကတော့ သက်ညှာမှုအရှိဆုံး စီရင်ချက်ချဖို့ မျှော်လင့်ကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဘရစ်တနီဂရိုင်နာ လွတ်မြောက်နိုင်ဖို့အတွက် တတ်နိုင်သမျှအကောင်းဆုံး လုပ်ဆောင်နေကြောင်းကို သူ့ရဲ့ ဇနီးဖြစ်သူ ချီရယ်လ်ဂရိုင်နာကို ပြောဆိုခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန် ထားတာပါ။
ဘရစ်တနီဂရိုင်နာကလည်း ဘယ်တော့မှ အိမ်ပြန်မလာရတော့မှာကို စိုးရိမ်မိကြောင်း လက်ရေးနဲ့ စာရေးသားကာ သမ္မတ ဂျိုးဘိုင်ဒန်ထံ အကူအညီတောင်းခံထားတာဖြစ်ပါတယ်။
ဘရစ်တနီဂရိုင်နာရဲ့ လာမယ့်တရားရုံးကြားနာမှုကို ဇူလိုင်လ ၁၄ ရက် ချိန်းဆိုထားပြီး သူမရဲ့ ချုပ်နှောင်ထားခွင့် ကို ဒီဇင်ဘာ ၂၀ ရက်အထိ ခွင့်ပြုထားတယ်လို့ သိရပါတယ်။
Source:Aljazeera.com
- By CNI
- Category: အားကစား
- Hits: 1506
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈
ရာဖေးလ်နာဒယ်လ်ဟာ ဝမ်းဗိုက်ဒဏ်ရာကြောင့် ဂရိုင်ဂျီယို့စ်နဲ့ ယှဉ်ပြိုင်ရမယ့် ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ကနေ နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ စပိန်ကစားသမားဟာ တေလာဖရစ်ဇ်နဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ကုသမှု ခံယူခဲ့ရပေမယ့် အဆုံးထိကစားကာ နိုင်ပွဲရယူနိုင်ခဲ့တာပါ။
“ကျနော့်ရဲ့ ကစားသမားဘဝမှာ အကြိမ်ပေါင်းများစွာ ကြိုးစားပြီး လုပ်ဆောင်ခဲ့ပေမယ့် ဒဏ်ရာက ပိုပြီး ဆိုးလာတော့မယ် ဆိုတာ သိသာလာပါတယ်”လို့ နာဒယ်လ်က ပြောခဲ့ပါတယ်။
စပိန်ကစားသမား နုတ်ထွက်ခဲ့တာကြောင့် ဂရိုင်ဂျီယို့စ်ဟာ အလိုအလျောက် ဝင်ဘယ်လ်ဒန် အိုးပန်းဗိုလ်လုပွဲကို တက်နိုင်ခဲ့ တာပါ။
နာဒယ်လ်ဟာ ဝမ်းဗိုက်ကြွက်သား နာကျင်မှုကြောင့် ငိုကြွေးခဲ့ရကြောင်းလည်း အတည်ပြုခဲ့ပါတယ်။ ဂရမ်းဆလမ်း ချန်ပီယံ ဆု ၂၂ ကြိမ် ရရှိထားတဲ့ ရာဖေးလ်နာဒယ်လ်ဟာ ဆီမီးဖိုင်နယ်ပွဲအတွက် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ဆုံးမှာ ပြိုင်ပွဲက နုတ်ထွက်ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားခဲ့တာပါ။
နာဒယ်လ်က “ ကျနော် တစ်နေ့လုံး ဆုံးဖြတ်ချက်ချဖို့အကြောင်း တွေးနေခဲ့ပါတယ်။ ဆက်ကစားဖို့ အဓိပ္ပါယ်မရှိဘူးလို့ ကျနော်ထင်ပါတယ်။ ဒီလိုပြောရတာကိုက အလွန်ဝမ်းနည်းရပါတယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

နာဒယ်လ်ဟာ တေလာဖရစ်ဇ်နဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ရဲ့ ၄ ပွဲမြောက်မှာ ဝမ်းဗိုက်ဖိပြီး နာကျင်မှု ခံစားနေရတာကို မြင်တွေ့ခဲ့ရတာပါ။
အဲ့ဒါကြောင့် ပွဲချိန်အတွင်း ဆေးကုသချိန် ကုန်ဆုံးသွားခဲ့တာမှာ ဒီပြိုင်ပွဲကနေ ထွက်လိုက်ဖို့ ဖခင်နဲ့ ညီမဖြစ်သူက အချက်ပြ ခဲ့ပေမယ့် နာဒယ်လ်က ဒါကို လျစ်လျူရှုပြီး အဆုံးထိ ယှဉ်ပြိုင်ကာ နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဝင်ဘယ်လ်ဒန် အိုးပန်း ချန်ပီယံဆုကို ၂ ကြိမ် ရရှိထားတဲ့ ရာဖေးလ်နာဒယ်လ်ဟာ အခုနှစ်မှာ သြစတြေးလျအိုးပန်းနဲ့ ပြင်သစ်အိုးပန်းမှာ အနိုင် ရထား ပြီး လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပါတယ်။
ဝင်ဘယ်လ်ဒန် အိုးပန်းဗိုလ်လုပွဲ တက်ခဲ့တဲ့ ဂရိုင်ဂျီယို့စ်ကတော့ နာဒယ်လ်ရဲ့ ကျန်းမာရေး အမြန်ဆုံး ပြန်ကောင်းလာဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
“ရာဖေးလ်နာဒယ်လ်ရေ ခင်ဗျား အမြန်ဆုံး ပြန်ကောင်းလာဖို့ ကျနော်မျှော်လင့်ပါတယ်။ မကြာခင်မှာ ကျန်းကျန်းမာမာနဲ့ ပြန်တွေ့ကြမယ်။ နောက်တစ်ကြိမ် တွေ့ဆုံကြမယ်”လို့ ဂရိုင်ဂျီယို့စ်က သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားထားတာပါ။
ဂရိုင်ဂျီယို့စ်ဟာ ဂျိုကိုဗစ်နဲ့ နော်ရီတို့ ပွဲစဉ်က အနိုင်ရတဲ့သူနဲ့ အခုလာမယ့် တနင်္ဂနွေနေ့မှာ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
Source: BBC/Metro
- By CNI
- Category: အားကစား
- Hits: 1619
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇
ရုရှားနွယ်ဖွား ရိုင်ဘာကီနာက ယူကရိန်းစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်စေချင်တယ်လို့ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲ ဆီမီးဖိုင်နယ် တက်ရောက်ပြီးနောက် ပြောလိုက်ပါတယ်။
ရိုင်ဘာကီနာက “ယူကရိန်းမှာ ဖြစ်နေတဲ့ စစ်ပွဲကို အမြန်ဆုံး ပြီးဆုံးစေချင်ပြီး ငြိမ်းချမ်းရေး ရစေချင်တယ်”လို့ ပြောပါတယ်။
ကာဇက်စတန် ကိုယ်စားပြုထားတဲ့ ရိုင်ဘာကီနာဟာ သြစတြေးလျ တင်းနစ်မယ် တွမ်ယာနိုဗစ်ကို ၄-၆၊ ၆-၂၊ ၆-၃ နဲ့ အနိုင်ရခဲ့ ပြီး ဆီမီးဖိုင်နယ်မှာ ၂၀၁၉ ချန်ပီယံဖြစ်ခဲ့တဲ့ ရိုမေးနီးယား တင်းနစ်မယ် ဆီမွန်နာဟာလပ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ယူကရိန်းကို ကျူးကျော်တဲ့ လုပ်ရပ်ကြောင့် ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေကို ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားပါတယ်။ ရိုင်ဘာကီနာဟာ ဒီပွဲအပြီးမှာ ရုရှား ဒါမှမဟုတ် ကာဇတ်စတန်လို့ ခံစားရ သလားလို့ မေးမြန်းခြင်း ခံခဲ့ရပါတယ်။

ရိုင်ဘာကီနာ နဲ့ ပြိုင်ဘက် ကစားသမား နှုတ်ဆက်နေစဉ် (Yahoo Sports)
မော်စကို(ရုရှား)မှာ မွေးဖွားပြီး လွန်ခဲ့တဲ့ ၄ နှစ်ကမှ ရုရှားနိုင်ငံကနေ ကာဇတ်စတန်နိုင်ငံကို ပြောင်းခဲ့တဲ့ သူမအတွက်တော့ ဒါဟာ ခက်ခဲတဲ့ မေးခွန်းလို့ ဖြေခဲ့ပါတယ်။
ရိုင်ဘာကီနာက “ကျမက ရုရှားမှာ မွေးဖွားခဲ့ပေမယ့် ကာဇတ်စတန်ကို ကိုယ်စားပြုပါတယ်။ ဒါက ကျမအတွက် ခရီးအရှည် ကြီး ဖြစ်နေပါပြီ။ အရင်က အိုလံပစ်ပြိုင်ပွဲတွေ၊ Fed Cup ပြိုင်ပွဲတွေ ကစားခဲ့တယ်။ အကူအညီတွေရော အားပေး ထောက်ခံ မှုတွေ အများကြီး ရခဲ့ပါတယ်။ အခု ကျမ ခံစားနေရတာကို အတိအကျပြောဖို့ ခက်တဲ့မေးခွန်းပါပဲ”လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ရိုင်ဘာကီနာက “လူတိုင်းက ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ချင်ကြပါတယ်။ ဝင်ဘယ်ဒန်လို အကြီးမားဆုံး ပြိုင်ပွဲမှာ အားလုံးက ယှဉ်ပြိုင်ချင်ကြတာကြောင့် ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေအတွက် ကျမ ခံစားရပါတယ်။ လာမယ့်နှစ်မှာတော့ ပုံမှန် အတိုင်း ပြန်ဖြစ်နိုင်ဖို့ ကျမ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။
ကမ္ဘာ့အဆင့် ၂၃ နေရာမှာ ရပ်တည်နေတဲ့ ရိုင်ဘာကီနာဟာ ကစားသမားဘဝ ပထမဆုံးအကြိမ် ဂရမ်းဆလမ်းပြိုင်ပွဲရဲ့ ဆီမီး ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1251
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇
မန်စီးတီးအသင်းတိုက်စစ်ကစားသမား စတာလင်ဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘော တူညီမှုရရှိသွားပြီဖြစ်ပါတယ်။
မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တဲ့ စတာလင်ကိုခေါ်ယူဖို့ အသင်းကြီး အများအပြားက စိတ်ဝင်စားခဲ့ကြတာပါ။၂၀၁၅ က လီဗာပူးလ်အသင်းကနေ ပေါင် ၄၉ သန်းနဲ့ ရောက်ရှိလာတဲ့ စတာလင်ဟာ မန်စီးတီးအသင်းအတွက် ၃၃၉ ပွဲပါဝင်ကစားထားကာ ၁၃၁ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီး အသင်း အနေနဲ့ စတာလင်ရဲ့အပြောင်းအရွှေ့ကို အပြီးသတ်ခဲ့မယ်ဆိုရင် ကစားသမားဟာ ပိုင်ရှင်သစ်တော့ဒ်ဘိုလီ လက်ထက် ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်လာမှာပါ။
အင်္ဂလန်ကစားသမားဟာ ချယ်လ်ဆီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းရရှိမှာဖြစ်ပြီး အသင်းရဲ့လုပ်ခလစာ အများဆုံး ကစားသမားဖြစ်လာမယ်လို့လည်း တယ်လီဂရပ်က ဖော်ပြခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ဟာ အပြောင်းအရွှေ့အပြီးသတ်ဖို့ လုပ်ဆောင်နေပြီး ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့အပြောင်းအရွှေ့ဖြစ်ဖို့ မျှော်လင့်နေတာပါ။လန်ဒန်ကလပ်ကတော့ လာမယ့်အပတ် ရာသီကြိုခရီးစဉ်အဖြစ် အမေရိကန်ကို မသွားရောက်ခင် အပြောင်းအရွှေ့အပြီးသတ်ချင်နေပြီး ကစားသမားကို အဲဒီ သွားမယ့်ခရီးစဉ်ရဲ့ လူစာရင်းထဲ ထည့်သွင်းချင်နေတာဖြစ်ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာက စတာလင်ကိုအသင်းမှာ ဆက်ထိန်းသိမ်းချင်နေပေမယ့် ကစားသမားကတော့ စိန်ခေါ်မှုအသစ်တွေနဲ့အတူ ပုံမှန်ကစားခွင့်ရနိုင်မယ့် ချယ်လ်ဆီးအသင်းကိုသွားဖို့ ရွေးချယ်ခဲ့တာပါ။
စတာလင်ဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားအပါအဝင် ဆုဖလား အများအပြားကို ရယူထားနိုင်ပေမယ့် ချန်ပီယံ လိဂ်ဖလားမရဖူးသေးတာကြောင့် ဒီဆုဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
စတာလင်ဟာ ဂွာဒီယိုလာ မန်စီးတီးအသင်းကို ကိုင်တွယ်တဲ့ ၂၀၁၆ ကတည်းက မန်ချက်စတာကလပ်မှာ သူ့ထက်ဂိုးပိုသွင်း နိုင်တဲ့ ကစားသမားအဖြစ် အဂွေရို တစ်ဦးတည်းသာ ရှိခဲ့တာပါ။
ချယ်လ်ဆီးအသင်းနည်းပြ တူချယ်လ်ဟာ အင်တာမီလန်အသင်းထံ လူကာကူ ရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့ သွားခဲ့ပြီးနောက် တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ အဓိကထားဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းထားတဲ့ ရော်နယ်ဒိုနဲ့လည်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1607
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇
အင်္ဂလန်အသင်းဟာ အမျိုးသမီးယူရိုပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် သြစတြီးယားအသင်းနဲ့ ကစားခဲ့ရာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
အိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ ပရိသတ်ပေါင်း ၆၈,၈၇၁(ခြောက်သောင်းရှစ်ထောင်ရှစ်ရာခုနှစ်ဆယ့်တစ်) ဦးရေ စံချိန်တင်တက်ရောက်ကြည့်ရှုခဲ့တာပါ။ ဒါဟာ အမျိုးသမီးယူရိုပြိုင်ပွဲသမိုင်းမှာ ပရိသတ်အများဆုံး ကြည့်ရှုတဲ့ ပွဲအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပြီး ဒီပွဲမှာ အင်္ဂလန်အတွက် တစ်လုံးတည်းသောသွင်းဂိုးကို ပွဲချိန် ၁၆ မိနစ်မှာ မိဒ်က သွင်းယူခဲ့တာပါ။ ဒီဂိုးဟာ အခုနှစ်အမျိုးသမီးယူရိုပြိုင်ပွဲရဲ့ ပထမဆုံးဂိုးဖြစ်ခဲ့ပြီး အင်္ဂလန်အသင်း အဖွင့်ပွဲမှာ အနိုင် ၃ မှတ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
“နိုင်ပွဲနဲ့စတင်ခဲ့တဲ့ အံသြစရာကောင်းတဲ့ညပါ။အသင်းအတွက် ဂိုးသွင်းပေးနိုင်လို့ အလွန်ပျော်ရွှင်နေပါတယ်။ ပရိသတ်တွေရဲ့အားပေးမှုအသံကို ကြားရတာကလည်း မယုံနိုင်စရာပါပဲ။နည်းပြရဲ့ပြောစကားကို မကြား နိုင်အောင်အထိ ပရိသတ်တွေရဲ့အားပေးမှုက ကျယ်လွန်းပါတယ်”လို့ အနိုင်ဂိုးရှင် မိဒ်က BBC Sport ကို ပြောခဲ့ပါတယ်။အင်္ဂလန်အမျိုးသမီးအသင်းနည်းပြ ဝီဂ်မန်းက သူတို့ ဒီထက်ပိုကောင်းအောင်လုပ်နိုင်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

ဝီဂ်မန်းက “ဒီရလဒ်နဲ့ ပတ်သက်ပြီး စိတ်ဆိုးစိတ်ပျက်စရာမရှိပါဘူး။ကျမတို့ ဒီထက်ပိုပြီးကောင်းမွန်အောင် လုပ်နိုင်တယ်လို့ ထင်ပါတယ်။ပထမဂိုးရအပြီးမှာ အခွင့်အရေးတွေအများကြီး ရရှိခဲ့ပါတယ်။ကျမတို့ ဒီထက် ဂိုးပိုသွင်းပြီး လွယ်ကူအောင်လုပ်ထားသင့်ပါတယ်။ပြိုင်ပွဲတစ်ခုရဲ့ပထမဆုံးပွဲဖြစ်တဲ့အတွက် အနိုင်ရဖို့နဲ့ ကောင်းမွန် စွာ စတင်နိုင်ဖို့က အလွန်အရေးကြီးပါတယ်”လို့ ပြောခဲ့ပါတယ်။
ဝီဂ်မန်းဟာ အင်္ဂလန်အသင်းမကိုင်တွယ်ခင် နယ်သာလန်အသင်းကို ယူရို ၂၀၁၇ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ကိုင်တွယ်နိုင်ခဲ့သူပါ။သူမကိုင်တွယ်ပြီးကတည်းက အင်္ဂလန်အသင်းဟာ ရှုံးပွဲမရှိသေးဘဲ ၁၅ ပွဲမှာ ၁၃ ပွဲ အနိုင် ရထားတာဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် လာမယ့် တနင်္လာနေ့မှာ နော်ဝေအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အင်္ဂလန်မှာ စတင်ကျင်းပနေတဲ့ အမျိုးသမီးယူရိုပြိုင်ပွဲကို ဇူလိုင်လ ၃၁ ရက်အထိကျင်းပသွားမှာဖြစ်ပြီး အသင်း ပေါင်း ၁၆ သင်းဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
Source:Metro
